လက်ျာဘီလူးက ငဖျော်တို့ကို ခေါ်၍ မသင်္ကာသူများကို ရှာ၏ ။ ရွာသူရွာသားများကိုလည်း မေးမြန်းစုံစမ်းကြ၏ ။ ရွာသားများက ခရီးသွားနှစ်ဦး လာသည်ဟု ဖြေကြသော်လည်း ယခုရွာတွင်မရှိ၊ ညနေကပင် ဆက်ထွက်သွားကြပြီဖြစ်ကြောင်း အခိုင်အမာ ဆိုနေသည်။
ငဖျော်နှင့် ငနွေးအုံအား လိုက်လံ ဖမ်းဆီးခဲ့သည့် ရွာသားတစ်အုပ်ကိုလည်း ရွာတွင် မတွေ့ကြရ။ ရွာတွင်း၌ ကာလသားများ အတန်ပင် လျော့နည်းနေပြီး မိန်းမသူတို့သာ များစွာ ရှိနေကြောင်း တွေ့ရှိရသည်။ မြန်မာစကား တတ်သူ ရှားပါးလှကာ မေးသမျှ ငြင်းကွယ်နေကြကုန်သည်။ သူတို့တပ်များ တစ်ညလုံး မီးတုတ်များနှင့် လိုက်လံ ရှာဖွေကြသော်လည်း ငသူရိန်တို့နှစ်ဦးကိုမူ မတွေ့ကြရတော့ချေ။
လက်ျာဘီလူးသည် နောက်တစ်နေ့ နံနက်၌ တောင်ယာစိုက်ခင်းများ ရှိရာဘက်သို့ တစ်ဦးတည်း ထွက်သွားရာ ယာထဲတွင် တဲထိုးနေသော တောင်သူရှမ်းကြီးတစ်ဦးနှင့် တွေ့သည်။ သူက လူကြီးအား ရှမ်းမင်းသားတစ်ဦး ဤရွာသို့ လာဖူးပါသလားဟု မေးရာ လူကြီးက 'မနှစ်က ထင်ပါရဲ့.. ခွန်လောင် ဆိုတာ တစ်ယောက်တော့ ရောက်လာတယ်၊ တပည့်တပန်းတွေ အများသားပဲ' ဟု ဆို၏ ။ ရွာတွင် တစ်ညအိပ်သွားကြောင်း ပြောပြပြီး အခြား အကြောင်းချင်းရာ မသိ၊ မိမိမှာ တောင်ယာထဲတွင်သာ အနေများကြောင်း ဆိုလေသည်။
လက်ျာဘီလူးက ထိုရှမ်းမင်းသား လာခဲ့သည့် အရပ်ကို မေးမြန်း၍ သူရိန်တို့ ထွက်သွားသည်ဟု ရွာသားများ ညွှန်ပြသည့် မြောက်အရပ်သို့ နောက်ပါအားလုံးနှင့် လိုက်ခဲ့ကြသည်။ ထိုနေ့ည စခန်းချနေကြစဉ် ငရောင်နီ ပြန်ရောက်လာ၏ ။ အကြောင်းစုံကို မေးမြန်းရာ ငရောင်နီက
"ရွာထဲ ဝင်ပြီး နည်းနည်းလောက် စုံစမ်းမိတာနဲ့ ကျုပ်တို့က မေးရတယ် မရှိပါဘူး၊ သူတို့မေးသမျှကိုသာ ဖြေနေရတာ များတာပဲ။ သူတို့ကလည်း လှည့်ပတ်မေးကြတယ်။ ကာလသား လူလတ်ပိုင်းတွေ စုရုံး ရောက်လာကြတယ်။ အခြေနေ မဟန်တာနဲ့ ကျုပ်တို့ ခရီးဆက်သွားရဦးမယ် ဆိုပြီး ထွက်လာတော့ နောက်က တစ်ဖွဲ့ကြီး လိုက်လာကြတော့တာပဲ"
"မင်းတို့ ဘာလို့ လှည့်ပြန်မလာလဲ"
"ခရီးသွားတွေလို့ ဆိုခဲ့ပြီးမှ လာလမ်း လှည့်ပြန်ဖို့ မဖြစ်တော့ဘူးလေ။ သူတို့ယုံအောင် ထွက်သွားပြီးမှ ပတ်ပြန်လာမလို့ဟာ.. သူတို့က မြင်းတွေနဲ့ တရကြမ်း လိုက်လာတော့ သည်တစ်ကြိမ် အမိဖမ်းမှာ သေချာတယ် ဆိုပြီး ကိုယ်လွတ်ရုန်း ပြေးကြရတာပ"
"ငသူရိန်ရော ဘယ်ရောက်သွားလဲ"
"ကျုပ်ကို သူ့မီးရှူးကျည်ပေးပြီး လွတ်အောင်ပြေးတော့၊ သူ ခုခံထားမယ် ပြောတယ်။ အဲဒီနေရာမှာပဲ ကျုပ်မီးကျည်ကို ဖောက်ပြီး ဆက်ပြေးခဲ့တာ၊ ငသူရိန်တော့ ကျန်ခဲ့ရဲ့။ သူက နည်းနည်းခုခံပြီး သတင်းသိရအောင် တမင် အဖမ်းခံလိုက်မယ် လို့ ဆိုပါတယ်။ ကျုပ် မလွတ်နိုင်တော့မှ ကျန်တဲ့မီးကျည်ကို ဖောက်လိုက် လို့ မှာသွားတယ်"
"ဒါဖြင့် ငသူရိန် သူတို့လက်မှာပေါ့"
"ဟုတ်တယ်၊ သူ လှီးလွှဲပြောပြီး သူတို့ခေါင်းဆောင် နေရာအရပ်ကို သိရအောင် လုပ်မတဲ့။ ပြန်ပြီး သတင်းမပို့နိုင်တော့ရင်လည်း လူတစ်ယောက် အသက်တစ်ချောင်းပါပဲ လို့ တပ်မှူးကို လျှောက်တင်ပေးပါတဲ့"
လက်ျာဘီလူး ထလာသည်။
"သြော်.. ငသူရိန်၊ စွန့်လွှတ် စွန့်စားဝံ့လှချည့်။ ငါတို့ သူ့ကို တစ်ယောက်တည်း မစွန့်ခိုင်းသင့်ဘူး။ သင်းတို့ ဘယ်မှာ ရှိမယ် ဆိုတာ သိအောင် လုပ်ရမယ်။ အမြန်ဆုံး ဆက်လိုက်ကြရမယ် ငါ့လူတို့"
ငရောင်နီကပင်
"ကျွန်တော်မျိုး ကျောက်တောင်တွေကြားမှာ ပုန်းနေတုန်းက လူသံ မြင်းသံတွေ ကျွန်တော်ရှိရာကို လွန်ပြီး ဆက်သွားကြတာ ကြားလိုက်တယ်။ တောင်ကွယ်နေလို့ မမြင်လိုက်ရပေမယ့် လူအုပ်စုကြီးတစ်ခုပဲ"
"ဒါဆို သူတို့ပဲပေါ့။ ရွာမပြန်ဘဲ ဆက်သွားကြပုံ ပေါက်ရင် ရှမ်းမင်းသားရှိရာကို သွားလိမ့်မယ်ထင်တယ်၊ ဘာဖြစ်ဖြစ် ငါတို့ အမြန်ဆုံး လိုက်ကြရမှာပဲ။ မင်းတို့ ခုည မနားဘဲ ဆက်ထွက်နိုင်ကြရဲ့လား"
"ထွက်နိုင်ပါတယ် တပ်မှူး၊ ကျွန်တော်တို့ နားခဲ့ပြီးပါပြီ"
သို့ဖြင့် သူတို့လူစုသည် စခန်းချနေရာကို ဖျက်သိမ်းကြလျက် ချက်ချင်း ခရီးဆက်ခဲ့ကြ၏ ။ အေးချမ်းသော တောင်ပေါ်ရွာလေးတစ်ရွာကို မိုးမသောက်မီ ဖြတ်သန်းခဲ့ပြီး နေထန်းတစ်ဖျား ကျော်ချိန်ဝယ် ရွာကြီးတစ်ရွာသို့ ရောက်ရှိလာကြသည်။
ဘ မြန်မာတပ်များသည် လူ ၅၀ လုံး ဝင်မသွားဘဲ ငနွေးအုံနှင့် ငဖျော်တို့ တပ်သား ၁၀ ဦးခန့်ကိုသာ ရွာတွင်း ဝင်သွားစေလျက် လက်ျာဘီလူးတို့ကမူ ရွာမှ မျက်ကွယ်အရပ်တွင် စောင့်ဆိုင်းနေကြ၏ ။ ရွာနှင့် သူတို့ရှိနေသည့် နေရာ.. နှစ်နေရာလုံးအား မြင်ရသည့် တောင်အမြင့်ထက်သို့ တပ်သားတစ်ဦးကို တက်ကြည့်နေရန် စေလွှတ်ထား၏ ။
ငဖျော်တို့ ဝင်သွားကြသောအခါ ကျေးရွာသားများသည် ဝိုင်းကြည့်နေကြရာမှ အုံလာသည်။ ထိုအထဲတွင် သူတို့အား လိုက်ဖမ်းခဲ့သူအချို့ကို တွေ့သည်နှင့် ငနွေးအုံက မီးရှူးပစ်ဖောက် အချက်ပြလိုက်၏ ။ အသံနှင့်အတူ တောင်စောင်းမှလူက အချက်ပြလိုက်ရာ လက်ျာဘီလူးတို့ တပ်များလည်း တညီတည်း ကြွေးကြော် ဝင်သွားကြသည်။ ငဖျော်တို့အား ဝိုင်းထားသော လူအုပ်ကြီးသည် လက်နက်ကိုင် မြင်းသည်များ၊ လူများ ပြေးဝင်လာကြသည်ကို မြင်သည်နှင့် ရှဲသွားကြလေ၏ ။
လူရွယ်အချို့ လက်ထဲ၌ တုတ်ဓား လက်နက်များ တွေ့ရ၍ သေနတ်သမားများက အသင့်ချိန်ထားလျက် သိမ်းဆည်းလိုက်ကြရသည်။ လက်ျာဘီလူးက သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို ဝေးရာတွင် နေစေလျက် လူငယ်လူရွယ်တို့ကို ဝိုင်းထားလိုက်ကာ စစ်ဆေး မေးမြန်းကြသော်လည်း ရှမ်းမင်းသား၏ သတင်းလည်း မသိရ၊ သူရိန်ပင် အစပျောက်နေတော့၏ ။
ထို့ကြောင့် ရွာ၏ သူကြီးကလန်များကို အခေါ်လွှတ်လိုက်ပြီး မြင်းလျင်အချို့ကို နေပြည်တော် ရတနာသိင်္ဃနှင့် ပြည်ကြောင်းချီ တပ်များထံ စေလွှတ်လိုက်သည်။ ပြည်သို့သွားသော လူ ၃၀ အား မည်သည့်နေရာ ရောက်နေသည်ဖြစ်စေ တောင်ငူကြောင်း၊ ပင်းကြောင်း၊ ငသရောက်ကြောင်းတို့မှ အမြန်ဆုံး လိုက်လာရန်နှင့် နေပြည်တော်မှ အရှေ့ဝင်းတော်မှူးတပ်များကိုလည်း ချီလာစေရန် အမိန့်ထုတ်ပြန်လိုက်သည်။
မြင်းလျင်များ ထွက်သွားပြီး မကြာမီ သူကြီး ရောက်လာ၏ ။ မြန်မာစစ်သည်များနှင့် သူတို့ရွာရှိ ကာလသားများ အချင်းများနေသည့် လက္ခဏာကြောင့် ထိတ်လန့်ကြောက်ရွံ့လျက် ရှိသည်ကို တွေ့၍ နှလုံးမငြိမ်မီ အလိုရှိသည်ကို ခြောက်လှန့်မေးအံ့ဟု သူကြီးကို သီးသန့်ခေါ်ဆောင်ကာ အိမ်တစ်အိမ်၏ အောက် စားပွဲဝိုင်းတွင် စတင်စစ်ဆေးလေသည်။ သူကြီးမှာ မြန်မာစကား ပြောတတ်သဖြင့် စကားပြန် မလိုချေ။
"ကျုပ်တို့ဟာ တော်လှန်ပုန်ကန်ရန် ကြံစည်နေသည့် ရှမ်းစော်ဘွားအနွယ်တစ်ဦးကို နှိမ်နင်းရန် ရောက်လာခြင်း ဖြစ်တယ်။ အနောက်မှာ ထောင်တပ်ကြီး ရှစ်တပ်လည်း ပါလာတယ်။ သည်ရွာဟာ သူပုန်အမာခံလူများ ရှိတယ်လို့ အတိအကျ သတင်းရထားတဲ့အတွက် ဦးဆုံး ဝင်ရောက် ဖမ်းဆီးရခြင်း ဖြစ်ပါတယ်။ ကျုပ်ပြောသည်များကို နားရှင်းရဲ့လား"
"မှန်ပါ.. ရှင်းပါသည်ဘုရား။ ချမ်းသာပေးပါ"
"ကျုပ်လည်း မလုပ်ချင်ပါဘူး။ ဒါ့ကြောင့် ဘယ်သူမှ မနစ်နာအောင် ညှိနှိုင်းဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်တယ်။ ဦးကြီးက ကျုပ်မေးတာကို သိသလောက် ဖြေပြီး ရှမ်းမင်းသား သစ္စာခံထားတဲ့ လူအချို့ကို ပြောပြပေးမယ် ဆိုရင် ကျုပ်က သူတို့ကို အပြစ်မယူဘဲ သတင်းပဲ မေးပြီး အသက်ကို လွှတ်ပေးမယ်။ လုံးဝ မပြောကြဘဲ ငြင်းနေကြမယ်ဆိုရင်တော့ သူပုန်ရွာအဖြစ် သတ်မှတ်ပြီး တစ်ရွာလုံးကို သစ်ငုတ်မကျန် မီးရှို့ဖျောက်ဖျက်လိုက်ရလိမ့်မယ်"
သူကြီးသည် လွန်စွာ ထိတ်လန့်တုန်လှုပ်သွား၏ ။ စိုးရိမ်ပူပန်ဟန်ကို မြင်သည်နှင့် သည်သူကြီးမှာ သူပုန်ဘက်သို့ လုံးလုံးလျားလျား စိတ်ရောက်နေသည့်သူ မဟုတ်မှန်း သိလိုက်ပြီး ထိုသို့သော သူများကို ဆွဲထုတ်ရန် ကြံစည်မိပြန်သည်။
"အခု ဦးကြီးတို့ ရွာသားတွေနဲ့ တိုင်ပင်လိုက်ဦး။ သို့ပေမယ့် သူပုန်ရွာလို့ အသေအချာ ညွှန်ကြားထားတာမို့ အိမ်တစ်အိမ်မှာ ရွာသားတွေနဲ့ တံခါးပိတ် ဆွေးနွေးတာလောက်ပဲ ခွင့်ပြုနိုင်မယ်၊ ကျုပ်တို့က ရံပြီး စောင့်ကြပ်နေရလိမ့်မယ်။ ကဲ.. ဆွေးနွေးကြဦးမလား၊ အခု တစ်ခါတည်း အဖြေပေးမလား"
သူကြီးက ဆွေးနွေးမည် ဆိုသဖြင့် ကာလသားများနှင့် သူကြီးကို အိမ်ကြီးတစ်လုံးထဲတွင် ထည့်ပိတ်၍ သူတို့က ဝန်းအပြင်မှ ဝိုင်းထားလိုက်ကြသည်။ မကြာမီ တီးတိုးစကားသံများ ကျယ်လောင်လာပြီး ငြင်းခုန်သံအချို့ စကြားရ၏ ။ အပြင်မှ နားစွင့်နေသော လက်ျာဘီလူးလည်း ပြုံးလိုက်ပြီး တံခါးတွန်းဖွင့် ဝင်သွားကာ ကျယ်လောင်စွာ ပြောနေသူနှင့် အခြားရွာမှ လူများကို ဆွဲထုတ်လာစေ၏ ။
"သူပုန်နဲ့ ဆက်သွယ်တဲ့ သူများကို ကျုပ်တို့ သိထားပြီးသား၊ ရွာတွေ စာရင်းလည်း ရပြီးပြီ။ ဘယ်သူက အမာခံ၊ ဘယ်သူက ဘာအဆင့် ဆိုတာသာ အတိအကျ သိလိုလို့ ခင်ဗျားတို့ကို မေးနေတာ။ အခု သည်လူလို မေးတာ မဖြေ၊ ညှိနှိုင်းမရဘူးဆိုရင်..."
ကျယ်လောင်စွာ ပြောနေခဲ့သူကို ဓားဦးဖြင့် ညွှန်ပြလျက်
"ခင်ဗျားတို့ အားလုံးနဲ့ သားမယားတွေ အကုန် ကွပ်မျက်ခံရလိမ့်မယ်။ ကျုပ်တို့ သိထားတာ မှန် မမှန် ဖြေပေးရင်တော့ ခင်ဗျားတို့ မကျူးလွန်ကြရသေးတဲ့ ပုန်ကန်မှုအတွက် သက်ညှာဖို့ လျှောက်တင်ပေးပြီး သည်ရွာကို လွတ်အောင် လုပ်ပေးနိုင်တယ်။ အခြားရွာများကိုလည်း သည်လိုပဲ လုပ်မှာပါ။ ဒါ့ကြောင့် ပူးပေါင်းပါဝင်မယ်ဆိုရင် မည်သူမျှ မထိခိုက်ဘဲ ပုန်ကန်မှုကိုလည်း ကြိုတင်ကာကွယ်ပြီး ဖြစ်သွားပါလိမ့်မယ်"
"ဟေ့.. တို့က ဘယ်သူ့ကို ပုန်ကန်နေလို့လဲကွ။ တကွဲတပြား ဖြစ်နေတဲ့ ပဉ္စလရာဇ်ပြည်ကြီးကို ပြန်ထူထောင်ချင်တဲ့ ဆန္ဒပဲ ရှိတာ။ ဘယ်သူ့ လက်အောက်ခံမှလည်း မဟုတ်ဘူး။ ပုန်ကန်စရာလည်း မရှိဘူး"
လူတစ်ဦးက ထပြောလာ၍
"ကောင်းပြီ၊ ခင်ဗျားတို့ မဖြေဘူးပေါ့။ ဒါဆိုလည်း ပြုသည့်ကံအလျောက်ပါပဲ။ ကျွန်တော် မတတ်နိုင်တော့ဘူး"
လက်ျာဘီလူးက လှည့်ထွက်သွားမည့်ဟန် ပြုရာ သူကြီးက ထလာပြီး
"ဟေ့.. ဟေ့၊ သူငယ်။ နေပါဦး.. ငါတို့တွေ သဘောတူကြပါတယ်။ ရွာကိုသာ ဒုက္ခမပေးပါနဲ့။ မောင် မေးတာ သိသလောက် ဖြေပါ့မယ်"
အချို့က သူကြီးကို မကျေမချမ်း ကြည့်ကြသည်။ အချို့ ခေါင်းငုံ့နေကြ၏ ။ လက်ျာဘီလူးကမူ သူကြီးကို မကြည့်၊ ရွာသားများ၏ မျက်နှာကိုသာ လိုက်ကြည့်နေပြီး မကျေနပ်ဟန် ပေါ်သည့်သူ အားလုံးကို ဆွဲထုတ်စေလိုက်သည်။ သေနတ်များဖြင့် ချိန်ထားပြီး ဓားလှံ တင်ကျည်းများ စွဲကိုင်ထားသည့် စစ်သည်များမို့ အားမတန်၍ မာန်ချလိုက်ကြရသော်လည်း ဖမ်းခံရသူ ရွာသားလူငယ်တို့မှာ ဒေါသကြောင့် မျက်နှာများ နီမြန်းနေကြလေသည်။
(ဆက်ရန်..) ရှမ်းမင်းသား (၄)
Written by သင်္ခရာဇာ
End date: April 10, 2022