ဟံသာဝတီ နေပြည်တော်၊ မင်းညီမင်းသား မှူးမတ်ဒေါဗညား စုံလင်ကျင်းပသော မင်းများညီလာခံ။
ဟံသာဝတီ ရွှေနန်းရှင် ဗြညားဓိရာဇာ မင်းတြားကြီးသည် သီဟာသနပလ္လင်တော်ကြီးပေါ်သို့ ထိုင်မိသည်နှင့် စတင်မိန့်ကြားတော်မူ၏ ။
"ငါတို့ရွှေမြို့တော်သို့ ကုန်းဘောင်တပ်များ ချဥ်းနင်းဝင်ရောက်ကြသည်မှာ ပြင်မြို့ကြီးသို့ တိုင်ခဲ့ပြီ။ ငါ့ညီ ဥပရာဇာ၊ ဗညားဒလ၊ သမက်တော် စောဗြတို့ကို အလုံးအရင်းနှင့် အပ်သော်လည်း ရွှေဘိုမင်းဘုန်းကို မလှန်နိုင်။ အသို့ပြုသင့်သနည်း"
အနီရောင်ဝတ်လုံနှင့် ဗညားဥပရာဇာ၊ အပြာရောင် မင်းသားဝတ်စုံ ဆင်ယင်ထားသော ဗညားဒလ၊ အစိမ်းရောင် ကိုယ်ဝတ်နှင့် စောဗြတို့ ငြိမ်နေကြရာ မျဥ်းတိုမျဥ်းရှည် နီစိမ်းရွှေတို့ ဝတ်ဆင်ထားသည့် စစ်သူကြီး တလပန်းက ခေါင်းပေါ်မှ မောက်ရူကို ချွတ်လျက် လက်ယာဘက်သို့ ချလိုက်ပြီး
"ဘုရားအရှင့်ကျွန်တော်မျိုးအား စစ်ရေးအလုံးစုံ လွှဲအပ်တော်မူပါ။ ဆင်ကောင်းမြင်းရင်း စိတ်ကြိုက်အုပ်ချုပ်ခွင့် ရပါမူ မြန်မာတပ်ကို အစုစုကွဲအောင် ကျွန်ုပ် တိုက်ဖျက်နိုင်ပါသည်။ ယခု ပြင်မြို့ကြီးသာ ကျ၍ အတွင်းအုတ်မြို့ကြီး ကျန်သောကြောင့် မျိုးရိက္ခာ လူသူလက်နက်ကိရိယာ ပြည့်စုံသည်ဖြစ်၍ ဆယ်နှစ်ပင် ရံသော်လည်း နေနိုင်ပါသည်။ မိုးကျလျင် မြန်မာတို့ ပြန်ရမည်မချွတ်။ ထို့ကြောင့် အရေးကို မျှော်တွေးနှောင့်နင်းရန် အကြောင်းမရှိပါ"
ဟု ရဲရဲဝံ့ဝံ့ လျှောက်တင်၏ ။ မဟာဥပရာဇာတို့က တလပန်းကို လှည့်ကြည့်ကြသည်။ တလပန်းက မျက်နှာအောက်ချလျက်သာ မင်းတရားကြီး အမိန့်တော်ကို ငံ့လင့်နေ၏ ။
"ကောင်းပြီ တလပန်း။ ကြိုက်ဆင်ကြိုက်မြင်း ယူ၍ မောင့်စိတ်တိုင်းကျ စီမံချေတော့။ ညီမောင်တို့ကလည်း ငါတို့စစ်သူကြီးအား ထောက်မကြပါ"
တလပန်း ကျေနပ်သွားသော်လည်း မဟာဥပရာဇာက သုရှင်ဘက် လှည့်ကာ
"တလပန်း လျှောက်သော အရေးမှာ ကောင်းသော်လည်း ကျွန်ုပ်တို့ကျန်သည့် လူစုနှင့် ပြင်မြို့ကြီးကို သိမ်း၍ အခိုင်နေသော မြန်မာတပ်များ၊ အုတ်မြို့ရိုးနှင့် ယှဥ်လျက် တည်လာသော တပ်ကြီးများ၊ အပြင်မှ ရံတပ်များ၊ ထို့ပြင် ဇေတုဝတီမြို့သစ် တပ်မကြီး စသည်တို့ကို ပြိုကွဲအောင် တိုက်မည်ဆိုသည်ကိုမူ စဥ်းစားသင့်ပါသည်"
ဗိုလ်မှူးတစ်ဦးဖြစ်သော စျေးငယ်ဗိုလ်ကလည်း
"ဇေတုဝတီကို စစ်သူကြီးကိုယ်တိုင် ဆင်လုံးမြင်းရင်းနှင့် အလစ်အငိုက် တိုက်သည်ကိုလျက် မရသေးတုံ၊ အထပ်ထပ် ရံလာသည့် ကုန်းဘောင်တပ်တို့ကို တံခါးမှထွက်၍ ပျက်အောင် တိုက်နိုင်ရန် အမှန်ပင် မလွယ်ကူချေ။ မြန်မာတို့တွင် ဗိုလ်ပြုလာသူမှာ အလောင်းမင်းနှင့် ထပ်တူ ဆိုကြသည်။ လုပ်ရည်ကြံရည် အကွပ်အကဲ၌ တလပန်း ချက်တဖြုတ်တိုက်သည်ကိုပင် ခံနိုင်အောင် ခံသသူ။ သူ၏ လူများမှာလည်း ဘီလူးသဘက်များဟု မြို့သားတို့ ပြောဆိုနေကြသည်။ သည်အရေးကို ကျွန်တော်မျိုးတို့ အဖန်ဖန် တိုင်ပင်သင့်ပါသည်ဘုရား"
"ကျွန်ုပ်ကတော့ တလပန်းကိုသာ အပ်၍ လုပ်ကြံစေချင်ပါသည်။ သူတို့အလုပ်အကြံကို စောင့်နေလျင် သန်လျင်ထုံး ရောက်ရပါလိမ့်မည်။ သင့်လူတို့ မြို့တက်ကြသည်မှာ တစ်ကြိမ်တစ်မျိုး မရိုးမထပ် အကြံအစည် များလှသည်။ စောင့်ကြိုက်နေသင့်သည့် အရာမဟုတ်ပါ"
ညီတော် ဗညားဒလ လျှောက်သဖြင့် မင်းကြီးက ခေါင်းညိတ်လေသည်။ တလပန်းသာလျင် စီရင်စေတော့ မိန့်ပြီး
"ရွှေဘိုတပ်များ၏ အချုပ် မည်သူနည်း၊ မင်းလှမင်းခေါင်လော"
ဟု မေးတော်မူသည်။ ဥပရာဇာက
"မုဆိုးခြုံဗိုလ် မင်းလှမင်းခေါင် မဟုတ်ပါ။ အရှေ့ဝင်းမှူး မင်းထင်နော်ရထာ ဖြစ်ပါသည်"
"ယင်းသည့်ဗိုလ် သူရဲဟု ဆိုသည်။ ငါ့လူများ ရအောင် မကြိုးနိုင်သလော"
တလပန်းက
"သင်းတစ်ယောက် အမှန်ပင် ကလိန်ဉာဏ်မြောက် ကွေ့ကောက်လှပါသည်။ အအုပ် အခံလည်း ပိရိ၍ ကျွန်ုပ် အကြိမ်ကြိမ် တိုက်သည်ကို လွတ်မြဲ လွတ်လေသည်။ စစ်ပွဲတွင် မရနိုင်သူကို ပရိယာယ်ဆင်၍ ဖမ်းသင့်ကြောင်း လျှောက်တင်ဝံ့ပါသည်ဘုရား"
"မောင်မင်းတို့ တတ်အားသရွေ့ ကြံပါလော့။ ရွှေတပ်တော်သားတို့ ဘီလူးနှင့်ဖက်ပြိုင်နေရသည်ဟု စိတ်ဝင်လျက် ရှိကြသည်ကို ဖြေဖျောက်၍ တစ်ရန်အေးကြောင်း လျှောက်တင်လာမည်ကို ငါ စောင့်နေတော်မူမည် မင်းများတို့"
"ကျွန်ုပ်၏ ဗိုလ် ဗညားတာနော၊ အင်းဝအမှုထမ်းဟောင်း တုလွှတ်ကျော်၊ မဟာ ဥပရာဇာတပ်မှ မရူ၊ ဗညားအဲ၊ ရွှေစက်တော်အောက် သူရဲ ဗညားရန်၊ စောဗြလူ ဒေါလွတ်၊ ဘယ်ကျော်ညီ မတ္တရာမွန် သမိန်လွတ် တို့ကို စေပါးသော် ရနိုင်မည် ထင်မြင်မိပါသည်"
ညီလာခံဝယ် အသံများ ထွက်လာသည်။ တလပန်း ပြောသောသူများမှာ ထွားကျိုင်းသန်မာသူ၊ လက်ရုံးကောင်းသူ၊ အပြီးအစီးလုံသူ၊ ယုံကြည်စိတ်ချ စေပါးနိုင်သူများချည်း။ သို့သော် သူတို့၏ အရှင်များမှာ သဘောထား ကွဲလွဲနေကြသည်။
အချို့က သူ့လူ ဘယ်ကျော်ကို ဘဇာကြောင့် မထည့်သနည်း ဟု တီးတိုးဝေဖန်၏ ။ ဘယ်ကျော်မှာ မင်းထင်နော်ရထာ၏ အဖက်မဟုတ်ဟု ကြားဖူးသူတို့ ဆိုသည်။ မင်းလှမင်းခေါင်ကိုသာ မနိုင်တာပါ၊ မင်းထင်နော်ရထာနဲ့ မဆုံဖူးပါဘူးဟု ပြောသူ ပြောကြရာ အမတ်တစ်ဦးက
"မင်းကြီးတို့ ဘယ်ကျော်ကို စစ်သူကြီးက သုံးရန် ရှိပုံရသည်ဟု သိရပါသည်"
ဆိုမှ စာရင်းထုတ်လိုက်ကြ၏ ။ မြန်မာသူရဲ တုလွှတ်ကျော် နေရာတွင် မဟာကြီးဆိုသူ သင့်၏ ဟုလည်း အချင်းချင်း ပြောနေကြသည်။ တုလွှတ်ကျော်မှာ မြင်းစီးကောင်း၍ မဟာကြီးက ဆင်စီးကောင်းသူရဲဖြစ်သည်။ မဟာပြောင်ဆိုသော စစ်ဆင်ကြီးကို အရက် ၃ မောင်းတိုက်၍ စီးလျင် ဗိုလ်ပါအများ ပျက်သောဟု ကြားရဖူး၏ ။
နောက်ဆုံးတွင် မြန်မာဗိုလ်မှူးကို ဖမ်းမိရန်အတွက် မရူ၊ ဒေါလွတ်၊ ဗညားအဲ၊ ဗညားတာနော၊ တုလွှတ်ကျော် ဟူသော သူရဲကျော် ငါးဦးကို လွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသူများကို ရွှေငွေအဝတ်ပုဆိုး စားကောင်းသောက်ဖွယ်အများ ပေးကာ စည်းစိမ်ခံစားစေ၍ အစီအရင်ကို ဟံသာဝတီမင်း ယောက်ဖတော် ဝန်ကြီး ဗညားဦး၊ ရွှေခွန်ဝန် ဗညားအရိန္ဒမတို့က ပြင်ဆင်ပေးရမည်ဖြစ်၏ ။
ဟံသာဝတီဘက်မှ ထိုသို့ ပြင်ဆင်နေကြချိန်တွင် မြန်မာတပ်များမှာ ပြင်မြို့ကြီးကို အခိုင်အမာ ခြေကုပ်ယူနိုင်ရန် ကြိုးပမ်းနေကြပြီး လက်ျာဘီလူးမှာမူ အတွင်းသစ္စာဖောက် လုပ်ကြံလိုသူများကို တစ်ဘက်မှ ဖော်ထုတ် ရှာဖွေနေလေ၏ ။
"မိလျင် အလျင်စလို မစီရင်နှင့်၊ တိုက်ပွဲ၌ သုံးရနိုင်သည်"
ဟု ဗိုလ်တွန်က ပြောသော်လည်း
"လက်ဦးအမှု လက်ဦးရှင်းထားမှ နောင် အရေးအရာကြုံလျင် စိတ်အေးရမည်။ ရှေ့ဓားနောက်ဓား ကြည့်နေရလျင် မှားနိုင်ပါသည် (ပျက်စီးဆုံးရှုံးရနိုင်သည်)"
ခံယူလျက် အဆောတလျင် စုံစမ်းနေ၏။ ဇေတုဝတီအရေးတွင် ပါသော တောင်သာဗိုလ်မှာ ပြေးလေပြီ။ ပြေးကြောင်းကို သိ၍ လိုက်ဖမ်းစေရာ ဟင်္သာတအနီး လှေသို့အဆင်းတွင် မြားမှန်၍ ဆုံးလေသည်။
နန္ဒသူ၏ သွေးသောက် ဝေရကျော်သာ ဆိုသူကိုလည်း ဖမ်းဆီးစစ်မေးရာ ဇေတုဝတီတွင် လုပ်ကြံမှု ပေါ်လာလေသည်။ သူတို့ အစီအစဥ်မှာ ဤသို့ဖြစ်၏ ။
တိုက်ပွဲဖြစ်လျင် လက်ျာဘီလူးသည် ရှေ့ဆုံးမှ လိုက်ပါကွပ်ကဲလိမ့်မည်။ သူ၏ တပ်များအနီးသို့ ပင်းဗိုလ် (နန္ဒသူ) ၏ တပ်၊ ဝေရကျော်သာတို့ တပ်များ ရောက်အောင်သွား၍ ရောရမည်။ ရန်သူကို တိုက်ရင်း အခါအခွင့် စောင့်၍ သေနတ်၊ ဓား၊ လှံ နီးသည့်အစုကို လက်ျာဘီလူးရှိရာ ပစ်ခတ်တိုက်ခိုက်စေမည်။
သို့ရာတွင် အကြီးအကဲများမှအပ အောက်လက်ငယ်သားတို့ အမှုကို မသိစေရ။ လုပ်ကြံရမည့် သူများသာ ရောနှောပစ်ခတ်ဟန် ပြုရင်း အပိုင်အခွင့်အရေးကို စောင့်၍ ပစ်ကြရမည်။ မြင်းနှင့် ကပ်ခုတ်မည့်သူတစ်ဦးလည်း ရှိသေးသည် ဆို၏ ။
မည်သည်ဗိုလ်များ အကြံနည်းဟုကား မဖြေ။ တံခါးဖွင့်မပေးရန် စေခိုင်းသော တောင်သာဗိုလ် ပါသည်ဟုသာ သိရသည်။ ပင်းဗိုလ်မှူး ပါသလား၊ ယင်းတောဗိုလ် ပါသလား၊ ထီးလင်းစော်ဘွား ပါသလား မေးရာတွင် မသိဟုသာ ဆိုလေသည်။
ပခုံးတွင် တုတ်တိုထိသော ဗိုလ်မှာ တကယ်တမ်း တောင်သာဗိုလ် ခိုင်း၍ လုပ်ရသူသာ ဖြစ်နေသည်။ နောက်မှ လိုက်သည့် ရွှေဘိုမြင်းသည်တို့မှာလည်း လက်ျာဘီလူး အမှန်ဖြစ်နိုင်ကြောင်း သိလျင် ပြန်ခဲ့ကြသည် ဆိုရာ အပြစ်မရှိ။ မင်းလှသီရိကတော့ သူ မသိပါဟု အခိုင်အမာ ငြင်းလေသည်။
မည်သို့ဆိုစေ ဇေတုဝတီတွင် တလပန်း လာတိုက်စဥ်က ရံတပ်များကို လှည့်လည်ကြပ်မတ်နေရာမှ ပြန်လာသော လက်ျာဘီလူးက လူစုစည်း၍ ခံတိုက်နှင့်သော မင်းလှမင်းခေါင်တို့ထံ လာရောက်ပူးပေါင်းစဥ် လမ်းခုလတ်ဝယ် ချောင်းမြောင်းလုပ်ကြံခံရသည်မှာ အမှန်ဖြစ်၏ ။
သူ့အား တိုက်ခိုက်လာသူများမှာ စစ်တန့်သွားပြီဖြစ်သော တလပန်း၏ မွန်စစ်သည်များ မဟုတ်၊ သူလာမည့် လမ်းပေါက်မှ စောင့်ကြို ပစ်ခတ်လိုက်သော မျက်နှာဖုံးဝတ် မြန်မာတပ်သားအချို့သာ ဖြစ်သည်။ တစ်ဘက်တွင် တိုက်ပွဲကြီး ဖြစ်နေပါလျက် မတိုက်မခိုက်ဘဲ မိမိအား ကြိုလင့်နေသဖြင့် လက်ျာဘီလူး ဒေါသထွက်ခဲ့ရ၏ ။
သို့သော် ယခုအခါ သူသည် အရေးရှင် ဖြစ်နေလေပြီ။ ဒေါသအလျောက် မဆင်မခြင် လိုက်လျင် ရန်သူအကြိုက် ဖြစ်သွားမည်ကို နားလည်သဖြင့် ပစ်ခတ်၍ တိုက်ပွဲထဲ ပြေးဝင်သူများနောက် စွန့်၍ မလိုက်၊ ယုံကြည်ရသော ဗိုလ်မှူး မင်းလှမင်းခေါင်ကိုသာ ရှာသည်။
တိုက်ပွဲကို ကြီးကြပ်နေသည့် ဗိုလ်တွန်နှင့် အခြေအနေကို ခေတ္တ သုံးသပ်ကြပြီးနောက် တလပန်းတပ်များ ရှေ့မတိုးနိုင်အောင် စုစုစည်းစည်း ခုခံထားပြီး နီးရာတပ်များ လူများ မြို့စောင့်များအားလုံး တိုက်ပွဲနေရာသို့ လာရောက်ကြရန် ဆင့်ခေါ်လိုက်၏ ။
အမှန်တော့ ဗိုလ်တွန်က တလပန်းကို သူ ရအောင်ခံမည်၊ မြို့စောင့်တပ်မှာ စောင့်မြဲစောင့်၊ ရံတပ်လည်း ရံမြဲရံစေ ဟု ဆိုကာ ဆင်တော်ကြိုးကြာကန်စီး၍ ထွက်သွားခြင်းပင်။ တကယ်လည်း တလပန်း၏ တိုက်စစ်ကို ဆင်ချင်းယှက်နင်းလျက် ခံထားနှင့်လေသည်။
သူ့တပ်အားလုံး၏ အခြေအနေကို သိသော လက်ျာဘီလူးကတော့ တလပန်းထွက်လာသမျှ တပ်ကူမပါ၊ အခြားက လှည့်တိုက်လာမည်လည်း ရံတပ်များကို ဦးစွာ ကျော်ရဦးမည်ဖြစ်၍ မြို့တွင်းမှ အရိပ်အယောင် မမြင်ခဲ့သောကြောင့် အနီးဝန်းကျင် တပ်များကို စိတ်ချလက်ချ ဆင့်ခေါ်လိုက်ခြင်းပင်။
အကယ်၍ အခြားတံခါးများမှ ဘယ်ကျော် သမိန်လွတ် စောဗြ စသူတို့ ထွက်လာပါကလည်း ခံနိုင်အောင် ခံထားရန်နှင့် မြင်းလျင်စေလွှတ် အကြောင်းကြားလျင် မိမိတို့ လှည့်ကူလာမည်ဖြစ်ကြောင်း ဆက်သားစေလွှတ်ထားလိုက်သည်။ သို့သော် မလိုမှန်း သူသိနေ၏ ။ တလပန်းနှင့် ပါသော ဆင်ကြီးမြင်းကြီးများမှာ ဟံသာဝတီမင်းထံတွင် အကြီးဆုံး အကောင်းဆုံး ဖြစ်ရမည်။
သို့ဆိုလျင် ညီတော် သမက်တော်များ မထွက်တန်ရာ။ မိမိကို ကြိုသော သေနတ်သားများကို ထောက်ချင့်သဖြင့်လည်း ဇေတုဝတီ အတွင်းလူပင် ဖြစ်ကြောင်း သုံးသပ်မိသည်။ သူသည် မွန်ဆင်များကို မြင်းတပ်ဖြင့် ပူးတုံခွာတုံပြု ပင်ပန်းစေလျက် ခြောက်ထုတ်နေသည့်ကြားမှ ဦးနှောက်ကို အစွမ်းကုန် အသုံးပြုကာ ရန်သူကို စစ်ထုတ်ရှာဖွေနေခဲ့၏ ။
မြင်းများကို လှည့်၍ ဆင်အုပ်ကို ဝိုင်းပတ်ကာ ငါးကြီးမျှားသလို လိုရာအရပ်သို့ ဆွဲခေါ်ပြေးလိုက် ဝိုင်းထိုးလိုက်နှင့် သွားကြခိုက် မည်သည့် အနှောင့်အယှက်မှ မတွေ့တော့။ အချင်းချင်း ဦးတည်မှုများ မကြုံရတော့။ တလပန်းသာ ပါသွားသော ဆင်အုပ်နောက် လိုက်လံပူးပေါင်းလျက် သူ၏ လူများကို အရပြန်ယူသွားသည်။ ဤနေရာတွင် တလပန်း မဟုတ်ခဲ့ပါက ဆင် ၁၀ စီးခန့် ကျကျန်ရစ်ပေလိမ့်မည်။
စစ်ရည်ဝနေသူ ဖြစ်၍သာ လက်ျာဘီလူး အသုံးပြုခဲ့သည့် နည်းအတိုင်း သူက မုန်တိုင်းဗဟိုတွင် နေသကဲ့သို့ အလယ်မှ ကွပ်ကဲလျက် သူ့တပ်များကို မုန်တိုင်းဝှေ့သလို လှည့်ရစ်စေပြီး ခရုပတ် ဆုတ်သွားကြသည်။ မွန်စစ်သည်တို့ ပို၍ ပင်ပန်းကြသော်လည်း အစည်းအလုံး မပျက်နိုင်တော့။ လက်ျာဘီလူးလည်း ရပ်ကြည့်နေခဲ့ရ၏ ။
"အဲဒါ ဘယ်သူလဲ"
အနားရောက်လာသော ဗိုလ်တွန်ကို မေးမှ
"တလပန်း ကွ။ ငါနဲ့ ဆင်ချင်းယှဥ်လိုက်ရတယ်"
"သြော်.. မထိုးလိုက်ရဘူးလား"
"အေး.. ဆင်ကူတွေ များတယ်၊ ကုန်းလယ်စီးနဲ့ နောက်ထိုင်တွေလည်း ကောင်းတယ်။ ကုန်းလယ်စီးတဲ့ လူထွားကြီးကို ငါမြင်ဖူးသလိုပဲ"
"ကျွန်တော် မမြင်လိုက်ဘူး ဦးတွန်"
"နောက်တော့ တွေ့ကြမှာပေါ့ကွာ"
(ဆက်ရန်..) ဟံသာဝတီသို့ (၁၄)
Written by သင်္ခရာဇာ
End date: June 20, 2022