တိုက်မောင်းသည် သူကြီးသား ဖြစ်၏ ။ ထို့ကြောင့် တိုက်မောင်းသည် လူဆိုးသွမ်းကလေး ဖြစ်မည်၊ သူကြီးသားအာဏာဖြင့် မိုက်မည်ဟု ထင်လျင်ကား လွဲပေလိမ့်မည်။ အကယ်စင်စစ် တိုက်မောင်းမှာ လူထုံလူအ လူနကလေးသာ ဖြစ်လေသည်။
တိုက်မောင်း၏ ပုံသဏ္ဍာန်မှာ အရပ်ပျတ်ပျတ်၊ လူကောင်သေးကျစ်ကျစ်၊ ရုပ်မဆိုးလှသော်လည်း မျက်နှာတွင် ကျောက်ပေါက်မာ (ကျောက်ကြီးပေါက်ရာမှ ကျန်ရစ်သော အမာရွတ် အခွက်များ) အနည်းငယ် ရှိ၏ ။ ထို့ကြောင့် သူ့အစ်ကို ကံကောင်းနှင့် ယှဥ်လျင် ရူပကာယ များစွာကွာခြားလှပေသည်။
ကံကောင်းမှာ သူနှင့်မတူ၊ သူတို့အဖေ ရွာသူကြီး ဦးဆယ်နှင့် တူ၍ ထောင်ထောင် မောင်းမောင်း ခန့်ခန့်ညားညား လူချောလူလှဖြစ်သည်။ ရုပ်ရည် တင့်တယ်ပြေပြစ်သည့်အပြင် ဉာဏ်ထက် လူသွက် ဖြစ်သောကြောင့် မန်ကျည်းကန် သူကြီးသား ကံကောင်း ဆိုလျင် အနီးအပါး ရွာများအားလုံးမှ သိကြ၏ ။
ကံကောင်းနှင့် ယှဥ်ရခြင်းကြောင့် အမြဲ အောက်ကျနေရသော်လည်း ထုံထုံထိုင်းထိုင်း ချူချာသည့် သားလေးမို့ အဖရော အမိပါ တိုက်မောင်းကို ဂရုစိုက်ကြပါသည်။ အစ်ကို ကံကောင်းကလည်း ကရုဏာဒေါသောဖြင့် အရိပ်တကြည့်ကြည့် အစဥ်ကာကွယ် စောင့်ရှောက်နေရသော အစ်ကိုတစ်ယောက် ဖြစ်လာခဲ့သည်။
သူတို့ဖခင် ဦးဆယ်မှာ အောက်ပြည်ရွာသို့ သနပ်ခါး၊ မန်ကျည်းသီး၊ သီးနှံ စသည်တို့ တင်ပို့၍ ဆားကို အညာဒေသ၌ ပြန်လည်ဖြန့်ဖြူးသော လှေပိုင်ရှင် ကုန်သည်ကြီးတစ်ဦး ဖြစ်သည်။ သူ၏ လုပ်ရည်ကိုင်ရည်နှင့် ပါးနပ်ခြင်းများကြောင့် မန်ကျည်းကန်ရွာ၏ သူကြီးဖြစ်လာခဲ့သူလည်း ဖြစ်ပါ၏ ။
အမိ မိထောမှာမူ မုတ္တမ မော်လမြိုင် မြို့များသို့ ဦးဆယ် ကုန်ဝယ်သွားခဲ့ရာမှ ပါလာသော တစ်ပြည်သူ မွန်အမျိုးသမီး ဖြစ်၏ ။ တိုက်မောင်းမှာ မိခင်နှင့် တူသောကြောင့် ထုံထုံအအ အရပ်ပုပျတ်ပျတ်ကလေး ဖြစ်နေရသည်။ ကံကောင်း ဆိုလျင် လူချစ်လူခင် ပေါသလောက် တိုက်မောင်းကိုမူ အရပ်က ဟာသအဖြစ်သာ မြင်ကြကာ စနောက် ပျော်ရွှင်ကြကုန်၏ ။
သူတို့အရပ်၌ အကလေးများ မြီးကောင်ပေါက်စ သူငယ် ကုမာရအရွယ် ၁၀ နှစ် ဝန်းကျင်ရောက်လျင် ယာတောသို့ လက်ဖက်အုပ် ပို့ကြရမြဲ ဖြစ်သည်။ အမိအဖများ တောင်ယာလုပ်ရာသို့ လက်ဖက်နှင့် လက်ဖက်ရည်ကြမ်းအိုးများ တောင်းနှင့်ထည့်ကာ ထမင်းစားချိန်မတန်မီ အဆာပြေ သွားရောက်ပို့ကြရခြင်း ဖြစ်သော်လည်း ဦးဆယ်မှာ လယ်ယာမလုပ်သဖြင့် မပို့ကြရ။ တိုက်မောင်းကား ဘဝတူ သူငယ်များနည်းတူ ယာတောသို့ လိုက်ချင်လှ၏ ။
အခင်းများထဲ ပြေးလွှား ဆော့ကစားလျက် ထွန်တုံးစီး၊ နွားလှည်းမောင်း၊ လက်ဖက်အုပ် ဝင်တွယ်၊ ရေနွေးကြမ်း ကပ်သောက် စသည့် အရသာများကို ခံစားလိုပေသည်။ သို့သော် သူသည် နွားလှည်းမျှ မမောင်းတတ်၊ အစ်ကိုကံကောင်းက လှည်းမောင်း ထွန်ချ အစုံလုပ်တတ်နေပြီ ဖြစ်သော်လည်း သူ့အတွက်တော့ တစ်နေ့တစ်နေ့ ငေးမောအားကျနေရသည်သာ ရှိလေသည်။
သည်လိုနှင့် ဆယ့်ရှစ်နှစ် ပြည့်ခဲ့သော်လည်း တိုက်မောင်း ဘာမှ ဟုတ်တိပတ်တိ မတတ်။ ကံကောင်းသည် ပျိုတိုင်းကြိုက်သော ကာလသားကြီး ဖြစ်လာပြီး ရပ်ရွာအတွက်သာမက ဖခင်သူကြီးမင်းအဖို့ပါ အလွန်အားကိုးရသူ ဖြစ်လာခဲ့ပြီ။ တိုက်မောင်းကတော့ သေစာရှင်စာနှင့် လေတုန်း၊ ငေးတုန်း၊ ထူဆဲ၊ ညံ့ဆဲပင်။ သို့ရာတွင် ၁၈ နှစ်အလွန်တွင် တိုက်မောင်းတစ်ဘဝ ပြောင်းလဲရန် ဖြစ်လာခဲ့သည်။
သူတို့ မန်ကျည်းကန်ရွာနှင့် မလှမ်းမကမ်းမှ စစ်တပ်တစ်တပ် ဖြတ်သွားကြသည်ကို ရွာသားအားလုံး ကြားလိုက်ကြရသည်။ အချို့က စူးစမ်းကြရာ ရွာတောင်ဘက် မြရာကုန်းတောင်ပေါ်တွင် စခန်းချနေကြကြောင်း သိရှိရ၏ ။ တိုက်မောင်းလည်း စိတ်ဝင်စားသဖြင့် ကာလသား ကာလသမီးများ ဆုံစည်းရာ မယ်မြင့်တို့ ဝဲလင်းဆောင်သို့ ရောက်ခဲ့ရသည်။
ယနေ့မှ လာရောက်လည်ပတ်သော်လည်း မည်သူမျှ သူ့အား ဂရုတစိုက် မေးမြန်းမနေ။ သူတို့ ပြောဆိုနေကြသည့် အကြောင်းအရာပေါ်တွင်သာ နစ်မျောနေကြကုန်၏ ။
"ဟဲ့.. ဟုတ်ပါ့မလား အေတို့၊ အဲဒါ ပုံပြင်ထဲက ဇာတ်လိုက်ကြီးပဲ"
မယ်မြင့်၏ အိမ်နီးချင်း မယ်လှ၏ စကား။
"ကျုပ်တို့လည်း ပုံပြင် ဒဏ္ဍာရီတွေပါလို့ ထင်မှတ်ခဲ့ကြရတာပဲ။ ဒါပေမယ့် ကျုပ် သေချာ မေးပြီးပြီ။ တကယ်ပဲ အဲဒီ သူရဲကောင်းပဲ တဲ့"
ကိုရင်ဘိုးလူက အခိုင်အမာ ပြောနေသည်။
"ဘုရင့်တပ်တွေတော့ ဟုတ်တယ်ကွ။ ဘုရင့်သူရဲကောင်း လက်ျာဘီလူး ဆိုတာလည်း ဟုတ်ချင် ဟုတ်မှာပဲ။ ဒါပေမယ့် တို့ကြားဖူးတာတွေက ကောလာဟလတွေပါကွာ။ နားထောင်ကောင်းအောင် ချဲ့ကား ပြောဆိုနေကြတာတွေပါ။ တကယ် မဟုတ်ပါဘူး"
သိုင်းဆရာ ကိုထွန်းတင်က ဆိုသည်။
"မင်းတို့ စဥ်းစားကြည့်လေ။ လှေတစ်စီးနဲ့ ဆယ်စီး တိုက်တယ် ဆိုရင်တောင် ဖြစ်နိုင်ပါ့မလား လို့။ မွန်သူရဲကောင်း လဂွန်းအိန်တောင် လှေသုံးစီးနဲ့ ညှပ်တိုက်ခံရလို့ ဆုံးသွားသေးတာ။ သူက ဘာတဲ့.. အမြောက်တင် တိုက်လှေကြီး ၅၀၀ ကို ရဲလှေလေး ၅၀ နဲ့တဲ့.. ဟုတ်လား"
"၅၀ မဟုတ်ဘူး၊ ၃၀ တဲ့ဗျ"
ရွာသားတစ်ဦးက အမှားပြင်ပေး၏ ။
"သာ မဖြစ်နိုင်သေးတာပေါ့ကွာ။ ဘယ်လူက အမြောက်တွေနဲ့ ချိန်ထားတဲ့ လှေကြီး ၅၀၀ ကို အရူးလို ပြေးတိုက်မှာတဲ့လဲ။ အနီးတောင် ရောက်လိုက်မှာမဟုတ်ဘဲ စိစိညက်ညက် ကြေသွားမှာပေါ့"
"ဒါကတော့ ဒါပေါ့။ မဖြစ်နိုင်တာ ဟုတ်ပါတယ်။ သို့ပေမယ့် လူကတော့ ရောက်နေပြီ မဟုတ်လားရှင်"
အချောအလှလေး မယ်မြင့်စကားကိုမူ ဖြေချင်သူ မရှား။ သူ့ထက်ငါ
"ဟုတ်တယ် နှမ၊ အဲဒီသူရဲတော့ သေချာသတဲ့"
"လူကတော့ ဟုတ်မယ်၊ ဇာတ်လမ်းတွေက ယုံတမ်းတွေ"
"လက်ျာဘီလူး လို့ လူတွေ ပြောနေကြတာပဲ။ ဟုတ်မဟုတ်က သွားကြည့်မှ သိမှာ"
"သူရဲကောင်း လက်ျာဘီလူး သာဆို ခုလို တစ်တပ်တည်း လာပါ့မလား။ ဘုရင့် သက်တော်စောင့်ဆို"
"ဟ.. မင်း မကြားဘူးလား၊ သူက အမြဲ ရှေ့ဖျားချီရလို့ ရန်သူနဲ့တွေ့တိုင်း မတိုက်ပါနဲ့ ဆိုတာတောင် တက်တက် တိုက်နေပါသတဲ့ဆိုမှပဲ"
"ကိုရင်တို့ ငြင်းခုန်နေတာနဲ့ လိုရင်းကို မရောက်ဘူး။ ပြောကြပါဦး၊ လက်ျာဘီလူးနဲ့ သူ့လူတွေလို့ ဘယ်လိုလုပ် သိတာလဲ"
မယ်မြင့်၏ ညီမ မယ်တင့်က ဝင်မေးရာ ကိုရင်ဘိုးလူက
"ဆယ်အိမ်ခေါင်းမင်း ကိုရင်အေးရွှေကိုယ်တိုင် သွားမေးတာတဲ့။ သူကြီးက ထမင်းစား ဖိတ်မလို့ မေးခိုင်းတာတဲ့ဟ"
"ဟေ၊ ဒါဆို ဘုရင့်သူရဲကောင်း တို့ရွာကို ဝင်လာမှာပေါ့။ ငါတို့ လက်ျာဘီလူး ဆိုတာကို အရှင်လတ်လတ် မြင်ကြရတော့မှာလား"
ထိုစဥ် တိုက်မောင်းက ဖြတ်မေးလိုက်သည်။
"သူက ဘယ်လိုပုံစံလဲ"
အားလုံး သူ့ကို လှည့်ကြည့်လိုက်ကြ၏ ။
"ဒါတော့ ကိုရင်အေးရွှေလည်း မမြင်ခဲ့ဘူး ပြောတယ်။ သူ့လူတွေကို မေးကြည့်ခဲ့တာ တဲ့။ သူမြင်တာကတော့ တကယ် ဘီလူးတပ်တွေ ဆိုပဲ"
"ဟင်.. ဘီလူးတပ်၊ သူရဲကောင်းနဲ့ ပါလာတာက ဘီလူးတပ်တွေလား"
"အေလကွာ.. ငတိုက်မောင်း။ မင်း မကြားဖူးဘူးလား။ သူကိုယ်တိုင်က ဘီလူးစီးနေတဲ့သူပါတဲ့ဆို။ သူ့ကြောင့် သူ့လူတွေကို ဘီလူးတပ်သားတွေလို့ ခေါ်တာ တဲ့"
"ဟုတ်သားပဲ"
တိုက်မောင်းမှာ ထိုသို့ အူကြောင်ကြောင် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ မွန် မြန်မာ တိုက်ပွဲများအကြောင်း ပုံပြင်များသဖွယ် ကြားခဲ့ဖူးရာ သဘောအကျဆုံးမှာ ဘီလူးတပ် ဟူသည့် တပ်မကြီးတစ်ခု ဖြစ်သည်။ သို့သော် ဘီလူးစီးနေသည် ဆိုသော သူရဲကောင်းပုံပြင်နှင့် ဆပ်စပ်မိခြင်း မရှိခဲ့။ မြို့ရွာအနှံ့ ဟိုးဟိုးကျော်သွားသော မြင်းဖြူလေးစီးနှင့် ဘီလူးကြီးများအကြောင်းလည်း မေ့နေပြီ။
သူသိသည်က လက်ျာဘီလူး ဆိုသည်မှာ ဦးကောင်း၊ ဦးတွန်၊ စည်သာမင်းကြီး၊ ဒလပန်း၊ လက်ျာပျံချီ တို့လို သူရဲကောင်း တစ်ယောက်ဖြစ်၍ တိုက်ပွဲများတွင် ကျော်ကြားသော သူရဲကျော်တစ်ဦး ဖြစ်သည်။ နားထောင်ကောင်းသော ပုံပြင် ယုံတမ်း ကောလာဟလများထဲ၌ အလွန် ရက်စက်ကြမ်းတမ်း အားတက်စရာ တိုက်ပွဲများထဲ ပါလာတတ်သူ။ ဘီလူးဝင်စားသည့် သူရဲကောင်း ဟု မှတ်မှတ်ရရ ရှိနေခဲ့မိသူ။
ယခု ထိုသူရဲကောင်းနှင့်အတူ သူ လေးစားအားကျလှသည့် ဘီလူးတပ်ကြီး ပါလာပြီး မိမိတို့ရွာအနီး တောင်ကုန်းထက်တွင် တပ်စွဲနေသည် ဆိုပါလား။
"အလကားပါကွာ၊ သူလိုငါလို လူသာမန်တစ်ဦးပဲ ဖြစ်မှာပါ။ ငါပြောတာ မယုံရင် လာတော့ ကြည့်။ လူလူချင်း ဘာမှ မထူးခြားဘူး။ ကြားရသလိုလည်း စွမ်းမှာ မဟုတ်ဘူး။ စစ်တိုက်တာ များလို့ နာမည်ကျော်နေတာနဲ့ လူတွေက လျှောက်ပြောနေကြတာ"
ကိုရင်ထွန်းတင်၏ အသံက အိမ်ရောက်သည်အထိ တိုက်မောင်းနားထဲ ပါလာသည်။ သူ စဥ်းစား တွေဝေနေစဥ် ဖခင် ဦးဆယ် ရောက်လာပြီး
"သား.. တိုက်မောင်း၊ မင်းအစ်ကို သွားရှာချည်စမ်း"
တိုက်မောင်းလည်း ကံကောင်းကို ပတ်ရှာ၏ ။ ဘယ်မှာမှ မတွေ့၊ ဘယ်သူ့ကိုမှ မေး၍ သေချာတိကျသည့် အဖြေမရ။ ထို့ကြောင့် ပြန်လာရာ ဦးဆယ်က
"အရေးအကြောင်းဆို ဒီကောင် ဘယ်ရောက်ရောက်နေတယ် မသိဘူး။ မင့်ပဲ ခိုင်းရတော့မှာပဲ။ မင်း ဟိုတောင်ကြောပေါ် စခန်းချနေတဲ့ ဘုရင့်တပ်တွေအကြောင်း ကြားပြီး မဟုတ်လား။ အဲဒါ သူတို့ တပ်မှူး နဲ့ ဗိုလ်တွေကို မန်ကျည်းကန်ရွာသူကြီး ဦးဆယ် မိထောတို့အိမ်က ထမင်းစားဖိတ်တယ် ဆိုတာ သွားလျှောက်ချေစမ်းကွာ။ အဲ.. အခုညနော်။ တလွဲလည်း လုပ်မလာခဲ့နဲ့ဦး"
"ဟုတ်ကဲ့ပါ အဘ"
သူ ပျော်သွားသည်။ သို့သော် တစ်ယောက်တည်း မသွားရဲသဖြင့် သူနှင့်အဖက် ငလွင်ကို ခေါ်သွားရ၏ ။ တောင်ပေါ် စတက်တက်ချင်းပင် အစောင့်ရဲမက်များနှင့် တွေ့၍ မေးမြန်းစုံစမ်းကြပြီး ခွင့်ပြုချက်ရမှ ဆက်သွားခွင့် ရ၏ ။ သူတွေ့ချင်လှသော ဘီလူးတပ်သားများမှာ အနက်ရောင် အင်္ကျီရင်ကွဲနှင့် ပုဆိုးခါးတောင်းကျိုက်ကာ ခေါင်းပေါင်းဖြူ ပေါင်းလျက် သာမန်စစ်သည်များအတိုင်းသာ ဖြစ်ပြီး သွင်ပြင်ထူးခြားမှုမရှိ။
အကြောက်အလန့်နည်းသော ငလွင်က ရှေ့မှ တက်သွားသည်။ သူကြီးသား တိုက်မောင်းမှာ နောက်မှ ခပ်ကုပ်ကုပ် လိုက်ရင်း ငေးမောလာ၏ ။ တပ်ချနေသော စစ်သည်များစွာ သွားလာလှုပ်ရှား ပြင်ဆင်နေကြသည်များကို ကြည့်ရင်း လမ်းပြစစ်သည် ခေါ်ရာနောက် လိုက်ခဲ့ကြရာ တောင်ထိပ်နား ရောက်လုမှ အနည်းငယ်ပြန့်သော မြေကွက်လပ်၌ ဝါးစားပွဲငယ်နှင့် တန်းလျားနှစ်ခုတွင် ဗိုလ်များ ဝိုင်းထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
"ဗိုလ်မှူးကြီး တပ်မှူးကြီးများကို မန်ကျည်းကန်ရွာ သူကြီး ကျွန်တော့်အဖ ဦးဆယ် အမိ မိထောတို့အိမ်က ယနေ့ညစာသုံးဆောင်ပါရန် ဖိတ်ကြားခိုင်းလိုက်လို့ပါခင်ဗျာ"
တိုက်မောင်းစကားကြောင့် သူတို့ကို ကြည့်နေသည့် ဗိုလ်များနှင့် ယခုမှ လှည့်ကြည့်ကြသူများက ပြုံးကြသည်။
"ခုပဲ ညနေစောင်းတော့မယ်၊ တို့က ဘယ်အချိန် လာရမှာလဲ ကောင်လေးရဲ့"
ငလွန်းက ဝင်ပြောပေး၏ ။
"အဆင်ပြေတဲ့အချိန် ကြွလာကြပါခင်ဗျ။ အားလုံး ပြင်ဆင်ထားပြီးပါပြီ"
တောင်ထိပ်ဆီမှ အသံတစ်သံ ထွက်လာသည်။
"အားနာပေမယ့် ဒီညတော့ မလာနိုင်ဘူး ပြောလိုက်ပါကွာ။ တို့မှာ စီစဥ်စရာတွေ ရှိသေးတယ်"
အသံရှင်က သူတို့ကို ကျောပေးထားသည့် လူတစ်ဦး။ အနားတွင် ဝါးချောင်းရှည်များစွာ ပုံထားပြီး အဖြောင့်နှင့် အကောက် ခွဲခြားနေပုံ ရ၏ ။ ခပ်ဖြောင့်ဖြောင့် ရှိသော ဝါးများကို သူ့အနီး၌ ချထားကာ ကောက်နေသော ဝါးချောင်းတို့ကိုမူ လူတစ်ဦးက တစ်နေရာသို့ ယူသွားသည်ကို တွေ့ရလေသည်။ တိုက်မောင်းနှင့် ငလွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တိုက်မောင်းက
"ဒါပေမယ့် အဘက ပြင်ဆင်ထားပြီး ဖြစ်နေပြီ။ မလာကြရင် အားနာစရာကြီး"
သူ့စကားကြောင့် ကျောပေးနေသူက မျက်မှောင်ကျုံ့လျက် လှည့်ကြည့်သည်။ မူလက အမျိုးသမီးတစ်ယောက်လို ဆံပင်များကို ကျောပေါ် ဖြန့်ချထားသဖြင့် မျက်နှာကို လုံးဝ မမြင်ရ ရှိခဲ့ရာ လှည့်လာသောအခါ အသက်မကြီးသေးကြောင်း တွေ့ရ၏ ။ သူတို့နှင့် ရွယ်တူလောက်ပင် ရှိမည်။ သို့သော် တိုက်မောင်းကို မြင်သောအခါ ဘာမှ မပြောဘဲ ပြန်လှည့်သွား၏ ။
"ကဲ.. တို့တပ်မှူးက မလာဘူး ဆိုတော့လည်း မလာဘူးပေါ့ကွာ။ ဒီည မအားလို့ မလာနိုင်ကြောင်း သူကြီးမင်းကို ပြောလိုက်ပါ"
ဟု ဗိုလ်တစ်ဦးက ဆိုရာ တိုက်မောင်းက
"အဘကတော့ ဆူတော့မှာပဲ"
ဟူ၍ ရေရွတ်မိလေ၏ ။ သူ့အသံမှာ ခပ်တိုးတိုး မဟုတ်သောကြောင့် ဗိုလ်အချို့က ရယ်လိုက်ကြပြီး ကျောပေးထားသူကပင် လှည့်ကြည့်ပြီး ပြုံးနေသည်။ ငလွင်က တံတောင်ဖြင့် မသိမသာ တွက်ကာ
"ဟေ့ကောင်၊ ဘာတွေ လျှောက်ပြောနေတာလဲ။ လာ.. လာ သွားမယ်"
ဆို၍
"ဟုတ်ကဲ့ပါခင်ဗျာ၊ ဒါဆို ကျွန်တော်မျိုးတို့ကို ပြန်ခွင့်ပြုပါဦး"
အမြင့်တွင် ထိုင်နေသော တပ်မှူးက လက်ထဲမှ ဝါးကို လူတစ်ယောက်ထံ ကမ်းပေးလိုက်ပြီး ထလာသည်။
"သူကြီးသား ကိုရင် အဆူမခံရအောင် နောက်ရက်များမှာ နံနက်ကတည်းက ကြိုပြောရင် ကျုပ်တို့ လာခဲ့ပါ့မယ် လို့ သူကြီးကို အကြောင်းပြန်လိုက်ပေါ့။ လူဘယ်နှယောက် ဖိတ်တယ်၊ ဘယ်ချိန် ဘယ်ကို လာရမယ် အတိအကျလေး မှာလိုက်ပါ လို့။ ကျုပ်တို့မှာ ဗိုလ် ၅ ယောက်နဲ့ အကြပ် သွေးသောက် ၅၀ လောက် ရှိတာမို့ ဘယ်လောက် ခေါ်လာရမယ် ဆိုတာ ကြိုသိမှ ဖြစ်လိမ့်မယ်"
"ဟုတ်ကဲ့ခင်ဗျာ.. ဟုတ်ကဲ့၊ ပြောလိုက်ပါ့မယ်"
ငလွန်းက တိုက်မောင်းကို ဆွဲခေါ်သွားသည်။ တိုက်မောင်းက တပ်မှူးဖြစ်သူကို သေချာ ကြည့်နေသလို တပ်မှူးကလည်း တိုက်မောင်းကို စိုက်ကြည့်နေ၏ ။ သူတို့ထွက်သွားပြီး ခပ်ဝေးဝေးရောက်မှ
"ဟေ့.. သူကြီးသား ရုပ်ရည်က တို့ ဘဝရှင် အလောင်းမင်းတရား ကိုယ်တော်နဲ့ မဆင်ဘူးလား"
ရဲဘော်များ ပွဲကျသွားကြသည်။
"ဟုတ်ပ ဟုတ်ပ၊ ဘယ်သူနဲ့ တူပါလိမ့်လို့ ကြည့်နေတာ ကျောက်ပေါက်မာသက်သက် ရှိတာချင်းတောင် တူလိုက်သေးဗျား"
"ဥပဓိက မဆိုးဘူးကွ၊ လူက တစ်မျိုးပဲ"
"ခပ်ပေါပေါ ကြောင်တောင်တောင်နဲ့ တူပါရဲ့"
ထိုအချိန်တွင် တောင်အောက်ဆင်းနေကြသော နှစ်ဦးမှာ
"မင်း အဲဒီတပ်မှူး ဘယ်သူလဲ သိလား"
"ဟေ့အေး၊ မသိဘူးကွ"
"ငါတော့ လက်ျာဘီလူး ဆိုတာ ထင်တာပဲ။ သူ့ပုံစံက သူရဲကောင်းမှန်း မသိသာဘူးလား"
"အေးကွ၊ ငါလည်း ထင်တော့ ထင်တယ်"
"သူပဲ ဖြစ်မှာပဲ။ ဘာပြောပြော ငါတို့ ဘုရင့်သူရဲကောင်း ဆိုတာကို တွေ့ဖူးသွားပြီဟေ့။ ရွာကျ ပြန်ပြောလို့ ရပြီ၊ ငါတို့ အဦးဆုံး မြင်ဖူးတာပဲနော်"
"အေး.. ဟုတ်တယ်။ ညကျ ဟိုလူတွေကို ပြန်ပြောလို့ ရပြီ"
"ည မင်း ဘယ်မှာ ရှိမလဲ"
"မယ်မြင့်တို့ အိမ်မှာ.. ကိုရင်ဘိုးလူတို့က အဲဒီမှာ ဆုံကြတာ"
"ဟာ.. သူတို့က နေ့ဘက်ပဲ မယ်မြင့်အိမ် စုတာ၊ ညကျ မခင်မွှေးတို့ဆီမှာ ပန်းဝှက်နေကျကွ။ မခင်မွှေးတို့အိမ်ပဲ လာ၊ ငါလည်း လာခဲ့မယ်"
"အေး.. ပြီးရော"
No comments:
Post a Comment