Translate

တိုက်မောင်း (၃)

"ဟော.. လာကြပြန်ပြီပေါ့"

သည်တစ်ခါတော့ တပ်မှူးကိုယ်တိုင် စားပွဲပေါ် တက်ထိုင်နေသည် ဖြစ်၍ သူတို့ ဝင်လာလာချင်း ဆီးကြိုနှုတ်ဆက်၏ ။ ကံကောင်းကလည်း ဤသူသည် ရွှေနန်းရှင် သူရဲကောင်း လက်ျာဘီလူး ဖြစ်မည်ဟု ချက်ချင်း သိလိုက်သည်။ အနက်ရောင် မျဥ်းတိုအင်္ကျီ၌ ရွှေရောင်ပိုးချည်များဖြင့် ကွပ်ထားပြီး ဘောင်းဘီအနီပေါ် ချိတ်ပုဆိုးအနက်ခါးတောင်းကျိုက်လျက် ခါးစည်းနီ စည်းထားပုံမှာ သူတစ်ဦးတည်းသာ ရှိသည်။
အခြားတပ်သားများက မျဥ်းတိုမျဥ်းရှည် အနက်များ၊ ခါးတောင်းကျိုက်များ၊ တောင်ရှည်များနှင့် ဖြစ်သော်လည်း ဦးပေါင်းများ မောက်တိုများကိုယ်စီ ပါကြပြီး ခေါင်းလည်း မပေါင်း၊ ဆောင်းလည်း မဆောင်းသူမှာ သူတစ်ယောက်တည်း ဖြစ်၏ ။
ထို့ကြောင့် ရာထူးအလိုက် ဝတ်ဆင်ရသော စစ်ဝတ်စုံ ဝတ်မထားသော်လည်း တပ်မှူးနှင့် အကြပ် တပ်သားများကို လွယ်လင့်တကူ ခွဲခြားနိုင်လေသည်။ သူတို့ နှစ်ဦးသည် တပ်မှူးဆီ တည့်တည့် လျှောက်သွားကြ၍ အရိုအသေ မပြုကြဘဲ ရဲတင်းစွာ စကားဆိုကြ၏ ။
"မနေ့က ဖိတ်တာ မလာနိုင်တဲ့အတွက် သည်နေ့ ထပ်ဖိတ်ဖို့ စေလွှတ်လိုက်လို့ပါ။ တပ်မှူးနှင့်တကွ ဗိုလ် ၅ ဦးကို နေမဝင်မီ ကြွခဲ့ပါလို့ သူကြီးမင်းက အမှာပါးလိုက်ပါတယ်"
အကြပ်တစ်ဦး ထလာပြီး
"တယ်မသိဆိုးရွားတဲ့ တောသားလူရိုင်းလေးတွေ ပါလား။ ဗိုလ်မင်းကို ဒီလို မပြောရဘူး။ ရှိခိုး ဦးချပြီး ဒူးတုပ် ပျဝပ်နေရတယ်။ လက်အုပ်ချီပြီး ဘုရားလို့ ထည့်ပြောရတယ်ကွဲ့"
သူတို့ အချင်းချင်း ကြည့်နေကြသည်။ မားမားမတ်မတ် ရပ်နေကြဆဲပင်။ တိုက်မောင်းထံမှ မပွင့်တပွင့်အသံ ထွက်လာ၏ ။
"ရှိခိုးပြီး ဘုရားထူးရအောင် ဘုန်းကြီးလည်း မဟုတ်"
အကြပ် စိတ်ဆိုးသွားရာ တပ်မှူးက
"နေပါစေ။ သူတို့က ကြုံမှ မကြုံဖူးဘဲ၊ ဘယ်သိကြပါ့မလဲ။ သူတို့ နေတတ်သလို နေပစေ။ အစ်ကိုတို့ သူကြီးမင်းကို ဒီညနေတော့ လာနိုင်ဖို့ ကြိုးစားပါ့မယ်လို့ စကားပြန်လိုက်ပါ"
တိုက်မောင်းက စကားရှည်ပြန်သည်။
"ကျွန်တော် တစ်ခုလောက် မေးပါရစေ။ တပ်ထဲ ဝင်ရင် အဲဒီလိုပဲ ရှိခိုးပြီး ဘုရား ဘုရား နဲ့ ထည့်ပြောရတာပဲလား"
"မပြောရပါဘူး။ မိတ်ဆွေ ရောင်းရင်း ညီအစ်ကိုတွေလိုပဲ ပြောဆို ဆက်ဆံလို့ ရပါတယ်။ တခြား တပ်တွေကတော့ သူတို့ ပုံစံနဲ့ သူတို့ ရှိမှာပေါ့။ ညီလာခံဝင်ရင်၊ မင်းမိဖုရားများ ကြွလာရင်တော့ ရှိခိုးရတယ်။ မင်းတို့ ရွာမှာ လူကြီးသူမတွေအိမ် တက်ရင် ရှိခိုးဦးချ မပြုကြဘူးလား"
ကံကောင်းက ဖြေလိုက်သည်။
"ပြုကြပါတယ်။ အသက်ကြီးမှ ပြုကြတာပါ။ ရွယ်တူချင်းတော့ ဘယ်သူမှ ဦးချ နှုတ်ဆက်တာမျိုး မရှိဘူး"
သူ ဆိုလိုသည်မှာ သူတို့ ညီအစ်ကိုနှင့် တပ်မှူးသည် သက်တူရွယ်တူများပင် ဖြစ်သည်ဟု ရည်ရွယ်ပုံ ရသဖြင့်
"အင်း၊ ဟုတ်ပါတယ်။ ဒါပေမယ့် တခြားတပ်က ဗိုလ်တွေကိုတော့ လိုချင် လိုလိမ့်မယ်"
"သည်မနက်ပဲ ကျုပ်တို့ဦးမင်း ဦးရာပြည့်နဲ့ တပ်တွေ ရောက်လာတာ သူလည်း ဗိုလ်ပဲ၊ ကျုပ်တို့ ဦးမချခဲ့ရလို့ နားမလည်ကြတာပါ တပ်မှူး။ အပြစ်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ"
"သြော်.. သူတို့တပ်တွေလား၊ အင်း.. ဆုံကြရဦးမှာပေါ့လေ"
တပ်မှူးက သူ့ဘာသာ ရေရွတ်ရင်း တွေးငေးနေသဖြင့် သူတို့ ဦးညွှတ်လက်အုပ်ချီလျက် နောက်ဆုတ် ပြန်ခဲ့ကြသည်။
"တစ်မျိုးပဲကွ နော်.. တိုက်မောင်း"
"အေး"
"ဆိုးတော့ မဆိုးပါဘူး"
"အောင်မယ်.. ဘာကွ"
ရှေ့မှ သွားနေသော အစောင့်ရဲမက်က လှည့်အော်လိုက်ခြင်း ဖြစ်သည်။
"မင်းတို့က ဘုမသိ ဘမသိနဲ့ စွတ်ရွတ်ပြော၊ ခုလည်း ဘာမှ မသိဘဲ ငါတို့တပ်မှူးကို မှတ်ချက်ချနေကြပြန်ပြီ။ မဆိုးပါဘူး မဟုတ်ဘူး.. အားကြီး ဆိုးတယ်ကွ။ မင်းတို့က မသိသေးလို့ ၊သူဆိုးတာ မြင်ရင် ဒီလိုပြောနိုင်မယ် မထင်ဘူး"
ကံကောင်းက ရယ်ချင်သွားသော်လည်း ခပ်တည်တည်ဖြင့်
"ဟုတ်ကဲ့ပါခင်ဗျာ၊ ဆိုးတယ်ဆိုလည်း ဆိုးတယ်ပေါ့"
တိုက်မောင်းကလည်း
"ခုတော့ ကောင်းလို့ပါပဲ"
မကျေမနပ်နှင့်ပင် ရဲမက်တော် ပြန်လှည့်သွားသည်။
"ဘယ်လို ကောင်တွေမှန်း မသိဘူး။ ဝံ့ကြွားကြွားနဲ့"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တိုက်မောင်း ပြန်ရောက်ရောက်ချင်းပင် ဦးလေး ဦးရာပြည့်က အခေါ်လွှတ်ကာ ကိစ္စတစ်ခု စေခိုင်းလေသည်။
"မင်း ရေနံ့သာကို သွားတတ်တယ်မဟုတ်လား။ မဝေးပါဘူး။ အဲဒီမှာ ငါ့မိတ်ဆွေတစ်ယောက် ရှိတယ်။ ငမင်းရာ တဲ့။ သူ့ဆီ ငါက ပေးခိုင်းတာလို့ ပြောပြီး ဒီစာလေး သွားပေးပေးကွာ။ ပြီးတာနဲ့ မြန်မြန်ပြန်ခဲ့ဦး"
တိုက်မောင်းက ချက်ချင်း ထွက်သွားသဖြင့် ရေနံ့သာရွာသို့ မွန်းတိမ်းပြီးစအချိန် ရောက်သွားသည်။ ဦးမင်းရာအိမ် အလွယ်တကူ ရှာတွေ့ပြီးနောက် ချိတ်ပိတ်ထားသော စာကို ပေးလျက် ပြန်မည်ပြုရာ ဦးမင်းရာ၏ဇနီးက ထမင်းအတင်းကျွေးနေသောကြောင့် ဝမ်းလည်း ဟာနေပြီဖြစ်၍ မငြင်းတော့ဘဲ ထိုင်စားနေလိုက်သည်။ ထိုစဥ် အိမ်အောက်မှ မွန်လိုပြောသံ ကြားရ၏ ။
"တို့အဆက် ငရာပြည့်ဆီကပဲကွ။ မကြာခင် တပ်တစ်တပ် လူအနည်းငယ်နဲ့ နယ်ကျွံလာလိမ့်မယ်တဲ့။ နောက်တပ်တွေ မပါမှာ သေချာတယ်၊ အဲဒါ သေသေချာချာ ပိတ်ဖမ်းကြပါလို့ ဆိုတယ်။ မင်း ဗညားတို့ဆီ အကြောင်းကြားချည်စမ်း"
တိုက်မောင်း ထမင်းနင်သွား၏ ။ သူ၏ မိခင်မှာ မွန်အမျိုးသမီး ဖြစ်ရာ ဉာဏ်နည်းသော သူ့အား ငယ်စဥ်ကပင် မွန်စာ အရေး အဖတ် သင်ပေးခဲ့သည်။ အစ်ကို ကံကောင်းက အနည်းငယ်သာ နားလည်သော်လည်း သူကတော့ ခက်ခဲလှသော မွန်ဘာသာအား အရေးအဖတ် ကျွမ်းကျင်ခဲ့ပြီး အမိနှင့် နှစ်ဦးတည်းဆိုလျင် မွန်လို ပြောလေ့ ရှိကြ၏ ။
ယခု ဦးမင်းရာ မွန်လိုပြောလိုက်သည်မှာ စစ်ရေး အရေးကြီးမှန်း သိလိုက်ပြီး တစ်မျိုးလည်း ဖြစ်နေသည်။ သူ နားမလည်လှ၊ ထမင်း အမြန်စားပြီး ပြန်ခဲ့လျက် ကံကောင်းကို လိုက်ရှာသည်။ မည်သည့်ရွာ ရောက်နေသည်မသိ၊ ရှာမရချေ။

Written by သင်္ခရာဇာ

End date: May 20, 2021

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...