Translate

တိုက်မောင်း (၂)

မြောက်ပိုင်းရှိ မယ်မွှေးတို့အိမ်သို့ တိုက်မောင်း ရောက်သောအခါ လူအတော်စုံနေချေပြီ။ ငလွင်အပြင် အစ်ကို ကံကောင်းကိုပါ တွေ့ရ၏ ။ သူတို့၏ ဝေးလေးဟားလား အသံများက အိမ်ရှေ့လမ်းမအထိ လျှံကျနေလေသည်။
"ဟော.. ပြောရင်းဆိုရင်း သူကြီးသား ရောက်လာပြီ။ ဆိုပါဦးဟ.. အဘက ဆူလိုက်သေးလား"
"မဆူပါဘူးဗျာ၊ အေး.. ဟုတ်သားပဲ လို့ပဲ ပြောတယ်။ ကိုကံကောင်းကိုပဲ ဆူတာ၊ မေးကြည့်ပါလား"
"သူကြီးက မနက်ဖြန်ကို လူဆယ်ဦး ဖိတ်ဦးမလို့ဆို"
"ဒါတော့ ကျွန်တော် မသိဘူး"
ဆို၍ ကံကောင်းမျက်နှာ လှမ်းကြည့်ရာ
"ငါ့ကို မနက်ကျ တောင်ပေါ်တက်ပြီး သေချာ ဖိတ်ချေဦးလို့ မှာလိုက်တယ်ကွ"
ဟု ကံကောင်းက ဆိုလေသည်။ ကိုရင်ဘိုးလူသည် တိုက်မောင်းကို ပခုံးပုတ်၍
"တပ်မှူးကြီးက မင်းကို ဓားနဲ့ မခုတ်လိုက်ဘူးလား"
"ဘာဖြစ်လို့ ခုတ်ရမှာလဲ"
"အဖေက သူကြီးဖြစ်ကြောင်း၊ မပါရင် ဆူမယ့်အကြောင်းတွေ သွားပြောတယ်ဆို"
သူက ငလွင်ကို မျက်နှာထားနှင့် ကြည့်လိုက်လေသည်။
"မင်းက ငါ့ဖို့ မချန်ဘဲ အကုန်ပြောပြီးပြီပေါ့"
သူ့စကားကြောင့် ရယ်ကြရသေးတော့။ ငလွင်ကလည်း စပ်ဖြီးဖြီးနှင့်
"မင်းက နောက်ကျနေတာကိုး၊ သူတို့က မေးတော့ ဖြေရတာပေါ့"
မခင်မွှေးက ကြားဖြတ်၍
"အဲဒီ သူရဲကောင်းကြီးက နင်တို့အရွယ်ပဲ ဆိုတော့ ငယ်ငယ်လေး ရှိသေးတာပေါ့။ တို့ထက်တောင် ငယ်ဦးမယ်။ ဘယ်လိုလဲဟဲ့.. ချောရော ချောလား"
သူက ပုံမှန်ပါပဲဗျာဟု ဆိုလိုက်စဥ် ငလွင်က
"ဟာ.. ပုံစံကတော့ တယ်ဖြောင့်တာပဲ။ မြင်လိုက်တာနဲ့ သူရဲကောင်းမှန်း တန်းသိသာတယ်။ ကိုယ်ဟန် သွားလာ လှုပ်ရှားမှုတွေလည်း ကျွန်တော် ကြည့်နေတာ တကယ် တည်ကြည်ခန့်ညားပြီး ပုံပြင်ထဲက အတိုင်းပါပဲ"
ငလွင့်စကားကို ကိုရင်ထွန်းတင်က နှာခေါင်းရှုံ့ပြီး ဟင့်ခနဲ အသံပြု၏ ။
"မင်းပြောတော့ သျှောင်မထုံးဘဲ ချထားတယ်ဆို။ ဘီလူးဝင်စားတဲ့သူက ဆံပင်ဖားလျားနဲ့တဲ့လား"
တိုက်မောင်း မနေနိုင်...
"ဟာ.. စစ်သည်တွေ စစ်တိုက်ရင် သည်လို ဆံပင်ဖားလျားချည်းပေါ့ဗျ။ ငယ်ငယ်က ဘကြီး ပြောဖူးတယ်။ တချို့ပဲ ဦးဗောင်းထုပ်သတဲ့"
"သြော်.. ဒါနဲ့ အစ်ကို ကံကောင်း"
အိမ်လည်ရောက်နေသည့် မယ်မြင့်အသံ။
"မနက် တောင်ပေါ်တက်ရင် ကျွန်မ လိုက်ခဲ့မယ်"
ကာလသားသမီးအားလုံး အံ့သြသွားကြသည်။
"အို.. တပ်ထဲ မိန်းမသား လိုက်လို့ ဘယ်ဖြစ်မလဲ"
"ဖြစ်ပါတယ်၊ သူတို့က ဟော့ဟော့ရမ်းရမ်းတွေမှ မဟုတ်ဘဲ။ စည်းနဲ့ ကမ်းနဲ့တဲ့"
ကံကောင်း တွေဝေနေသည်။ ဘိုးလူက ထပြော၏ ။
"ငါက မနက်ကျ အဖော်လိုက်ခဲ့ပေးမယ်လို့ ကံကောင်းကို ပြောတော့မလို့ဟာ။ ညည်းဦးသွားတယ်"
ထွန်းတင်ကလည်း
"ကျုပ်လည်း လိုက်ပါရစေ။ သူရို့ စစ်သားဆိုတာတွေကို အကဲခတ်ချင်လို့"
"နေကြပါဦး.. နေကြပါဦး၊ ငကံကောင်း သဘောကိုလည်း မေးကြပါဦး။ သူ ဘယ်သူ့ ခေါ်မလဲ သူ့ဘာသာ ဆုံးဖြတ်ပစေ။ အကုန်လုံးကတော့ စူးစမ်းချင်တဲ့ သူချည်းပဲပေါ့။ သူကြည်ဖြူတော့ ၂ ယောက်လိုက်လိုက် ၂၀ လိုက်လိုက်"
ဆယ်အိမ်ခေါင်း ကိုတက်တူပြောမှ ငြိမ်သွားကြလျက်
"ဟုတ်သားပဲ၊ ကံကောင်း မင်း ဘယ်သူ့ခေါ်ဖို့ စိတ်ကူးထားလဲ။ ငါ့အပြင် တခြားလူ ပါဦးမလား"
"ဟာ.. ကိုရင်ဘိုးလူကြီး သည်လိုဘယ်ရမလဲ။ ခေါ်မယ့်ခေါ် ကိုကံကောင်းက သူ့နှမချောပဲ ကြွားရအောင် ခေါ်မှာပေါ့ နော့"
"ဟေ့.. မယ်မြင့်၊ တစ်ခါတည်း တပ်သားနဲ့ ညားပြီး စစ်သားမယား ဖြစ်ချင်သလား"
"အောင်မယ်.. ဘာစကားပြောတာလဲတော့်"
"တော်ကြပါတော့ဗျာ.. ကျုပ် စဥ်းစားထားတာက"
ကံကောင်းဖြတ်ပြောလိုက်၍ ငြိမ်သွားကြပြန်သည်။
"အေး.. အေး၊ ပြော"
"ကျုပ်ညီပဲ ခေါ်သွားမလို့"
"ဟာ.. ကွာ၊ မင်းကလည်း မဟုတ်တာ"
"ဟုတ်ပါတယ်ဗျ။ သူက ဒီနေ့ အဆင်မပြေခဲ့တော့ မနက်ကျ ပြန်ခေါ်သွားရမလားလို့။ ဒီတစ်ကြိမ် ကျွန်တော်နဲ့ဆို သူလည်း မျက်နှာရမယ်။ ညီအစ်ကိုမှန်းလည်း သိသာတော့ ကျုပ်တို့ မြင်တာနဲ့ အဘက လွှတ်လိုက်တာလို့ တန်းခနဲ သဘောပေါက်နိုင်တယ်"
"အေးကွ၊ ကောင်းတယ်။ တိုက်မောင်းပဲ ခေါ်သွား"
ကိုရင်တက်တူ ပိတ်ပြောချလိုက်သဖြင့် အခြားသူများ မကျေမနပ်နှင့် နေလိုက်ကြရသည်။
"မင်းတို့က ရွာလာတော့ ကြည့်ကြပေါ့။ ဘာဖြစ်နေတာလဲ"
"ကျုပ်က သူရို့တွေ လေ့ကျင့်ပုံ၊ အရည်အချင်းနဲ့ သိုင်းပညာကို အကဲဖမ်းချင်တာမို့ပါ"
သိုင်းဆရာ ကိုရင်ထွန်းတင်၏ စကားကို ကံကောင်းက မဲ့ပြုံးဖြင့်
"ကျုပ် အစွမ်းအစလေးရော အကဲမစမ်းချင်ဘူးလားဗျာ"
"အံမယ်.. မောင်ရင်၊ မင်းက ဗန်ရှည်အတတ် တုတ်ဓား လှံသိုင်းတွေမှာပဲ ငါ့ထက်သာတာပါ။ လက်ချင်းဆို ဘယ်တုန်းက နိုင်ဖူးလို့လဲ"
"စစ်ပွဲမှာ လက်ချင်းထက် ဓားလှံချင်းပဲ တိုက်ရတာပါလေ ကိုရင်ရယ်"
"မင်းက စစ်ထဲလိုက်ရဲတဲ့ သတ္တိ ရှိလို့လား"
"ဘာဗျ"
ကံကောင်းနှင့် ထွန်းတင်မှာ စကားချင်း အနိုင်လုရာမှ တင်းမာတော့မည့် အခြေအနေ ဖြစ်လာရာ ကိုဘိုးလူ ကြားဝင်၍
"မင်းတို့လည်း ခွေးနှစ်ကောင် တွေ့သလိုပဲ မြင်တာနဲ့ မာန်ဖီနေတော့တာကိုး။ ထွန်းတင်ကလည်း မာန်လျှော့ကွ။ ကံကောင်းကလည်း သွားသွားမစနဲ့"
သူတို့နှစ်ဦးသည် ယခင်က ရွာနီးချုပ်စပ် ဘုရားပွဲခင်းတစ်ခုတွင် ယှဥ်ပြိုင်ဖူးကြပြီး ကံကောင်းက ထွန်းတင်အား အပြတ်အသတ် အနိုင်ရဖူးသည်။ သို့သော် လက်နက်မဲ့ ယှဥ်ရလျင်မူ ထွန်းတင်က သာပေလိမ့်မည်။ ကံကောင်းက ဗန်ရှည်သမားသက်သက် ဖြစ်၏ ။
တိုက်မောင်းကတော့ ဗန်ရှည်ထက် ဗန်တိုကို ပိုလေ့လာခဲ့ပြီး ဓားပေါက်နှင့် လေးမြားတွင် အလွန်လက်တည့်သည်ဟု ကျော်ခဲ့သည်။ သူ့ဖခင်၏ မီးပေါက်သေနတ်ကိုလည်း ယူပစ်လေ့ရှိသည်။ ထို့ကြောင့် သူတို့ညီအစ်ကိုနှင့် အချင်းများရဲသူ ရှား၏ ။ ကံကောင်းဆိုလျင် ရွာပေါက်စေ့ လျှောက်သွားနေတတ်သူ ဖြစ်လေသည်။
နောက်တစ်နေ့နံနက် တိုက်မောင်းတို့ တောင်ပေါ် မသွားမီ ရွာအနီးသို့ နောက်ထပ် ကုန်းဘောင်တပ် နှစ်တပ် ရောက်ရှိလာကြပြီး တစ်တပ်တွင် ဦးဆယ်ညီ တစ်ဝမ်းကွဲ ငရာပြည့် ဗိုလ်အဖြစ်နှင့် ပါလာ၏ ။ ငရာပြည့်မှာ မိဖုရားခေါင်ကြီး၏ တူမတစ်ဦးနှင့် အကြောင်းပါခဲ့ရာ ယခု မင်းဆွေမင်းမျိုး တော်နေလေပြီ။
"ဟာ.. ဟေ့ကောင် ငရာပြည့်၊ မင်းလည်း ပါလာသလား။ ကြည့်စမ်းပါဦး၊ ညိုမောင်းလို့"
"ဟုတ်တယ် ကိုကြီးဖိုးဆယ်ရေ။ အောက်ပြည်ကို စစ်ချီ ပါခဲ့တာနဲ့ သည်ရွာက ဖြတ်ရမယ် ကြားတော့ ဝင်ဖြစ်အောင် ဝင်မယ်လို့ လာတာပဲ"
"အေး.. ကောင်းကွာ။ ဒါနဲ့ နေဦး၊ မင်းတူတွေ ဘယ်ရောက်နေပါလိမ့်။ ကံကောင်းရေ.. တိုက်မောင်း"
"ခင်ဗျာ"
တိုက်မောင်းက အခန်းထဲမှ ထွက်လာပြီး
"ကိုကံကောင်းတော့ အခုလေးပဲ အပြင်ထွက်သွားတယ်"
"သည်ကောင်ကတော့ အိမ်ကပ်တယ် မရှိဘူး။ သွား ၊ အမြန်လိုက်ခေါ်စမ်း။ သည်မှာ မင်းတို့ ဦးရီး ရောက်နေတယ် ဆိုတာရယ်၊ မနေ့က ကိစ္စ လူဆယ်ဦး ဖိတ်ခိုင်းတာမှာ အခု ငါးဦးပဲ ဖိတ်ခဲ့တော့လို့ ပြောလိုက်ဦး"
"ဘာတွေ ဖိတ်ထားတာလဲဗျ"
"မနေ့က ရောက်တဲ့ တပ်တွေက တပ်မှူး သူရဲတော် လက်ျာဘီလူး နဲ့ သူ့ဗိုလ်တွေ ၁၀ ယောက်စာ ထမင်းစား ဖိတ်ထားတာလေ။ ခု မင်းရောက်လာတော့ သူတို့ ၅ ဦး မင့်လူ ၅ ဦးပေါ့"
လက်ျာဘီလူး နာမည်ကြားလျင် ငရာပြည့် မျက်နှာ တစ်မျိုးဖြစ်သွား၏ ။
"သြော်.. မင်းထင်နော်ရထာ ဆိုတော့လည်း"
သူကြီး ဦးဆယ်ကတော့ သတိမထားမိ။ သူလည်း သူ့ဒုက္ခနှင့်သူ။ ယခုနှစ် တိုင်းရေးပြည်ရွာများက မငြိမ်သက်လှသည့်အပြင် မိုးနည်းသောကြောင့် သီးနှံအထွက်လည်း နည်းသည်။ ထိုအခါ တစ်နယ်လုံး ဆင်းရဲသည့်နှစ်ဖြစ်ရာ သူလည်း လုပ်ငန်း ဆက်စပ်နေသောကြောင့် စီးပွားမဖြစ်လှ။ ကုန်များပင် ရှုံးသေးသည်။ ယမန်နှစ်များက စုဆောင်းထားသည်လေးများ ရှိ၍သာ တော်တော့၏ ။
မန်ကျည်းကန်ရွာသည် ပြည်မြို့အောက်ပိုင်း ရာမညတိုင်းအတွင်း ပါဝင်လျက် မွန်တို့နှင့် နီးသောကြောင့် မွန်တပ်များ ရိက္ခာစုဆောင်းလာကြလျင် မဖြစ် ဖြစ်အောင် ရှာကြံပေးကြရစမြဲ။ ယခုနောက်ပိုင်း ရိက္ခာတော်ကောက်သည့် အကြိမ်ရေ များလာသဖြင့်လည်း သူတို့မှာ ပို၍ ကြပ်တည်းနေကြရသည်။
ထို့ကြောင့် စေတနာရှိသော်လည်း များများ မတတ်နိုင်။ ဗိုလ်မင်း ဆယ်ယောက်လောက်ကိုတော့ သေသေချာချာ ဧည့်ခံမည်ဟု အားခဲထားခဲ့ရာ ယခု ကျွေးမွေးရန် စီစဥ်ပြီးခါမှ ညီဖြစ်သူ ငရာပြည့်တို့ ထပ်ရောက်လာကြသဖြင့် ယခင်ရောက်နှင့်သည့် တပ်များမှ လူဦးရေကို လျှော့လိုက်ရခြင်း ဖြစ်၏ ။
ကံကောင်းသည်မှာ ငကံကောင်းသည် နံနက်စောစော မသွားဘဲ အချိန်ဆွဲနေခြင်းကြောင့် ဖြစ်၏ ။ တပ်မှူးနှင့် ဗိုလ် ၅ ဦးကို ဖိတ်ကြားရန် တိုက်မောင်းနှင့် ကံကောင်းတို့ ထွက်သွားကြလျင် ငရာပြည့်လည်း အနည်းငယ် စကားစမြည် ပြောပြီး ပြန်သွားလေသည်။
နံနက်ပိုင်း တပ်သားများ တင်ကျည်းတုတ်ကိုယ်စီနှင့် လေ့ကျင့်နေကြသည်ကို ကြည့်၍ ငကံကောင်း ပြုံးလိုက်၏ ။ သည်လူများကို သူ့အနေနှင့် အလွယ်တကူ အနိုင်ယူနိုင်မည်ဟု တွေးနေသည်။ တိုက်မောင်းကတော့ ထိုသို့မတွေး၊ တစ်ထပ်တည်း ကျနေသော ရိုက်ချက်များ၊ တညီတည်း တန်းနေသော တုတ်များကို ကြည့်ကာ သဘောကျနေလေသည်။
"ကြည့်ကောင်းတယ်နော် ကိုကံကောင်း"
"လူညီတာကိုးကွ၊ ဒါပေမယ့် မင့်အစ်ကိုကိုတော့ နိုင်မယ် မထင်ဘူး မဟုတ်လား"
သူ့စကားကြောင့် ရှေ့မှ သွားနေသော ရဲမက်က စောင်းငဲ့ကြည့်သည်။ ဘာမှတော့ မပြော။ ငကံကောင်းကလည်း သတိထားမိ၍ ငြိမ်သွား၏ ။
"ဘယ်သူတွေလဲကွ.. ငမှိန်း"
"မန်ကျည်းကန်ရွာကလို့ ပြောတယ် ကိုရင်သူရိန်၊ တပ်မှူးတို့ကို ထမင်းစား လာဖိတ်တာတဲ့"
"အေး.. သွား သွား"
တောင်ထိပ်နားအရောက် ဓားသွားကို ထောင်လျက် ကျောက်ဖြင့် ပွတ်နေသော သွေးသောက်တစ်ဦးက မေးသဖြင့် လမ်းပြရဲမက်က ဖြေခြင်းဖြစ်သည်။ ကံကောင်းက ၎င်းသွေးသောက်ကို သေချာ ကြည့်လိုက်သလို သွေးသောက်ကလည်း ကံကောင်းကို စူးစိုက်ကြည့်နေ၏ ။ တိုက်မောင်းသည် မနေ့က သူ့ကို သူရဲကောင်းတပ်မှူးက စိုက်ကြည့်နေခဲ့ခြင်းအား အမှတ်ရလိုက်သည်။
"နေပါဦး၊ အရှေ့က ကိုရင်ကံကောင်းလား"
သူရိန်က လှမ်းမေးလိုက်ခြင်း ဖြစ်၏ ။ ကံကောင်း တုံ့ခနဲ ရပ်သွားပြီး
"ဟုတ်ပါတယ် သွေးသောက်"
"ကျုပ်ကို သိလား ကိုရင်"
"မသိဘူးဗျ"
"သြော်"
သူရိန် ဘာမှ ဆက်မပြောတော့သဖြင့် တိုက်မောင်းတို့ ရှေ့ဆက် တက်ခဲ့ကြသည်။ သူရိန်ကတော့ ရွာကျော် ငကံကောင်းက သည်ရွာကပဲ ဟု တွေးနေပြီး ကံကောင်းကလည်း ငါ့အကြောင်း သိတဲ့လူတစ်ယောက်ယောက် ဖြစ်မှာပဲဟု စဥ်းစားမိလေသည်။

(ဆက်ရန်...)  တိုက်မောင်း (၃)

Written by သင်္ခရာဇာ

End date: May 20, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...