အခါတစ်ပါး၌ အလောင်းမင်းတရားသည် မင်းညီမင်းသား၊ ဆွေတော်မျိုးတော်၊ စစ်သူကြီး အမတ်၊ ဝင်းမှူး ဗိုလ်မှူးများကို ခေါ်၍ မိန့်တော်မူသည်။
"ငါသည် ဘေးလောင်းတော် နော်ရထာမင်းစော နှင့် ဘုရင့်နောင်တော် မင်းတရားကြီးတို့ကဲ့သို့ တကွဲတပြား ရှိနေသည့် တိုင်းနိုင်ငံ မြို့ပြများကို စုစည်းသိမ်းရုံးလျက် နိုင်ငံတော် ထူထောင်ရန် ဆန္ဒရှိသည့်အားလျော်စွာ လူသူလက်နက် စုဆောင်းခဲ့ကြောင်း မင်းတို့အားလုံး အသိပင် ဖြစ်သည်။
ယခု ငါကိုယ်တော် ရတနာသိင်္ဃ ကုန်းဘောင်ရွှေပြည် တည်ထောင်ပြီး ဖြစ်ရာ ရန်မအေးသည့် ရာမညတိုင်းအရောက် မြို့စဥ်ရွာလျောက် သိမ်းယူချီတက် လုပ်ကြံကြရမည်။ မင်းတို့ အသို့ထင်သနည်း"
အလောင်းဘုရားက လူသူလက်နက် ရှိလာပြီဖြစ်၍ မွန်ပြည်သို့တိုင် ချီတက်ရန် သင့်မည်လော မေးမြန်းလာသဖြင့် ကျွန်တော်ရင်း မင်းလှမင်းခေါင်ဘွဲ့ခံ ဦးကောင်းက ဦးစွာ လျှောက်တင်၏ ။
"ကျွန်တော်မျိုးတို့မှာ လူထောင်ကျော်မျှသာ၊ မွန်မင်း၌ စစ်သည်ရဲမက် သောင်းသိန်းရှိပါသည်။ ရှိပင် ရှိသော်ငြားလည်း အလုပ်အကြံတွင် ကျွန်တော်မျိုးတို့ကို မခံနိုင်၊ အကြိမ်ကြိမ် လာရောက် လုပ်ကြံသည်လည်း မရ။ လုပ်ရေးကြံရေး၌ ကျွန်တော်မျိုးတို့က သာသည် ဖြစ်သောကြောင့် အောက်မြစ်စဥ်တစ်လျှောက် သိမ်းဝိုက်ကာ ချီရလျင် အရေးတော် သာနိုင်ကြောင်းပါ"
အလောင်းဘုရား၏ ဦးရီးတော် သမက် မင်းလှစည်သူ ဘွဲ့ရ စည်သာမင်းကြီး ဦးစည်းစိမ်ကလည်း
"စိုင်းပြင်းရမည့် အရေးအရာ များစွာတို့၌ ကျွန်တော်မျိုးတို့က သာသည်ဖြစ်၍ တပ်ခိုင်တပ်လုံ တည်ထားစောင့်နေရလျင် သူက သာသည် ဖြစ်သောကြောင့် အဆောတလျင် လုပ်ကြံမှ အရေးလှမည့် အကြောင်း ဖြစ်ပါသည်"
ဆိုသည်။ အလောင်းဘုရား ညီတော် သတိုးသိင်္ခသူကမူ..
"ယခုအရေးသည် ရှိသည့်လူနှင့် မွန်ပြည်သို့ ထောင်းလမောင်းကြေအောင် ဝင်ရမည့်အကြောင်း ဟုတ်မည် မထင်။ ဦးစွာ ပြည်၊ တောင်ငူ၊ ကမ္ဘောဇတိုင်းတို့ကို လက်နက်နိုင်ငံ ပြုပြီး အင်အားညီမှ မွန်ပြည်သို့ ချီရသော် သာ၍ သင့်မည် မဟုတ်တုံလော"
သားတော် အိမ်ရှေ့မင်း သီရိဓမ္မရာဇာက သတိုးသိင်္ခသူနှင့် အကြိုက်ညီကြသကဲ့သို့ သားတော် အလတ် သတိုးမင်းစောကမူ ကျွန်တော်ရင်းကြီးများနှင့် သဘောတူ ရှိ၏ ။ သူတို့သည် မည်သည့်ရန်သူကိုမဆို မည်မျှ အင်အားဖြင့် ဖြစ်စေ အနိုင်တိုက်မည်ဟု စွဲမှတ်ယူထားသူများ ဖြစ်သည်။
တစ်ဘက်တွင် မွန်တို့က တပ်မြို့ အခိုင်အမာနှင့် ခံလာပါက ကုန်းဘောင်လူများ အထိအပါး များမည်ကိုလည်း စိုးရိမ်နေကြရသည်။ ထိုသို့ စိတ်နှစ်ခွ ရှိသူများအနက် မင်းထင်နော်ရထာ ဘွဲ့ခံ အရှေ့ဝင်းတော်မှူး လက်ျာဘီလူး၊ မင်းလှနော်ရထာ ဘွဲ့ခံ လက်ဝဲဝင်းတော်မှူး လက်ျာကျော်ထင် တို့လည်း ပါ၏ ။ သူတို့သည် တိုက်ဆိုလျင် တိုက်လိုက်မည်သာ ဖြစ်သော်လည်း တိုက်တိုင်းမရ၊ ကြံတိုင်း မမြောက်မည့် အကြောင်းတရားများ ရှိလာမည်ကို မြော်တွေးနေကြလေသည်။
"မြောက်အရပ်မှ ထွန်းလင်းလာသော မီးတောက်သည် တစ်ပြည်လုံးတိုင် ပျံ့နှံ့၍ အရှိန်အဝါတောက်သည်ဟု မြင်မက်တော်မူခဲ့သည့်အပြင် ဖိုသုံးဖို တစ်ဖိုမီးတောက်မည် ဟူသည့် တဘောင်လည်း ရှိသည်။ ယခုအချိန်အခါသည် မြို့ရွာ တည်ထောင်ပြီးဖြစ်၍ ဘုန်းလက်ရုံးပြရမည့် ကာလ၊ ရာမညတိုင်းအား မနှေး မမြန် ချီ၍ လုပ်ကြံကြရမည်"
ရေမြေရှင် အမိန့်ဖြစ်သောကြောင့် အားလုံး နာခံကြရ၏ ။ ညီလာခံ သိမ်းလျင် အနောက်ဆောင်သို့ ဝင်းတော်မှူး သုံးဦးကို ခေါ်၍
"အရှေ့ဝင်းတော်မှူး၊ လက်ယာဝင်းတော်မှူးနှင့် လက်ဝဲဝင်းမှူးများမှာ လိုအပ်သည့် အချိန်တိုင်းတွင် တပ်ကို ဦးစီးဦးရွက် ပြုရမည်။ အရှေ့ဝင်းမှူးမှာ ရှေ့ဖျားချီရမည်။ လက်ဝဲ လက်ယာ ဝင်းမှူးများက တပ်စဥ်အတိုင်း ရေကြောင်း ကြည်းကြောင်း ခွာလိုက်ရမည်။ အနောက်ဝင်းမှူးမှာ ငါကိုယ်တော်နှင့် မြဲစိမ့်မည်။ မင်းတို့တပ်များကို မင်းတို့အကြိုက် စီရင်၊ ငါ့ကို စနိုးစနောင့် မရှိစေနှင့်။ ဝန်တာလစ်ဟင်း ပျက်ကွက်ခဲ့လျင် ရာထူးစည်းစိမ် ရုတ်သိမ်းမည်"
ဟု မိန့်တော်မူသည်။ ဝင်းတော်မှူး သုံးဦးတို့ အာမခံကြ၍ နောက်ဆုတ် ပြန်လျင် 'ငစံငယ်အား သီးသန့် ခိုင်းရန် ရှိသေးသည်' ဆိုသဖြင့် လက်ျာဘီလူး နေခဲ့ရ၏ ။ အတန်ကြာသည်အထိ မည်သည့် တာဝန်မျှ မပေးအပ်သေးဘဲ မင်းမိဖုရားများ စကားစမြည် ပြောဆိုနေကြ၏ ။ လက်ျာဘီလူး၏ နောက်တွင် အနောက်ဝင်းမှူးသည်လည်း ဖတ်ရန် ရှိသည်တို့ကို အသင့်ပြင်လျက် စောင့်ဆိုင်းနေ၏ ။
"မောင်ကုလားရေ၊ တို့များ ငစံနှင့် စကားဆိုရန် ရှိသေးသောကြောင့် အပြင်က စောင့်ပါ"
ဆိုလျင် အနောက်ဝင်းမှူး ဦးချ ထွက်သွားပြန်သည်။ ထိုအခါ အလောင်းဘုရားက
"ရာမညတိုင်းသုံးရပ်ကို စစ်ချီမည့်အရေးအား မင်း မတင်မလျှောက်၊ တွေဝေနေသည်မှာ သူက ခံမြို့တည်လျင် လူသူပျောက်ရှမည်ကို ကြောင့်ကြနေသည် မဟုတ်လော"
ဟု တိုက်ရိုက် မေးတော်မူ၏ ။ လက်ျာဘီလူးက ဟုတ်မှန်ကြောင်း ဆိုရာ
"အကြံအစည် အတွေးအမြင်တွင် မင်းကို ငါကိုယ်တော်နှင့် ထပ်တူဟု ယုံတော်မူသည်။ ယခုလည်း မင့်အကြံ ငါရိပ်မိသည့် လျော်စွာ မင်းသိအောင် ရှင်းရှင်းပြောမည်။ ငတို့ မိုးစဲလေသာ အခါရမှ စစ်ချီသွားကြမည်ဖြစ်၍ ယခု ကြံသော် အချိန်ရှိသေးသည် မဟုတ်လော"
"မှန်ပါဘုရား"
"မင်းနှင့်ငါ တွေးပုံတူသော်လည်း ငါက ဘုရင်ဖြစ်၍ မင်းထက် မြင်သည်။ အကြံများရသည်။ မင်း အချိန်ရှိသခိုက် ငါ့ပိုက်နက်နယ်တစ်လွှားမက သွား၍ မင်းစွမ်းနိုင်သမျှ ကြံလေ။ လူသူ လက်နက် ရတတ်သရွေ့အပြင် စစ်ရေးသာမည့် မည်သည့် အကြံအစည် အလုပ်အကိုင်မဆို မင်းစိတ်ကြိုက် လုပ်နိုင်သည်။ လိုအပ်ပါက ငါကိုယ်တော်နှင့် ထပ်တူ ပြုကျင့်ခွင့် ရှိသည်။ သို့သော် မလုပ်ခင် အဖန်ဖန်ချင့်ချိန် ဆန်းစစ်ပါ။ ငါက စစ်လက်နက် အမြောက်များကို သင်္ဘောကုလားတို့နှင့် ကုန်သွယ် ဝယ်ယူမည်ဟု အကြံတော် ရှိ၏ ။ ငါ့ကို မင်း စောင့်ရှောက်ရန်မလို၊ ကိုယ်တော်အနီးတွင် ဆွေမျိုးသားချင်းများစွာ ရှိသဖြင့် အပြင်ရန်ကို မကြောက်ရပြီ။ ယခုပင် ပြင်ဆင်၍ အရေးတော်လှအောင်သာ စီမံခဲ့"
အလောင်းဘုရား အခွင့်ပေးသည်မှာ လိုအပ်လျင် လူ့အသက်ကိုပင် စီရင်နိုင်ခွင့် ဖြစ်ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးသာရန် ကြိုးစားခဲ့ပါ ဟူ၍ ဖြစ်လေသည်။ မင်းသား၊ အိမ်ရှေ့မင်းတို့ထက်ပင် လွန်၍ အလောင်းမင်းတရားကိုယ်တော်နှင့် ထပ်တူ စီရင်ဆုံးဖြတ်နိုင်ပြီး လွတ်လပ်စွာ သွားလာ လုပ်ဆောင်ခွင့် ပေးအပ်လိုက်ခြင်း ဖြစ်ရာ မည်သူ့ကိုမျှ မသိစေဘဲ မင်းမိဖုရားများသာ သိကြရန် အနောက်ဆောင်သို့ ခေါ်ခြင်းဖြစ်ကြောင်း သူသိလိုက်၏ ။
မိမိ ကျေးဇူးရှင် အရှင်သခင်၏ ယုံကြည်လေးမြတ်ခြင်း ခံရသည်မို့ လက်ျာဘီလူးသည် စကားပြန်မပြောနိုင်ဘဲ မျက်ရည်မဝဲစေရန် ကြိုးစား ထိန်းသိမ်းနေရသည်။ အမှန်ဆိုလျင် သူကဲ့သို့ သွေးမတော် သားမစပ် ဆွေတော်မျိုးတော် မဟုတ်သည့် အညတြ ကျေးတောသားတစ်ဦးအား ဆွေမျိုးသားချင်း ကျွန်တော်ရင်းအပေါင်းကို ကျော်၍ အရှေ့ဝင်းတော်မှူးရာထူးကြီး ခန့်အပ်ခဲ့သည်ကပင် လွန်လွန်းနေပါပြီ။
ယခု အဆောင်တော်တွင်း ရှိနေသော မိဖုရားကြီး သုံးပါးမှာလည်း ယုံကြည်စိတ်ချရသူများ ဖြစ်ပြီး လက်ျာဘီလူးအား လိုလားကြသူများ ဖြစ်၏ ။ မိဖုရားခေါင်ကြီး ရှင်ယွန်းစံမှာ သူ၏ သားတော်များနှင့် ထပ်တူ ခေါ်ပြောဆက်ဆံလေ့ ရှိပြီး ကျောက်မြောင်းကတော် မိဖုရားသည်လည်း သူ့သားငယ် မင်းရဲဖျားကလေးအား အမြဲချီပိုး ထိန်းကျောင်းနေခဲ့သည့် လက်ျာဘီလူးကို အရေးပေးတတ်၏ ။
ကိုယ်လုပ်တော် မိဖုရား ရှင်မင်းသူမှာမူ လက်ျာဘီလူးနှင့် မျက်နှာကြော မတည့်လှသော်လည်း သမီးတော် ပဒုမ္မဝတီ အရွယ်ရောက်လျင် မင်းထင်နော်ရထာနှင့် လက်ဆက်ပေးမည်ဟု မင်းတရားကြီးကိုယ်တိုင် မိန့်တော်မူဖူးသည်ဖြစ်၍ လက်ျာဘီလူး ပျက်စီးမည်ထက် အကျိုးရှိသည်ကိုသာ မျှော်လင့်နေသူ ဖြစ်သည်။ ယခု ထိုမိဖုရားသုံးပါး ရှေ့မှောက်၌ အလောင်းမင်းတရားက သူ့အား မင်းသားများနှင့်မခြား တာဝန်အပ်နှင်းခဲ့လေပြီ။
နောက်တစ်နေ့ နံနက် ညီလာခံ နားချိန်တွင် လက်ျာဘီလူးသည် မဟာနန္ဒာကံစပ်၌ ထိုင်ရင်း တွေးတောစဥ်းစားနေ၏ ။ သူ၏ နောက်မှ ခြေသံတစ်ချက် တိုးညင်းစွာ ကြားလိုက်ရပြီး စံပယ်ပန်းရနံ့လည်း ရလိုက်သဖြင့် မင်းသမီးငယ်တစ်ဦးဖြစ်သူ ပဒုမ္မဝတီ ကပ်လာသည်ကို သိလိုက်သည်။ သို့သော် မသိဟန်ဆောင်လျက်..
"ဟိတ်.. မောင်ကြီး"
"အောင်မလေးဗျာ.. လန့်လိုက်တာ ငါ့နှမရယ်"
ပဒုမ္မဝတီက လက်ျာဘီလူး လန့်သွားသော ဟန်ကို ကြည့်၍ ရယ်နေသည်။
"ဘာတွေများ အဲဒီလောက် စဥ်းစားနေလို့ လူရောက်လာတာတောင် မသိရတာလဲ သူရဲကောင်းကြီးရဲ့။ ပြောစမ်း.. မလည်ရွာသူလေးကို သတိရနေတာ မဟုတ်လား.. အဟင်းဟင်း"
"ခမည်းတော်ဘုရားက တာဝန်ကြီးတစ်ခု ပေးအပ်လို့ ဘယ်သွားရမှန်းမသိ ဖြစ်နေတာပါ နှမရဲ့"
"ဟုတ်လား၊ ဘာတာဝန်လဲ"
"ထုံးစံအတိုင်း လမ်းကြောင်းကြည့်ဖို့ပဲပေါ့"
"တခြားရော ဘာတွေများ မိန့်တော်မူလိုက်သေးလဲ"
"တခြားတော့ မရှိပါဘူး"
"မယ်မယ်ကြီးကရော"
မယ်မယ်ကြီး ဆိုသည်မှာ ပဒုမ္မဝတီက မိဖုရားကြီး ရှင်ယွန်းစံအား ခေါ်ခြင်းဖြစ်၍ သူ၏ မယ်တော် ခင်သူကိုမူ အမိ ဟုသာ သုံးနှုံးတတ်၏ ။
"မယ်မယ်ကြီးလည်း ဘာမှ မမိန့်ဘူး၊ ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး။ တစ်ခုခု ထူးခြားတာများ ပြောသေးလားလို့ပါ"
လက်ျာဘီလူးက သူ၏ နှမငယ်ကဲ့သို့ ဖြစ်နေသော ပဒုမ္မဝတီကို မျက်မှောင်ကျုံ့လျက် ကြည့်လိုက်သည်။ သူနှင့် ပေးစားရန် ပြောဆိုခဲ့ဖူးသည်ကို လက်ျာဘီလူး မသိသေးမှန်း ပဒုမ္မဝတီ သဘောပေါက်လိုက်၏ ။ မိမိကိုသာ အမိရှေ့၌ ခမည်းတော်နှင့် တစ်ကြိမ် ပြောဖူးခဲ့ခြင်း ဖြစ်သည်။ မသိသည်လည်း ကောင်းပါ၏ ။ ပွင့်လင်းစင်ကြယ်စွာ ပြောဆို နေထိုင်၍ ရပြီး မောင်နှမဆက်ဆံရေးမျိုးကြောင့် စိတ်လွတ်လပ် ပေါ့ပါးရသည် မဟုတ်လား။
ထိုစဥ် ပဟိုရ်စည်သံ ကြားရသောကြောင့် လက်ျာဘီလူးသည် ထရပ်လိုက်ပြီး
"ကဲ.. ညီလာခံ ပြန်စတော့မယ်။ ငါ့နှမ ပန်လာတဲ့ စံပယ်ပန်းလေးတွေ မွှေးလွန်းလို့ အဝေးကနေတောင် လန်းဆန်းသွားတာပဲ။ မနက်ဖြန် ပန်းဆက်တဲ့သူ လာရင် မောင်ကြီးဖို့ပါ နည်းနည်း ပိုယူပေးထား.. ခရီးသွားရင် မြင်းမှာ ထိုးသွားရမယ်"
ပြောပြောဆိုဆို ခေါင်းပေါ် လက်တင်၍ ပြုံးပြ နှုတ်ဆက်လိုက်ပြီး ထွက်သွားသည်ကို ပဒုမ္မဝတီ ဇက်ပုလျက် ကျေနပ်နေ၏ ။ သို့သော် မကြာမီ မျက်နှာ တည်လာပြီး
"ဟင်.. ဘာဖြစ်တယ်၊ အဝေးကတောင်.. ဟုတ်စ။ ဒါဆို သူသိနေတာပေါ့။ ပြီးတော့.. ငါ့ခေါင်းမှာ ပန်လာတာကို မြင်းမှာ ထိုးမယ်.. ဟုတ်စ"
တစ်ယောက်တည်း ဒေါပွလျက် ကျန်ရစ်ခဲ့လေသည်။
(ဆက်ရန်..) ရှမ်းမင်းသား (၂)
Written by သင်္ခရာဇာ
End date: April 10, 2022