ဖြစ်ကြောင်းကုန်စင် သံတော်ဦးတင်ပြီးသောအခါ အလောင်းမင်းတရားက
"မောင်မင်းတို့ ကင်းထောက်တပ်ကို သူက ပုန်းကြိုနေကြောင်း ကြိုတင်သိရှိသလို ပြင်ဆင်ထားတာပါကလား ငစံ"
မင်းတရား အမေးတော်ရှိ၍ လက်ျာဘီလူးက
"မှန်လှပါ၊ ကျွန်တော်မျိုး မန်ကျည်းကန်ရွာသူကြီး သားနှစ်ယောက်၏ ကျေးဇူးဖြင့် သတင်းကြိုသိရပါသည်။ ငရာပြည့်က မွန်တို့ထံ လူလွှတ်၍ စာပို့သည်ကို သူကြီးသား ငတိုက်မောင်းကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားခဲ့ရကြောင်းပါ"
"အိမ်း.. အခု ငရာပြည့်ရော၊ သေနတ်ထိတာ ပြန်ရသ လား"
"လှေနှင့်ကူးစဥ် ကျည်စေ့သင့်သဖြင့် ရေထဲ ကျသွားပါသည်။ လိုက်ဆယ်ကြသော်လည်း အသက်မမီပါ ဘုရား"
"ငါမင်းဧကရာဇ်ကို သင်း လွန်ဆန်ကြံစည်ဝံ့ပေတယ်"
"မှန်ပါ၊ သင်းအကြံကို သက်သေခံရန် သူကြီးသား ငကံကောင်းက မွန်တပ်ထဲ ပြေးဝင်သည့် ငမင်းရာ ဆိုသူကို မြင်းနှင့်တင်၍ လက်ရဖမ်းလာကြောင်းပါ ဘုရား"
"ငါမြင်လိုသည်၊ ရှေ့တော်သို့ သွင်းစေ"
အပြင်၌ ရပ်စောင့်နေကြသော ငကံကောင်း၊ ငတိုက်မောင်းနှင့် ငမင်းရာတို့ကို ဝင်စေရ၏ ။ ငမင်းရာထံမှ စာနှင့်တကွ ဝန်ခံချက် ရသဖြင့်
"ငါကိုယ်တော် အားရတော်မူသည်။ ယခုမှ အမှုတော်ကို စတင် ထမ်းရွက်သော်လည်း ရွပ်ရွပ်ချွံချွံ တံ့တံ့စားစားဖြင့် ရန်သူ့တပ်တိုင်အောင် လိုက်ကာ အရေးတော်ကို လွန်၍ ထမ်းသသူ ငကံကောင်းအား အရေးလွန် ဟူသောဘွဲ့၊ ရွှေနဖူးစည်းနှင့်တကွ ငွေခွက်တစ်ဆယ်၊ မြင်းကောင်းတစ်စီး၊ ပုဆိုးကောင်း ၂ အုပ် ချီးမြှင့်စေ"
ငကံကောင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် ရွှေနန်းရှင်ကို မော်ကြည့်နေသည်။ သူတို့အား အနီးကပ် ထိန်းသိမ်း ပြုပြင်ရန် ဘေးမှ အတူပါလာသော အမတ်ကြီး ဒေဝပစ္စည်းက တီးတိုးလေသံဖြင့်
"ဟဲ့.. မောင်ရင်လေး၊ သုရှင်ကို မော့မကြည့်ရဘူး။ ဖူးမြော်ကြစေ အမိန့်ရမှ မော့ကြည့်ခွင့် ရှိတယ်။ ဒုက္ခပါပဲ"
ငကံကောင်းက မျက်ရည်လည်လာသော မျက်လုံးများနှင့် ခေါင်းငုံ့ချလိုက်ကာ
"အရှင့်အရေးတော်ကို အသက်ပေး ထမ်းရွက်ပါမည့်အကြောင်း သစ္စာပြုပါတယ်ဘုရား"
"အိမ်း.. ကောင်းပြီ၊ ငမင်းရာကို ထောင်သွင်း အကျဥ်းချ၍ မြို့ရိုးတည်လုပ်ရာ အစုတွင် သွင်းစေ။ ငရာပြည့်မှာ တူမတော်ယောက်ျားမို့ ဆွေတော်မျိုးတော်အဖြစ် မြှောက်စားခဲ့သည့် ကျေးဇူးကိုမျှ မထောက်၊ ရန်သူနှင့် ပူးပေါင်းဝံ့သည်။ သင်း မသေလျင်လည်း ရာဇဝတ်သားတို့အတိုင်း ကွပ်ရမည် မုချ။ အဘယ်ကြောင့် သင်း ဖောက်ပြန်သနည်း"
ငရာပြည့်နှင့် အတူပါလာပြီး စစ်ပွဲသို့ မလိုက်ရဘဲ မင်းတရားအကြို စောင့်နေခဲ့ရသော ဗိုလ် ငရွေး လျှောက်ရ၏ ။
"အရှင့် ကျွန်တော်မျိုး ငရာပြည့်မှာ လောဘ ဒေါသ အားကြီးသူ မဟုတ်ပါ။ ဝန်တို မစ္ဆရိယ ရှိ၍ မင်းဆွေမင်းမျိုး မဟုတ်သူ မင်းထင်နော်ရထာ ဝင်းမှူးဖြစ်သည်ကို မကျေနပ်ကြောင်း ဘုရား ကျွန်တော်မျိုးအား ပြောဖူးပါသည်"
"ယမန်နေ့ညဦးက ကျွန်ုပ်ထံ လာ၍ လက်ျာဘီလူး ကင်းထောက်ရန် သွားလျင် အကူအထောက်အဖြစ် သူလိုက်သွားမည့်အကြောင်းနှင့် ကျွန်တော်မျိုးက ဘုန်းကြီးသည့် အရှင်နှင့် ရွှေတပ်တော်များကို ကြိုရန် နေခဲ့ရမည်ဟု ဆိုပါသည်။ သူက အကြီးအမှူးဖြစ်၍ စောဒက မတက်ဝံ့။ မလိုသူအား ကူမည့် အကြံမှာ မမှန်ဟု ထင်သော်လည်း အမိန့်ကြောင့်နေရစ်ခဲ့ရပါသည်ဘုရား"
"အင်း.. အင်း၊ ငါ သဘောပေါက်ပြီ။ ငရာပြည့်အား ဒိုင်းနှင့် လွှားများ ကာထားသည့်ကြားမှ ထိမှန်အောင် ပစ်နိုင်သည့် သူမှာ အလွန် လက်တည့်လှသည် ဖြစ်လိမ့်မည် မင်းကြီးတို့"
ထိုအခါ လက်ျာဘီလူးက အခွင့်ရခိုက်
"ငရာပြည့်ကို ပစ်ခတ်သူမှာ ရန်သူ မွန်တို့ထဲမှ မဟုတ်ဘဲ သူ၏ တူတော် ငတိုက်မောင်းဖြစ်ကြောင်း သံတော်ဦးတင်ပါသည်ဘုရား"
"အလို.. ငတိုက်မောင်းက သူ့ ဦးရီးကို ဘာလို့ ခက်ခက်ခဲခဲ ပစ်ခတ်ခဲ့တာလဲ"
ငတိုက်မောင်းက သူ့အားမေးသည် အမှတ်ရှိကာ
"ကျွန်တော်မျိုး ဖြေရမှာလား ဘုရား"
မှူးမတ်အချို့ ပြုံးသွားကြ၏ ။ အမတ်ကြီးက
"ဟဲ့၊ နင့်အမည်တပ်၍ မေးမှ ဖြေလေ"
တိုက်မောင်းက ဘေးကို လှည့်ကြည့်ပြီး
"ငတိုက်မောင်းက ဘာလို့ ပစ်တာလဲလို့ မေးနေတယ်လေ"
အလောင်းမင်းတရားလည်း အခြေနေနှင့် ငတိုက်မောင်းသွင်ပြင်ကို သဘောပေါက်သောကြောင့်
"သည်တောသားသူငယ် အကြောက်အလန့်မရှိ ရဲဝံ့လှသည်။ သူ လျှောက်လိုရာကို လျှောက်စေ။ မည်သူမျှ မပိတ်ပင် မတားမြစ်ကြပါနဲ့"
ထိုအခါမှ တိုက်မောင်းက
"သူရဲကောင်း လက်ျာဘီလူးသည် အမှန်ပင် အလွန်တော်သော ၊ထက်မြက်သော၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံသူ သူရဲတော်အစစ် ဖြစ်ပါသည်။ ကျွန်တော်မျိုးတို့ ဘထွေးမှာ မင်းဆွေမင်းမျိုး ဖြစ်သည့်တိုင် ရွာသို့ အရောက်အပေါက် မရှိ၊ သတင်းလည်း မကြားရ၊ သာမန် ဗိုလ်တစ်ဦးသာ"
"လိုရင်းကို လျှောက်ကွဲ့"
အမတ်ကြီးက သတိပေးသဖြင့် တိုက်မောင်း လှည့်ကြည့်ပြန်ရာ အချို့၏ ရယ်ခိုးသံများ သဲ့သဲ့ထွက်လာလေသည်။
"အဲဒါနဲ့.. အဲ၊ ဘထွေး ဦးရာပြည့်က တပ်မှူးလက်ျာဘီလူးကို အနီးကပ် လုပ်ကြံတော့မယ် ထင်လို့ ကျွန်တော်မျိုးက ပို၍ ထိုက်တန်သူကို ရွေးလိုက်တာပါ ခင်ဗျာ.. အဲ၊ ဘုရား"
အမှားမှား အယွင်းယွင်းနှင့် သူ့စကားများကို ရွှေနန်းရှင်က သည်းခံရုံမက ပြုံးလျက် ခေါင်းညိတ်နေ၏ ။
"စိတ်ထားကတော့ လေးစားစရာပါလားကွယ်တို့"
"မှန်လှပါ၊ စိတ်သဘောထား ဖြူစင်ဖြောင့်မတ်၍ လက်တည့်လှသော ဤသူငယ်အားလည်း အစ်ကိုနည်းတူ ဆုတော် လာဘ်တော်များ ချီးမြှင့်သင့်ကြောင်း လျှောက်ထားဝံ့ပါသည်ဘုရား"
လက်ဝဲသုန္ဒရ အမတ်ကြီး (နောင်အခါ လက်ဝဲနော်ရထာ) က လျှောက်တင်ပေးရာ
"ကျွန်တော်မျိုး အစ်ကိုကံကောင်းလို ဘွဲ့တွေနဲ့ ဆုလာဘ်တွေ မလိုချင်ပါဘူး ဘုရား။ တောင်းဆိုခွင့် ရလျင် တစ်ခုသာ တောင်းချင်ပါတယ်"
မင်းပရိသတ်နှင့်တကွ အလောင်းမင်းတရား ကိုယ်တော်တိုင်ပင် တိုက်မောင်းစကားကို အံ့အားသင့်သွားသည်။
"မောင်မင်းက ဘာဆုကို လိုချင်လို့လဲ၊ လျှောက်စေ"
"ဘုရား ကျွန်တော်မျိုး ငတိုက်မောင်းကို စကားအနည်းငယ် ပြောခွင့်ပေးပါ"
ဆိုကာ ချောင်းဟန့်လိုက်သေးရာ မင်း မိဖုရားများ ပြုံးရယ်ကြလေသည်။ လက်ျာဘီလူးသည် ဘေးမှနေ၍ တိုက်မောင်းကတော့ လုပ်ပြီ ဟု တွေးနေ၏ ။
"အင်းဝ ကုန်းဘောင် တပ်များအကြောင်း ကျွန်တော်မျိုးတို့ ပုံပြင်သဖွယ် ကြားဖူးနေခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော် သဘောအကျဆုံးမှာ ဘီလူးတပ် ဟူသည့် တပ်ကြီးပင် ဖြစ်သည်"
"ဘီလူးတပ်.. ဟုတ်လား"
ဆို၍ အလောင်းဘုရားက လက်ျာဘီလူးကို ကြည့်လိုက်သည်။
"မှန်ပါ၊ ယခု နဖူးတွေ့ ဒူးတွေ့ တွေ့ရသောအခါ သူတို့သည် မျှော်မှန်းထားသလို တကယ့်ဘီလူးများ မဟုတ်သော်လည်း..."
ဝေါခနဲ ရယ်လိုက်ကြသံများကြောင့် တိုက်မောင်း ကြောင်နေ၏ ။ မိဖုရားခေါင်ကြီးသည် ပါးစပ်ထဲမှ ကွမ်းများကို ဖွီးခနဲ ထွေးထုတ်လိုက်ပြီး နှုတ်ခမ်းကို လက်ဖြင့်သုတ်ရင်း ဗိုက်ကို နှိပ်ကာ ရယ်နေရာမှ အသံမထွက်တော့။ သူ့အစ်ကို ငကံကောင်းပင် မျက်နှာအောက်ချလျက် ကြိတ်ရယ်နေသည်။
"ဘုရား တပည့်တော်.. အဲ ၊ကျွန်တော်မျိုး လေးစားအားကျစိတ် မပျက်မိကြောင်း လျှောက်ထားလိုပါသည်။ သူရဲကောင်း လက်ျာဘီလူးကိုလည်း စတွေ့သည်မှ တစ်စထက် တစ်စ သဘောကျ ကြည်ညိုလာခဲ့ပါ၏ ။ထို့ကြောင့် ကျွန်တော်မျိုးအား အခြားဆုလာဘ်ထက် ဘီလူးတပ်တွင်သာ အမှုထမ်းခွင့် ပေးသနားပါရန် လျှောက်တင်လိုကြောင်းပါ။ ယခု ကျွန်တော်မျိုးမှာ တပ်မှူး၏ ညွှန်ကြားချက်အရ ဘထွေးတပ်မှ လိုက်နေရသည်ကို နည်းနည်းမှ မကြိုက်ပါဘူး ဘုရား"
အလောင်းမင်းတရားကြီးက ရာဇဣန္ဒြေဖြင့် ပြုံးလျက် "ပြည့်စေ" ဟု ဆိုကာ တစ်ဖက်သို့ လှည့်၍ ရယ်သော်လည်း မိဖုရား မောင်းမများကတော့ ပါးစပ်ကို လက်ဝါးကာလျက် ရယ်မောနေကြရ၏ ။
"ဘီလူးတပ်သား ဖြစ်ရရင် ကျေနပ်ပြီလားကွဲ့၊ အခြားရော မလိုအပ်ဘူးလား"
နန်းမတော် ရှင်မိဖုရားခေါင်ကြီး သီရိရာဇာ စန္ဒာဒေဝီက အမိန့်တော်ရှိသဖြင့် တိုက်မောင်း ဖြေရပြန်သည်။
"ကျွန်တော်မျိုး စိတ်ဝယ် မတင်မကျ သိလိုသည်ကို မေးမြန်းခွင့် ရလိုပါတယ် ဘုရား"
"မေးစေ၊ မေးစေ။ သူမေးသည် ပြောသည်များကို အပြစ်မယူကြနဲ့ဟဲ့။ ငစံငယ်လည်း နောင်ကို နန်းတော် ဝင်ရင် သူ့ကို မကြာမကြာ ခေါ်လာခဲ့စမ်းဟယ်"
နန်းမတော် အမိန့်ကြောင့် အားလုံး ငြိမ်နေကြရာ
"အဲသည်ညက.."
"ဘယ်ညကလဲကွဲ့၊ ပြည့်ပြည့်စုံစုံ တင်စမ်း"
"အဲ.. ကျွန်တော်မျိုးတို့ တပ်မှူး လက်ျာဘီလူးထံ ဝင်တွေ့ ပြောဆိုကြသည့် ညက တပ်မှူးက သည်ရွာက ကလေးတွေကို ရှင်ပြု သင်္ကန်းစည်းပေးဖို့ ဆုံးဖြတ်ချက် ချထားကြောင်း ဆိုပါတယ်။ သို့သော် သူ့တွင် ထိုမျှ မတတ်နိုင်သေးကြောင်းလည်း သိရပါတယ်။ အဲဒါ ကျွန်တော်မျိုး သိချင်တာက သူလို သူရဲကောင်း တစ်ယောက်ဟာ ဒီလောက်မှ ငွေမရှိဘူးလား ဘုရား"
အလောင်းမင်းတရား အံ့သြသွားသည်။
"နင် ဘယ်လို မေးလိုက်တာလဲ။ ငါက သင်းကို မချီးမြှင့်ဘူးလို့ ဆိုလိုသလား"
"ဤမျှ အစွမ်းအစ ပြည့်ဝ၍ ပွဲလမ်းရသည့် သူရဲတော်အဖို့ သင်္ကန်းစရိတ်မျှ မတတ်နိုင်သေး ဆိုတာကို နားမလည်မိသောကြောင့် မေးမြန်းလျှောက်ထားကြည့်ခြင်းသာ ဖြစ်ပါသည်။ အပြစ်တော် မယူပါနှင့် ဘုရား"
ငကံကောင်းက တီးတိုးသတိပေး၏ ။
"တိုက်မောင်း၊ မင်း လွန်နေပြီ။ တော်တော့"
"အင်း.. ငစံငယ်က သာမန်သူရဲကောင်းမဟုတ်။ မင်းထင်နော်ရထာ ဘွဲ့အမည်နှင့် နန်းတော် ဝင်ထွက်သက်တက် စီရင်ခွင့်ရှိတဲ့ ငါ့ အရှေ့ဝင်းတော်မှူး ဖြစ်သည်။ ငါကိုယ်တော် အိပ်ဆောင်ထဲအထိ ဓားကိုင် ဝင်ထွက်ခွင့် ရသသူ၊ ငါကိုယ်တော် အထူးယုံကြည် ကိုးစားရသူလည်း ဖြစ်တယ်။ ဘွဲ့အမည်မှာ လက်ဝဲလက်ယာ ပါတယ်ဆိုတာဟာ ငါ့လက်ရုံးတော်များလို့ ဆိုလိုပေတယ်"
ထိုအခါမှ တိုက်မောင်းက တအံ့တသြဖြင့် လက်ျာဘီလူးကို ကြည့်ကာ "ဟုတ်လား" ဟု ရေရွတ်လိုက်သည်။ အလောင်းမင်းတရားက ပြုံးလျက်
"ယခု အခိုက်အတန့်မှာ သင်း မသင့်သည်ကို ဆိုသောကြောင့် အဆောင်အရွက် ရာထူးစည်းစိမ်ကို သိမ်း၍ ရှေ့ပြေးကင်းထောက်ထွက်ရန် ငါက အပြစ်ပေးထားခြင်း ဖြစ်တယ် မောင်မင်း။ သို့သော် သူ ပွဲရသည်လည်း တစ်ကြောင်း၊ ရည်ရွယ်ချက်လည်း ရှိသည်မို့ ငစံငယ်အား ဆုတော်လာဘ်တော် များစွာ ချီးမြှင့်ရပေမည်"
"ငစံငယ် အလှူအတွက် လိုအပ်သမျှ ရွှေတိုက်တော်က ထုတ်ယူစေ။ ငါက အလှူတစ်ဝက် ပါမည်။ ဤရွာတွင် နှစ်ရက် သုံးရက် စခန်းချကာ မဏ္ဍပ်ကြီးဆောက်၊ အနီးအနားဆယ်ရွာ မီးခိုးတိတ် ကျွေးမွေးရမည်။ ရဟန်းသာမဏေတို့ ဆွမ်းကွမ်း သင်္ကန်း ဆေးဝါး လိုအပ်သမျှ ပြည့်စုံကြစေ။ မင်းထင်နော်ရထာ၏ အလှူကို မလစ်မဟင်းစေရန် တပ်အားလုံးကဝိုင်းဝန်းကူညီကြရမည်။ အမိန့်တော်"
လက်ျာဘီလူး အလွန်ဝမ်းသာသွား၏ ။ သာသနာကို ချီးမြှောက်သော မင်းတရားလက်အောက် သူလိုချင်သည်မှာလည်း ငွေကြေး အဝတ်ပုဆိုးကောင်းများ မဟုတ်။ မန်ကျည်းကန် ကျေးရွာမှ ဆင်းရဲနုံချာလှသည့် ကလေးငယ်များအား ကြီးကျယ်စွာသော အလှူမင်္ဂလာ အခမ်းအနားဖြင့် သင်္ကန်း ဆွမ်းဆန် ပြည့်စုံလုံလောက်စွာ ရှင်သာမဏေ ပြုပေးနိုင်ရေးသာ ဖြစ်သည်။
ယခုတော့ တိုက်မောင်း ကျေးဇူးဖြင့် လိုအပ်သည်ထက် ပိုကာ ရရှိခဲ့လေပြီ။ သူ့သခင် အလောင်းမင်းတရားနှင့်အတူ ကုသိုလ်ပြုခွင့်ပင် ရလိုက်သေး၏ ။ ထို့ကြောင့် တိုက်မောင်းလက်ကို ဆုပ်ကိုင်ကာ ကျေးဇူးတင်ကြောင်း လှိုက်လှဲဝမ်းသာ ပြောလိုက်သောအခါ တိုက်မောင်းက
"ဒါဆို ကျွန်တော့်ကို ဘယ်နေရာမှာ ခန့်မှာလဲ"
ဟု ပြန်လည် မေးမြန်းလိုက်လေ၏ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
No comments:
Post a Comment