ညနေ။
"ထည့်ကြဦးလေ.. ဗိုလ်မင်းတို့။ အားမနာနဲ့နော်၊ ထပ်ထည့်ပါဦး။ ဗိုလ်လေးက တော်ပြီလား။ အစားနည်းလိုက်တာ"
"တော်ပါပြီ ဦးကြီး၊ စားလို့လည်း ကောင်းပါတယ်။ ကျွန်တော် ဒီလောက်ပဲ စားနေကျမို့ပါ"
လက်ျာဘီလူးက လက်ဆေးပြီးနောက် လက်ဖက်ခွက်ကို လက်လှမ်း၏ ။ ယွန်းအုပ်ထဲမှ လက်ဖက် ယူစားစဥ် သူကြီး ဦးဆယ် အနားလာထိုင်ပြီး
"သည်ထက်ပို ကျွေးချင်တာပါဗျာ။ သည်နှစ်မှ တိုင်းရေးပြည်ရေးရော ရာသီဥတုပါ မကောင်းတာနဲ့ ကြုံလို့"
"ကျွန်တော် နားလည်ပါတယ် ဦးကြီး"
လက်ျာဘီလူးက ပြောရင်း အပြင်မှ သူတို့အား လာကြည့်ကြသည့် ဝိုင်းအုံနေသော ကလေးငယ်များ၏ ထူးခြားချက်ကို သတိထားမိသွားသည်။
"ဟိုကလေးတွေက အားလုံး ခေါင်းတုံးရိတ်ထားကြတာ.. ကိုရင်လူထွက်ကလေးတွေလား"
"ဘယ်က ဟုတ်ရမှာလဲ မောင်ရင်။ သူတို့တွေ ကိုရင်ဝတ်ဖို့ မောင်ရှင်လောင်း လှည့်နိုင်ဖို့ နေနေသာသာ သင်္ကန်းတောင် မရှိလို့ မဝတ်ရဘူး။ အလှူဝေးလို့ သူတို့မှာတောင် ဆန်တစ်လှည့် လူး ဆပ် ပြောင်းတစ်လှည့် မြိုနေကြရတာ ကြာပါကော။ ခေါင်းတုံးက ဒက်တွေ ပေါက်ကြလို့ ရိတ်ပေးထားတာပဲ"
လက်ျာဘီလူးက ကလေးများကို ငေးကြည့်နေသည်။ သူကြီးနှင့် ဗိုလ်များ ပြောနေသံကို ကြားလိုက် မကြားလိုက်။ သူငယ်စဥ် ကိုရင်ဝတ်ခဲ့သည်ကိုလည်းကောင်း၊ ဘုန်းကြီးကျောင်းသားဘဝကို လည်းကောင်း အမှတ်ရနေမိ၏ ။
"အမလေး.. လုပ်ကြပါဦး"
"ဟဲ့.. ဟဲ့.. ပါသွားပြီ၊ ဘာကြီးလဲ"
"အထုပ်.. အထုပ်၊ အသပြာတွေ ထည့်ထားတဲ့ အထုပ်"
အိမ်အောက်မှ မိန်းမကြီးများ အော်သံကြောင့် ပြတင်းပေါက်အနီး ရပ်နေသော တိုက်မောင်းက ငုံ့ကြည့်ရာ မိန်းမတစ်ယောက်၏ ငွေထုပ်ကို သူမွေးထားသော မျောက်က ရုတ်တရက် ယူ၍ ပြေးသွားခြင်း ဖြစ်နေသည်။ ကြိုးလွတ်သွားသည့် မျောက်မှာ သစ်ပင်ရှိရာ ဦးတည်၍ တချိုးတည်း ပြေးလေ၏ ။
တစ်ဆက်တည်းပင် အိမ်ပေါ်မှ တပ်မှူး လက်ျာဘီလူး ခုန်ချသွားပြီး သူ့ရှေ့တွင် တွေ့သည့် ခုံဖိနပ်တစ်ဖက်ကို ဆွဲကာ ပြေးသွားသည်ကို တွေ့ရ၏ ။ တိုက်မောင်း ကြည့်နေသော ပြတင်းမှ ပေါ့ပါးစွာ ကျော်ဆင်းသွားလျက် မည်သည့်အသံမျှ မကြားရဘဲ မြေပေါ်ကျသွားသည်ကို လူအများ အံ့သြနေစဥ် သူက အသေအချာ ချိန်ရွယ်ကာ ခုံဖိနပ်ကို ပစ်လွှတ်လိုက်သည်။
သစ်သားဖိနပ်က မန်ကျည်းပင်ကြီးပေါ် ကုပ်တက်စ မျောက်၏ ကျောကို ထိမှန်လျက် မျောက်နှင့် အထုပ် ကျလာသည်၌ လမ်းတစ်ဖက်မှ လာနေသော ကံကောင်းတို့ ကာလသားများက ပြေးကောက်လိုက်ကြသည်။ ယင်းအဖြစ်ကို လက်တည့်လှသော တိုက်မောင်းပင် လက်ခုပ်တီးလျက် အော်လိုက်မိသည်။
"ဟာ.. တည့်လိုက်တဲ့လက်ကွာ.."
ကံကောင်းတို့ကတော့ ခုမှ ခုံဖိနပ်နှင့် ပစ်လိုက်သူမှာ တပ်မှူး လက်ျာဘီလူးမှန်း သိသွားကြသည်။ မျောက်မှာ နာလွန်းသဖြင့် အော်ဟစ် ရုန်းကန်နေ၏ ။
မိန်းမကြီးက ကံကောင်းတို့လက်မှ အထုပ်နှင့် မျောက်ကို ယူရင်း လွတ်သွားသော ခါးကြိုးကို ပြန်ချည်နေခိုက် အိမ်ပေါ်မှ ဆင်းလာကြသော ဦးရာပြည့်တို့ ရောက်လာကြသည်။
"အပင်ပေါ်သာ ရောက်သွားရင် ပစ်လို့ လွယ်တော့မှာ မဟုတ်ဘူး။ အထုပ် ပြန်ရဖို့ အလွန်ခက်မယ်။ ကံကောင်းလို့ပေါ့"
"မှန်လှပါ ကျေးဇူးကြီးလှပါတယ် ဘုရား။ သည်မျောက် သည်လိုပဲ ယူပြေးတတ်တဲ့ အကျင့်ရှိတာ.."
မိန်းမကြီး ပြောသည်ကို လက်ျာဘီလူးက ဆက်နားမထောင်ဘဲ အိမ်ပေါ်ပြန်တက်သွား၏ ။ တိုက်မောင်းက ကံကောင်းကို လက်ကုတ်ခေါ်၍ နောက်မှ လိုက်သွားသည်။ အိမ်ပေါ်၌ လူရှင်းနေခိုက်
"တပ်မှူး သည်ည ကျွန်တော်တို့ လာလည်လို့ ရမလား"
ကံကောင်းက အံ့သြစွာ
"ဟေ့ကောင်.. ဘာလုပ်ဖို့လဲ"
တိုက်မောင်းမျက်နှာမှာ အထူးတည်ကြည်နေပြီး တစ်စုံတစ်ခု ပြောလိုဟန် ရှိသဖြင့် လက်ျာဘီလူးက ပြုံးလျက်
"ရပါတယ်၊ လာခဲ့ကြပေါ့"
တိုက်မောင်း ကျေနပ်သွားပြီး လက်ဝါးတစ်ဖက်ကို လက်သီးနှင့် ထိုးလိုက်၏ ။
"ဒါပဲပေါ့"
"ဟော.. ဟိုနှစ်ကောင် ဘာလုပ်နေကြတာလဲ"
သူကြီး ဦးဆယ်တို့ အိမ်ပေါ် ပြန်တက်လာရာ သူတို့ နောက်ဆုတ်ကာ လူကြီးများအတွက် နေရာပေးလိုက်ရသည်။ အိမ်အောက်အရောက် ကံကောင်းက
"မင်း ဘာသွားလုပ်မလို့လဲကွ"
"လာ.. ငါပြောပြမယ်"
တိုက်မောင်းက ဆားအိတ်များ သိုလှောင်ရာ ဂိုထောင်ကြီးထဲရောက်မှ သူကြားခဲ့သည်တို့ကို ပြန်ပြောပြသည်။
"သူပြောပုံအရဆို ငါတို့ဦးမင်း အမျိုးဖျက်ပြီကွ"
"ငါလည်း အဲဒီလိုမျိုး ထင်တယ်။ အဲဒါကြောင့် မင်းကို တိုင်ပင်ရအောင် ပြောပြတာ။ တစ်တပ်တည်း အရင်လာမယ် ဆိုတာ ငါ့အထင်တော့ ဟိုတပ်မှူးနဲ့ ဘီလူးတပ်တွေပဲ ဖြစ်ရမယ်"
ကံကောင်းက စဥ်းစဥ်းစားစားဖြင့်
"အင်း.. ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါတို့က ဘယ်လို ပြောရပါ့မလဲ။ ပြောလိုက်လို့ ဦးမင်း ဒုက္ခရောက်မှာလည်း စိုးရတယ်။ မပြောရင်လည်း သူရဲကောင်းတစ်ယောက် အလဟဿ ဆုံးရှုံးနိုင်တယ်"
"ဒါပေမယ့် ဘထွေးဦးရာပြည့်က မွန်တွေနဲ့ ပေါင်းပြီး အကောက်ကြံတာပဲ ကိုကံကောင်း။ ငါမြင်သလောက်တော့ ဒီလူတွေက လူကောင်းတွေ။ မွန်တွေလို တို့ရွာကို အနိုင်မကျင့်ဘူး။ သူတို့လည်း စစ်ချီလာတာပဲ။ အတင်းအဓမ္မ ရိက္ခာမစုဆောင်းဘူး မဟုတ်လား"
"ပြောတော့ ပြောရမှာပဲ။ တို့ဘထွေးကို တတ်နိုင်သမျှ သက်ညှာပေးဖို့လည်း တောင်းဆိုရမယ်။ ငါတို့က သူ့အသက်ကို ကယ်သလို သူကလည်း ငါတို့ဘထွေး အသက်ကို လွှတ်သင့်တာပေါ့"
သူငယ်ဆိတ်အိပ်ချိန်ဝယ် ညီအစ်ကိုနှစ်ယောက် ပုဆိုးခြုံထဲ ဓားများ ထည့်လျက် မြရာကုန်းတောင်သို့ ထွက်လာကြသည်။ ရွာထဲတွင် ဦးရာပြည့်တို့ တပ်သားများ အနည်းငယ် ရှိနေသော်လည်း သူတို့ကို သတိမထားမိ။ တောင်ပေါ် စတက်တော့ အစောင့်စစ်သားက စစ်ဆေးနေရာ တိုက်မောင်းက
"မင်းတို့တပ်မှူးက ခွင့်ပြုလို့ လာတာ။ မယုံရင် သွားမေးကြည့်"
အစောင့်က ဇဝေဇဝါနှင့် တပ်ထဲ ဝင်ခွင့်ပြုလိုက်ပြီး တောင်ထိပ်သို့ ရောက်လာသည်။ တပ်မှူးကို မတွေ့ရ၊ ဗိုလ်တစ်ဦးက လက်ညှိုးညွှန်ပြရာ ကြည့်လိုက်ကြတော့ တောင်ကမ်းပါးထိပ်မှ သစ်ပင်နှစ်ပင်ပေါ်တွင် မည်းမည်းလူနှစ်ယောက်ကို တွေ့ရလေသည်။ ဘာတက်လုပ်နေကြသည် မသိ၊ မြစ်ဘက်သို့ မျှော်ကြည့်နေကြပြီး ခေတ္တကြာမှ ဆင်းလာကြသည်။
နှစ်ဦးစလုံး အလွန်မြင့်သော သစ်ပင်ထက်မှ ရှေ့ဆင့်နောက်ဆင့် ခုန်ချလိုက်ကြခြင်း ဖြစ်ရာ တိုက်မောင်းတို့ လန့်သွားသည်။ သို့သော် သူတို့ကတော့ အောက်ရောက်ရောက်ချင်း လူကို လှိမ့်လိုက်ကြသောကြောင့် အနာတရ မဖြစ်။ အလေ့အကျင့် ဖြစ်နေကြဟန် တူ၏ ၊ ကိုယ်ကို တစ်ပတ်သာ လှိမ့်လိုက်ပြီး မတ်မတ် ရပ်လိုက်ကြသည်။
"တပ်မှူး၊ ဒီမှာ ညီအစ်ကိုနှစ်ယောက် ရောက်နေတယ်"
"ကောင်းပြီ"
လက်ျာဘီလူး ဖုန်ခါရင်း သူတို့ဘက် လျှောက်လာရာ တိုက်မောင်းတို့က အထူးအဆန်းသဖွယ် ကြည့်နေကြ၏ ။
"အဲလို ခုန်ချတော့ မတော် ပွန်းပဲ့ ထိခိုက်မိတာ မဖြစ်ဘူးလား၊ အလျင်မလိုဘဲ ခုန်ချလာကြတာ တွေ့မိလို့"
တိုက်မောင်းက မနေနိုင်ဘဲ ထပြောသည်။ ကံကောင်းကတော့ ခပ်တည်တည်။
"ဒီလို ခုန်ချရတာက တပ်ထဲ စဝင်ကတည်းက လေ့ကျင့်လာကြရတာ ဆိုတော့ တို့လူတွေအဖို့ ရိုးနေကြပါပြီ"
လက်ျာဘီလူးက ခပ်ပြုံးပြုံး ဖြေရင်း ဝင်ထိုင်လိုက်၏ ။ တိုက်မောင်းက ကံကောင်းကို ကြည့်ပြီး
"ငါတော့ စစ်ထဲဝင်ချင်လာပြီကွ"
ဟု ဆိုလိုက်သည်။
No comments:
Post a Comment