နောက်တစ်နေ့ နေ့လယ်၌ ရှေ့ပြေး ကင်းထောက်တပ် ဖြစ်သော တပ်မှူး လက်ျာဘီလူးနှင့် သူ၏ ဘီလူးတပ်များသည် လှေဖောင်များဖြင့် မြစ်ရိုးအတိုင်း ဆက်လက် စုန်ဆင်းသွားကြသည်။ မိကျောင်းရုပ်၊ မကန်းရုပ်၊ ပဥ္စရူပရုပ်၊ နယားရုပ်၊ ဂဠုန်ရုပ်၊ ကြက်တူရွေးရုပ် ရဲလှေများစွာ ပါဝင်ပြီး ကြည်းတပ်တွင် မြင်း ၂၀၀၊ ရေတပ်ဝယ် ဓားလှံ သေနတ်သား ၃၀၀ ကျော် ရှိကြ၏ ။
သူတို့ ထွက်သွားပြီး အနည်းငယ်အကြာ ငရာပြည့်တို့ တပ်များလည်း လိုက်ပါသွားကြ၏ ။ ငရာပြည့်တပ်၌ တပ်သားသစ်နှစ်ဦး ပါလာပြီး ကံကောင်းနှင့် တိုက်မောင်းတို့ သူတို့ဦးလေးနှင့်အတူ မြင်းတပ်တွင် လိုက်ပါလာကြခြင်း ဖြစ်သည်။
လက်ျာဘီလူးကတော့ ပဥ္စရူပရုပ် ရဲလှေပေါ် ဒိုင်း လွှား သေနတ် ဓားလှံများ တင်ကာ ရှေ့ဆုံးမှ သွားနေသည်။ သူက ဝန်းကျင် အခြေအနေများကို အကဲခတ် လေ့လာရင်း လှေတော်သားများအား ဖြည်းဖြည်းချင်းသာ လှော်ခတ်ကြစေ၏ ။
နှစ်ပဟိုရ်ခန့် ရှိလျင် မြစ်ကျဥ်းသွားသည့် နေရာတစ်ခုသို့ ရောက်ရာ တစ်ဘက်၌ ကိုင်းတော၊ တစ်ဘက်ဝယ် သဲသောင်ပြင် ကမ်းပါးစောက်စောက် ရှိသည်ကို မြင်၍ ရပ်နေ၏ ။ ကမ်းတစ်ဘက်မှမြင်းတပ်များ မီလာကြသောအခါ ကမ်းပါးစောက်ရှိရာသို့ ဓားဦးညွှန်ကာ လှေများကိုလည်း ကိုင်းတောဘက် ကပ်၍ အပြင်းလှော်ကြစေလေသည်။
မြစ်ပြင်ထဲ လှေပေါ်မှ ကြည့်လျင် ကမ်းပါးစောက်အပေါ်ကို မမြင်ရ၊ တစ်ဘက် ကိုင်းတောမှာမူ ရေစပ်စပ်တွင် ပေါက်နေ၍ သူတို့နှင့် ရေပြင်ညီအနေအထား ဖြစ်သည်။ ထင်သည့်အတိုင်း မြင်းခွာသံများ ကြားသည်နှင့် ကမ်းပါးပေါ်တွင် ဝပ်နေကြသော မွန်များ သေနတ်ဖြင့် ထပစ်ကြတော့သည်။
တစ်ဘက် ကမ်းပါးမှ ပစ်သည်နှင့် ကိုင်းတောထဲမှလည်း လူများစွာ ထလာပြီး နှစ်ဘက်ညှပ်ပစ်ကြလေပြီ။ လက်ျာဘီလူးတို့ကမူ ဒိုင်းလွှားများ လုံအောင်ကာလျက် ကိုင်းတောဘက်သို့သာ သေနတ်သားများက ပြန်လည်ပစ်ခတ်ကြရ၏ ။ ကမ်းပါးပေါ်တွင် မြင်းသည်များနှင့် မွန်တို့ တိုက်နေကြပြီ ဖြစ်သလို သူ့နောက်မှ လှေများလည်း ကိုင်းတောဘက် ကပ်ကာ ကမ်းပေါ် တက်သွားကြသည်။
လက်ျာဘီလူးနှင့် ရဲလှေ ၃ စီးသာ ပစ်ခတ်သည်တို့ကို ကြံ့ကြံ့ခံလျက် ကမ်းမကပ်သေးဘဲ စောင့်နေကြသည်။ သို့ရာတွင် သူကြိုတင် ခန့်မှန်းထားသည့် အမြောက်တင် မွန်တိုက်လှေကြီးများကို မမြင်ရ။ ရှေ့တွင် ကြိုနေမည် ထင်သော်လည်း မွန်လှေ တစ်စီးမှ မရှိပေ။
ကမ်း နှစ်ဘက်တွင်တော့ အပြန်အလှန် ပစ်ခတ်မှုများ၊ အော်ဟစ် ကြုံးဝါးသံ၊ အမိန့်ပေးသံ၊ ဆဲရေးသံများဖြင့် ဆူညံနေကြချေသည်။ သူမျှော်လင့်ထားသလောက်အင်အားမျိုး မဟုတ်သောကြောင့် လက်ျာဘီလူးမှာ ကမ်းတက်ရနိုးနိုး၊ ထွက်ပေါ်လာမည့် မွန်ရေတပ်ကို စောင့်ရကောင်းနိုးနိုး၊ သို့မဟုတ် အပြင်းလှော်သွားကာ သူတို့ မရောက်မီက ဆီးကြိုလိုက်ရနိုးနိုး ဖြစ်နေ၏ ။
နောက်မှ ပါလာသော ငရာပြည့် တပ်များလည်း မီလာပြီး တိုက်ပွဲအတွင်း ဝင်လာသည်။ သူတို့ကတော့ သေနတ်တစ်ကမ်းမှ ပစ်နေကြပြီး တပ်မကျွံစေရန် ထိန်းသိမ်းထားပုံ ရသည်။ ယခုမှ လိုက်ပါလာသော တိုက်မောင်းတို့ တပ်သားသစ် နှစ်ဦးမှာ တိုက်ချင်လှသော်လည်း ဘထွေးက အဝေးမှသာ ပစ်ခိုင်းနေသဖြင့် မချင့်မရဲ ဖြစ်နေကြ၏ ။
ကံကောင်းက အဖ၏ ဆောင်ဓား လွယ်ထားပြီး လှံရှည်တစ်ချောင်း စွဲကိုင်ရင်း တိုက်ပွဲကို မျှော်ကြည့်နေသည်။ တိုက်မောင်းကတော့ သေနတ်တစ်လက်နှင့် အလုပ်ရှုပ်နေလေပြီ။ သူက လက်ဖြောင့်တပ်သား မဟုတ်လား။ မွန်တို့ကိုအသေအချာ ချိန်ရွယ်ကာ တစ်ယောက်ချင်း ပစ်ချနေတော့သည်။
တိုက်မောင်း ယမ်းထိုးနေတုန်းတွင် ကံကောင်းက မြင်းနှင့် သူ့ရှေ့မှ ရပ်၍ ကာဖြင့် ရန်သူတို့ ပစ်သမျှကို ကာကွယ်ပေးသည်။ မြားတံများကိုမူ လှံဖြင့် ရိုက်ချ၏ ။ တိုက်မောင်း အသင့်ဖြစ်လျင် မြင်းဖယ်ပေး၏ ။ ဦးရာပြည့်က ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်း သဘောကျနေသည်။
တိုက်ပွဲအတွင်း မြင်းတစ်စီး၊ သေနတ်တစ်လက်နှင့် ငမင်းရာကို ဦးရာပြည့် မြင်သွားသောအခါမှ တိုက်ကြတော့ ဟု ဆို၍ ဓားကို ဆန့်တန်းပြလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ဦးဆောင်ပြီး မြင်းဖြင့် ပြေးထွက်သွား၏။ ရေတပ်မှ သူ့လူများလည်း လက်ျာဘီလူးတို့ လှေသုံးစင်းကို မီလာသည်ဖြစ်ရာ တစ်ဘက် ကမ်းသို့ လှေအားလုံးကပ်သွားကြလေသည်။
မွန် မြန်မာ မြင်းသည် ခြေသည်ချင်း ရောထွေးနေကြစဥ် ငမင်းရာ ရှိနေသည့်အနားသို့ ဦးရာပြည့် ကပ်သွားကာ
"ဟေ့ ငမင်းရာ၊ ဘယ်လိုဖြစ်သလဲဟေ့"
"ငါ့ကို ဒီလောက်ပဲ ပေးတယ်ကွ၊ သိပ်မယုံကြဘူး"
"တောက်"
"မင်းလည်း ကူဦးလေကွာ"
ဦးရာပြည့်က မြင်းကို ဆွဲလှည့်လျက် ကမ်းပါးဘက်သို့ သွားရာ သူ့နောက် ကပ်လျက် အမြဲပါသော ငကံကောင်းလည်း လိုက်ကြည့်၏ ။ တိုက်မောင်းကတော့ အနောက်မှ တရွေ့ရွေ့ တိုးလာနေသော သေနတ်သားတို့ကြားတွင် ကျန်ခဲ့သည်။
ကမ်းပါး အောက်ဝယ် ရဲလှေနှစ်စီး သူတို့ဘက်ခြမ်းသို့ ကပ်ကာ တက်မည် ပြင်နေသည်ကို တွေ့တွေ့ချင်း ဦးရာပြည့် ဆုံးဖြတ်ချက် ချလိုက်ကာ မြင်းပေါ်မှ ဆင်းပြီး ကမ်းပါးစောက်အောက်သို့ ခုန်ချသွား၏ ။ ငကံကောင်းလည်း လိုက်မည်ပြင်ပြီးမှ သူ့ကို မခေါ်၍ မလိုက်ရ၊ ဦးမင်း၏ အကြံကို ရိပ်မိသည်နှင့် တိုက်မောင်းရှိရာ မြင်းနှင့်ပြေးသွားသည်။
"ဦးမင်းတော့ ဟိုဘက်ကမ်းကို ကူးတော့မယ်ကွ"
တိုက်မောင်းလည်း သေနတ်သားအစုမှ ခွာခဲ့၍ ကမ်းပါးဆီသို့ မြင်းနှစ်စီး ပြေးသွားကြလေသည်။ ဘထွေးမှာ လှေတစ်စင်း၏ ထိပ်တွင် ရပ်လျက်သား။ သိပ်မဝေးမီ တိုက်မောင်း ဆုံးဖြတ်ချက် ချလိုက်သည်။
ဘထွေး၏ လက်ယာဘက် လက်မောင်းကို ချိန်ရွယ်ကာ သေနတ်နှင့် ပစ်ရသည်။ ကံကောင်းက မြင်သော်လည်း မတား။ ထိုစဥ် ဦးရာပြည့်က ကိုယ်ကို ယိမ်းလျက် နောက်သို့ လှည့်ကြည့်ခိုက်နှင့် ကြုံသွားသောကြောင့် ကျည်ဆန်မှာ လက်မောင်းကို မထိဘဲ ကျောဘက်သို့ မှန်သွားလေသည်။
ဒိုင်းများ၊ လွှားများ ကာထားသည့်ကြားမှ ဗိုလ်ဖြစ်သူ ထိသွားသည့်အတွက် ရဲလှေသားများ အံ့သြမင်တက်နေကြစဥ် ဦးရာပြည့် ယိမ်းထိုးလျက် ရေထဲ ကျသွားလေသည်။ ထိုအခါမှ လှေတော်သားတစ်ဦးက ရေထဲ ခုန်ချ လိုက်ရှာ၏ ။ သို့သော် သူ ငုပ်သွားလျင် ငုပ်သွားချင်း ဦးရာပြည့် ခပ်လှမ်းလှမ်းမှ ပေါ်လာပြန်သည်။
ဦးရာပြည့် ပေါ်လာသည့်ဘက်သို့ နောက်တစ်ဦး ခုန်ချသွားသည်ကို တိုက်မောင်းတို့ ညီအစ်ကို ကမ်းပေါ်မှ ကြည့်နေကြ၏ ။
"နောက်ကနေ မလုပ်ကြံနိုင်အောင် လက်ကို ငါ သေချာ ချိန်ပစ်တာပဲကွ။ ဘထွေးက နောက်လှည့်လာတော့ လက်ပြင်ကို ထိသွားတာ"
"ငါတွေ့ပါတယ်"
ကံကောင်း အသံက အေးစက်စက်။ အံကို ကြိတ်ထားရာ မေးကြောများပင် ပေါ်နေသည်။
"သူ့ထိုက် သူ့ကံပေါ့။ ကံမကုန်သေးရင် ဆယ်လို့ ရပါလိမ့်မယ်"
ပြောပြောဆိုဆို လှံဖြင့် ချည်းကပ်လာသူ မွန်တစ်ယောက်ကို လှမ်းပစ်လိုက်သည်။ ထို့နောက် ဓားကို ဆွဲထုတ်ကာ မြင်းကို အပြင်းနှင်၍ တိုက်ပွဲထဲ ပြေးဝင်သွားတော့၏ ။
တိုက်မောင်းလည်း ဘထွေးအား လိုက်ဆယ်နေကြသည်ကို ကြာရှည် ကြည့်မနေတော့ဘဲ ဓားတစ်လက်စွဲကိုင်၍ အော်ဟစ်ကြုံးဝါးလိုက်သည်။
"ငတိုက်မောင်း လာပြီကွ၊ ခံဝံ့ရင် ခံကြစမ်း"
ကံကောင်းသည် မွန်တို့ ဗိုလ်ပုံအလယ်သို့ ဝင်ကာ ဓားစွမ်းပြနေသည်။ သူ့အား ဝိုင်းမိနေသော မွန်တို့မှာ များလှ၍ မကြာမီ မြင်းသေလေ၏ ။ သို့သော် ကံကောင်းက မပြေး၊ သူ့လက်ထဲ လှံတစ်ချောင်း ရောက်သွားသောအခါ ပို၍ ကျင်လည်စွာ တိုက်ခိုက်လာနိုင်သည်။ သူ့အား ထိပါးရန် မတတ်နိုင်အောင်ပင် လှံကို ဝှေ့ရမ်းကစားနေစဥ် မြင်းတစ်စီး သူတို့ဆီ အပြေးဝင်လာ၏ ။
"ခင်ဗျား အဲလို လုပ်နေရင် မကြာခင် လက်ပန်းကျသွားမှာပေါ့"
သူရိန်က မြင်းပေါ်မှ ပြေးဆင်းလျက် ဓားနှစ်လက်ဖြင့် ဝင်ကူရင်း ပြောလာသည်။ ကံကောင်းက မောပန်းနေသည့်ကြားမှ ဟက်ခနဲ တစ်ချက် ရယ်လိုက်ပြီး
"လက်ပန်းကျမကျ ကြည့်ပေါ့ ကိုရင်"
သူတို့ကို ဝိုင်းထားသော လူစည်းဝိုင်းမှာ ကျဥ်းလိုက် ကျယ်လိုက် ဖြစ်နေခိုက် သူရိန်၏ တပ်သားများ သေနတ်ပစ်ဖောက်ရင်း မြင်း ၂၀ ခန့် ထပ်ဝင်လာသောကြောင့် မွန်တို့ ဖရိုဖရဲ ဖြစ်သွားရ၏ ။
တိုက်ပွဲမှာ သိပ်မကြာလိုက်ချေ။ မွန်တစ်ထောင်ကျော်သာ ဖြစ်သဖြင့် လက်ျာဘီလူးနှင့် ဦးရာပြည့်တပ် နှစ်တပ်ပေါင်း လူ ၁၀၀၀ကျော်၊ နောက်တပ်ကူအနေနှင့်လည်း ထပ်ရောက်လာသည် ဖြစ်၍ မွန်တို့ ကြာရှည်မခံဘဲ ဆုတ်သွားကြသည်။ မြင်းသည်အများ လိုက်ထပ်ကြသဖြင့် သုံ့ပန်း ၁၀၀ ကျော်၊ သေနတ် ၂၅၀ ခန့် ရလိုက်လေသည်။
လက်ျာဘီလူးတို့ဘက်ခြမ်းတွင်မူ ပြေးနိုင်သူ အချို့သာ လွတ်ကြလျက် အသေအပျောက် များ၏ ။ သေသည်ပင် ၄၀၀ ခန့် ရှိမည်။ ပြောင်းသေနတ် ဓားလှံလေးမြား အများအပြားလည်း ရလိုက်ကြသည်။
တိုက်ပွဲပြီးလျင် သူတို့သည် နောက်သို့ ပြန်လည် ဆုတ်ခွာလာခဲ့ကြပြီး မူလ တပ်စွဲနေခဲ့ရာသို့ ပြန်လာကြသည်။ နောက်တပ်မကြီးနှင့်တကွ အလောင်းမင်းတရား ကိုယ်တော်တိုင် နဂါးရုပ် ဖောင်တော်ဖြင့် ရောက်ရှိလာပြီ ဖြစ်၏ ။
လက်ျာဘီလူးတပ်သည် ရှေးဦးစွာ ရောက်ရှိလာသော်လည်း အဖူးအမြော် မဝင်သေးဘဲ တောင်ပေါ်သို့ ပြန်တက်သွားသည်။ ညနေ လူစုံသောအခါမှ မင်းတရားထံ ဝင်၍ စစ်ရေးစစ်ရာ လျှောက်တင်လျက် သုံ့ပန်း လက်နက်များကို ဆက်လေသည်။
No comments:
Post a Comment