Translate

ပထမဆုံးများ (၅)

ငလှသည် လူတော်တစ်ဦး ဖြစ်၏ ။ ငသူရိန်ကဲ့သို့ မင်းမှုထမ်းပြီး များမကြာမီပင် အိုးစားကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခံရသူ ဖြစ်သည်။ သူသည် ဉာဏ်ကောင်းပြီး မာနလည်း ရှိသည်။ တိုက်ရည်ခိုက်ရည် ကောင်းသည့်အပြင် ခွန်အားဗလလည်း ပြည့်ဝ၏ ။ တပ်မှူး လက်ျာဘီလူး အားထားရသူတစ်ဦး ဖြစ်ခဲ့သည်။

သူကလည်း လက်ျာဘီလူးနှင့် ရင်းနှီးလှကာ တပ်မှူးစိတ်တိုင်းကျ ဆောင်ရွက်နိုင်စွမ်း ရှိသူတစ်ဦးပင်။ လက်ျာဘီလူးက ရိုးအသော ငကံကို သူ၏ အနီးတွင် နေစေသော်လည်း ငလှကမူ သူသည် ငကံထက် အစစ အရာရာ အားကိုးထိုက်သူဖြစ်ကြောင်း လူတိုင်းကို သိမြင်စေ၏ ။ အိုးစားကြီးအဖြစ်နှင့် ၅ လခန့် ရှိလျင် တိုက်ပွဲတွင် အစွမ်းပြနိုင်သောကြောင့် အကြပ်ဖြစ်လာသည်။
တစ်နေ့တွင် သူတို့သည် ရေကြောင်းမှ ကင်းရှည်ထွက်ရန် တာဝန်ပေးခံရ၍ လှေတက်အများနှင့် စုန်ဆင်းလာခဲ့ကြသည်။ ချောင်းကျယ်တစ်ခုကို တွေ့သောအခါ လက်ျာဘီလူးက ဝင်စစ်ရမည် ဆိုလျက် လှေများကို ချောင်းဝ၌ ပိတ်ဆို့စေလိုက်သည်။ သူစီးသော ရဲလှေကို ချောင်းထဲသို့ ဝင်စေပြီး ခရီးတစ်တိုင်ကျော်အထိ စုံစမ်းရန် သွားရမည်ဖြစ်သည်။
ချောင်းအဝင်တွင် လက်ျာဘီလူးက ခွန်အားကြီးသော ငလှတစ်ဦးတည်း လှေကို လှော်ခဲ့ရန် ဆိုသည်။ အခြားလူများက နားရမည်ဖြစ်ပြီး ငပန်းက ပဲ့ထိန်းပေးရပေမည်။ သို့သော် ငလှက စောဒက တက်လာသည်။
"ရေစုန်တုန်းက အားလုံး အတူ လှော်ခတ်လာပြီး ခု ချောင်းကို ဆန်တက်တော့မှ ကျုပ်တစ်ယောက်တည်း ဘယ်လိုလုပ် လှော်နိုင်မလဲ တပ်မှူး"
ရှေ့ကို မျှော်ကြည့်နေသော လက်ျာဘီလူး မျက်မှောင်ကျုံ့လျက် လှည့်လာသည်။
"မင်းက ငါခိုင်းတာကို မလုပ်လိုဘူးလား"
"မဟုတ်ပါဘူး၊ ဒါပေမယ့် တပ်မှူး စဉ်းစားကြည့်ပါဦး။ ဒီလောက် လှေကြီးကို ကျုပ်တစ်ဦးတည်း ကျုံးလှော်ရမှာ၊ ကျန်တဲ့သူတွေလည်း အတူ လှော်ခတ်သင့်ပါလျက် သူတို့တော့ နားရမယ်၊ ကျုပ်ပဲ လှော်ရမယ် ဆိုတာက တပ်မှူး ကျုပ်အပေါ် တစ်စုံတစ်ခု မကြည်လင်လို့များလားဗျာ"
"မဟုတ်ဘူး ငလှရဲ့၊ အကြောင်းရှိလို့ မင့်ကိုပဲ လှော်ခိုင်းတာ။ တခြားသူတွေက ခေတ္တနားရင်း အားမွေးထားရမယ်။ တကယ်လို့ ရန်သူ ပုန်းခိုနေခဲ့ရင်၊ ထောင်ချောက်ဆင်ထားရင်၊ တစ်ခုခု ကြံစည်ခဲ့ရင် သူတို့ တိုက်ကြရမယ်၊ လုပ်ကြရမယ်၊ ခံကြရမယ်။ အဲဒီအချိန် မင်းနားပေါ့"
"ဟာ.. ဒါဆို ပိုမတရားရာ ကျတာပေါ့ တပ်မှူးရယ်။ ကျုပ်က စစ်တိုက်ချင်လို့ လိုက်လာတာ၊ အခြားသူတွေ တိုက်ခိုက်နေချိန်မှာ သူရဲဘော ကြောင်မနေနိုင်ဘူး။ လှေကို ငကံတို့ ငသူရိန်တို့ လှော်ခိုင်းလည်း ရတာပဲ။ ကျုပ်ကတော့ ရန်သူကို အသက်ပေးပြီး တိုက်ပါရစေ"
လက်ျာဘီလူးက ငလှကို စိုက်ကြည့်နေသည်။
"ဒီတော့ မင်းက မလှော်နိုင်ဘူးပေါ့"
ငလှ စကားမပြန်၊ မကြည်မလင်နှင့် ငြိမ်နေ၏ ။
"မင်းအစား ငကံတို့ ငသူရိန်တို့ကို လှော်ခိုင်းရမယ်ပေါ့"
လက်ျာဘီလူးကို ပြန်ကြည့်နေသည်။
"မင်းကတော့ ရန်သူကို တိုက်ချင်တာပေါ့.. ဟုတ်လား"
ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြသည်။
"ကောင်းပြီ.. ငကံ၊ မင်းတစ်ယောက်တည်း လှေကို လှော်ခဲ့။ ငါ ရပ်ဖို့ မဆိုမချင်း အားကုန်သာ လှော်ပေတော့။ ငပန်းက လှေဦးတည့်အောင် ပဲ့ကိုင်ပေး"
ငကံက လှော်တက်ကို ရေထဲ အားနှင့် ယက်လိုက်ချိန်တွင် ငလှရင်ထဲ စိုးရိမ်စိတ်များ ဝင်လာ၏ ။ တပ်မှူးကို ကြည့်တော့ ရှေ့တူသို့ ပြန်လှည့်သွားလေပြီ။ နောက်သို့ ပြန်မျောပါနေခဲ့သော လှေကို ငကံက ကျုံးလှော်လျက်၊ ငပန်းက ချောင်းရိုးတည့်အောင် ထိန်းညှိလျက် ဝင်သွားကြသည်။
ခဏအကြာ နောက်မှ ငလှအသံ ထွက်လာသည်။
"တပ်မှူး၊ ငကံကို နားခိုင်းလိုက်ပါ။ လှေကို ကျုပ်ပဲ လှော်ပါ့မယ်"
လက်ျာဘီလူး လှည့်မလာချေ။ ကျူပင်များကြားမှ တံငါလှေတစ်စီးကိုသာ စူးစိုက် ကြည့်နေလေသည်။ မည်သည့်အချက်မှ မပြသဖြင့် ငကံက အားကို မချဘဲ ဆက်တိုက် ကျုံးလှော်နေ၏ ။ အခြား လှေစီးသူရဲများမှာမူ ဓားကိုင်ထားရမလို တက်ကိုင်ရမလို ဖြစ်နေကြသည်။ လှေပေါ်မှအခြေအနေမှာ တင်းမာနေသယောင်။
ငလှက လေသံပျော့ပျော့နှင့် ခေါ်ကြည့်ပြန်သည်။
"တပ်မှူး"
လက်ျာဘီလူးက လက်ကာပြ၏ ။ ထို့ကြောင့် စကားမဆက်ဝံ့။ အတန်ကြာအထိ လှေကြီးက တိတ်ဆိတ်စွာ ငြင်ငြင်သာသာ ရွေ့လျားနေပြီးမှ
"ငပန်း.. ပြန်လှည့်မယ်"
ငပန်းက ကမ်းတစ်ဖက်နား တိုးကပ်လိုက်ပြီးမှ လှေကို ဝိုက်သွားစေရန် ထိန်းပေးရာ ငကံက အခြားတစ်ဖက်သို့ တက်ချ လှော်လိုက်သည်။
"ငကံ နားတော့၊ ငသူရိန်အလှည့်"
သူရိန်လည်း ဘာမှမပြော။ ရေစုန်မို့ အေးဆေးစွာ လှော်လာခဲ့သည်။ ငလှမှာ အပြစ်ရှိသူလို ငြိမ်နေ၏ ။ လက်ျာဘီလူးထံမှ စကားသံ ထွက်လာသည်။
"ငကံကို ငါက လှေလှော်ခိုင်းတော့ တရားမျှတမှု မရှိဘူး၊ ငါ့တစ်ယောက်တည်း ခိုင်းတယ်၊ ရန်သူကိုပဲ တိုက်ချင်တယ် ဆိုတာမျိုးတွေ တွေးမိသေးလားကွ ဟေ"
ငကံက ဖြေသည်။
"ဘာမှ မတွေးပါဘူး။ တပ်မှူးက လှော် ဆို လက်ပန်းကျနေသည့်တိုင် ဆက်လှော်မယ် ဆိုတဲ့ စိတ်ပဲ ရှိပါတယ်"
"ငသူရိန်ရော ဘာတွေးမိသေးလဲ"
"ဘာကိုမှ မတွေးပါဘူး တပ်မှူး၊ ငလှကိုရော.. ရန်သူကိုရော စိတ်ထဲ မထားပါ။ ပေးအပ်တဲ့ တာဝန်နဲ့ ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ရမယ် ဆိုတဲ့ အသိပဲ ရှိပါတယ်"
"ငလှ.. ကြားသလား"
"ကြားပါတယ်၊ ကျုပ် မှားသွားတယ်။ ကျုပ်ကို ခွင့်လွှတ်ပါ။ နောင် သူတို့လို စိတ်မျိုး မွေးပါ့မယ် တပ်မှူး"
"ငပန်း.. လှေကို ချောင်းဝမှာ ကပ်လိုက်"
ငပန်းက လှေကို ကမ်းကပ်ပေးလိုက်ရာ အခြားလှေများက ဝိုင်းကြည့်နေကြသည်။
"ရပြီ။ ငလှ.. ဆင်း"
"တပ်မှူး.."
ငလှက ဇဝေဇဝါဖြင့် ဆင်းသွား၏ ။ လက်ျာဘီလူး၏ မျက်လုံးများကို ကြည့်ရာ လက်ျာဘီလူးကလည်း သူ့ကို စေ့စေ့ကြည့်နေ၏ ။ ငလှ ကမ်းပေါ်ရောက်မှ
"ငါက မင်းတို့အားလုံးကို ဘာတွေ ကြံစည်မိတယ်၊ ဘယ်လို လုပ်ကြမယ်လို့ အချိန်တိုင်း ရှင်းပြမနေနိုင်ဘူး။ မြင်ရတဲ့ အခြေအနေဝန်းကျင်အလိုက် ငါက စီမံသွားတာကို မင်းတို့က ငါပြောတဲ့အတိုင်း လုပ်ကြမှ အရေးလှမယ်။ ကျုပ် ဒါတော့ မလုပ်လိုဘူး၊ တခြားဟာ ခိုင်းပါလို့ လူလဲနေချိန် မရှိဘူး"
"ငါ့မှာ တစ်ဘက်က ရာဇဝတ်သင့်နိုင်တဲ့ မင်းမိန့်ကြီး ပိနေသလို တစ်ဘက်မှာ မင်းတို့အသက်တွေနဲ့ တိုက်ပွဲရဲ့ အနိုင်အရှုံး၊ အထိအရှ အနည်းဆုံးဖြစ်ရေး စတဲ့ တာဝန်တွေကို ထမ်းထားရတယ်။ ခေါင်းထဲမှာ စစ်ရေး အကြံအစည် အလုပ်အကြံ ဗျူဟာ ပရိယာယ် စရွေးကိုက် စစ်ထိုးစစ်ဆုတ်နိုင်ဖို့တွေလည်း တစ်ခုမကျန် မှတ်သား သတိထားနေရသေးတယ်"
"ဒါ့ကြောင့် အချိန်မရွေး ခိုင်းတဲ့အတိုင်း လုပ်နိုင်သူကိုသာ လက်ခံနိုင်မယ်။ အကြောင်းပြချက်ပေးသူ၊ ဆင်ခြေပေးသူ၊ စောဒကတက်သူ၊ ငြင်းဆန်သူ မည်သူမဆို ငါ့တပ်ထဲမှာ မထားနိုင်ဘူး။ ပြန်ချင်ပြန်၊ အခြားတပ်ကို တောင်းပန်ပြီး ဝင်လိုက ဝင်၊ ငါနဲ့ မဆိုင်တော့ဘူး"
"တပ်မှူး.. ကျုပ် ငြင်းတယ် ဆိုတာက.."
"တော်တော့ ငလှ၊ နေရစ်ခဲ့ပေတော့"
လက်ျာဘီလူးနှင့် ကင်းထောက် ရဲလှေများအားလုံး ခွာသွားကြသည်ကို ကမ်းပေါ်မှ ငလှသည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မခံချိမခံသာ မျက်ရည်များစွာဖြင့် ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
ယင်းအဖြစ်အပျက်ကို ငပန်း၊ ငခေါင်းဖြူ၊ ငသူရိန်၊ ငထင်တို့ အားလုံး အမှတ်ရမိကြ၏ ။ နားလည်ရခက်သော တပ်မှူး၏ သဘောကို နားလည်ရန် ကြိုးစားသည်ထက် သူ၏ အမိန့်ကို လိုက်နာနိုင်ရန် အားထုတ်သည်က ပိုမိုလွယ်ကူကြောင်း အားလုံး သိနေကြ၏ ။ ထိုအထဲမှာမှ ငသူရိန်က တပ်မှူး၏ အကြောင်းနှင့်တကွ စိတ်နေသဘာဝ၊ ကြံစည်ပုံတို့ကို သိလိုစိတ် ပြင်းပြနေခြင်း ဖြစ်သည်။
"လက်ျာပျံချီ ဦးချစ်ညိုကိုရော ဘယ်သူတွေ ရင်ဆိုင်ခဲ့ဖူးကြလဲဗျ"
ငခေါင်းဖြူက ဖြေ၏ ။
"ငါရောက်ပြီး သိပ်မကြာဘူး ခင်ဦးစားနဲ့ တိုက်ရတာပဲကွ။ ငပန်းတို့ ငထင်တို့ ငကျားတို့ အားလုံး ရှိတယ်။ ဒါပေမယ့် တပ်တွေတော့ မတူကြသေးဘူးပေါ့၊ ငါတိုက်တာလည်း လက်ျာဘီလူးတပ်သား အနေနဲ့ မဟုတ်ဘူး"
"ဟုတ်လား၊ ကျုပ် သူ့ကို မမီလိုက်လို့ ကိုယ်တွေ့ ကြုံဖူးတဲ့ ကိုရင်ခေါင်းဖြူတို့ သွေးသောက်ကြီး ငပန်းတို့က ပြောပြကြပါလား"
ငပန်း သူတို့အနီး ရွှေ့လာပြီး
"ငချစ်ညိုက တောင့်တောင့်တင်းတင်းနဲ့ ညိုညိုမောင်းမောင်းကွ။ တို့ ဘဝရှင် အလောင်းဘုရားနဲ့ သက်တူရွယ်တူလောက်ပဲ။ သူ့အဖေက အင်းဝမင်းတရား အမှုထမ်း၊ သူ့အစ်ကိုတွေ ညီတွေကလည်း လူစွမ်းကောင်းတွေချည်း။ သူကတော့ အချွန်ဆုံးပေါ့"
"ငချစ်ညိုကို ခံတိုက်နိုင်ခဲ့လား"
"မခံနိုင်ဘူး ပျက်တာပဲ။ အဲဒီတုန်းက ငါတို့က ခင်ဦးရွာကို သွားလုပ်ကြံကြတာ။ သူလည်း တပ်မှူးလိုပဲ ခင်ဦးတပ်တွေကို ရှေ့ဆုံးက မြင်းစီးပြီး ကွပ်တာ၊ အဲ.. ခု တပ်မှူးစီးနေတဲ့ မြင်းနီကြီး စီးစီးပြီး တပ်ရှေ့က လူးလားခေါက်ပြန် ကွပ်ကဲတိုက်ရင် တို့ရွှေဘိုတပ်တွေ မဖောက်နိုင်ဘူး။ တိုးမပေါက်ဘဲ အကျအဆုံး များလို့ ပြန်ဆုတ်ကြရတယ်။ သူက လိုက်ထပ်လာပြီ ဆိုရင်တော့ ပျက်ပြီး ပြေးရတာပဲ"
"ငါတော့ ဗိုလ်တွန်တပ်က လိုက်တာ မင်းကြီး မင်းလှမင်းခေါင်တပ်တွေနဲ့ ညှပ်တိုက်ပြီး ရွာနီးချုပ်စပ်ပတ်လည် မီးတိုက်လိုက်ရတယ်ကွ"
ငခေါင်းဖြူ ထိုသို့ဆိုလျင် ငပန်းက
"အမယ်.. မင်း ခင်ဦးစားနဲ့ ဦးဆိုင် မကြုံဖူးလို့ပါ။ သေနတ်နဲ့ ဝိုင်းပစ်လည်း မရ၊ ဓားလှံလေးမြားလည်း မမှုတဲ့ သူကွ။ မင့် ဗိုလ်တွန်ကြီးလို ဇွတ်လိုက်ပြီး ထိုးတာ.. ဒေါသကလည်း ကြီးသေး၊ မမီရင် လှံနဲ့ လွှတ်တော့တာပဲ"
"နင် အထိုးခံရသေးလား"
"ထိုးခံရရင် ငါ့သားလေး ဘယ်လူဖြစ်လာတော့မလဲဟ။ သူထိုးရင် ထိတာများတာပဲ။ အနန္တနော ဆိုတဲ့ အဖိုးကြီးသာ မြင်းမစီးတတ် စီးတတ်နဲ့ တက်စီးပြေးလို့ ပြုတ်ကျတုန်း ငချစ်ညို လွှတ်လိုက်တဲ့လှံက ပုဆိုးကို ဖောက်ပြီး မြင်းကတောင်နဲ့ ချိတ်နေလို့ ပြန်ပါလာတာ မဟုတ်လား"
"ငါလည်း ကြုံဖူးပါတယ်ကွယ်။ တိုက်ရည်ခိုက်ရည် ကောင်းတာ မှန်တယ်။ သို့သော် မနိုင်ဘူးတော့ မဟုတ်ပါဘူး။ နိုင်အောင်တိုက်ရင် နိုင်နိုင်ပါရဲ့"
"အမယ်.. ငခေါင်းဖြူ၊ မင်း အခုမှ သည်စကား ပြောတာပါကွယ်။ အဲဒီတုန်းကများ ဘယ်အထိအောင် ပြေးခဲ့ဖူးလဲကွ"
"နင့်လို မှတ်နေလား။ ငါက တပ်မှူးလို ကျင့်တဲ့သူပဲ၊ ရှုံးလည်း မပြေးဘူး။ လိုအပ်မှ ဆုတ်တယ်"
ငသူရိန်က
"ဘယ်လို.. ဘယ်လို၊ မပြေးဘူး.. ဆုတ်တယ် ဟုတ်လား။ ဆုတ်တာနဲ့ ပြေးတာ မတူဘူးလား"
ငခေါင်းဖြူက ငသူရိန်ကို အ ရန်ကော ဟူသော အကြည့်ဖြင့် ကြည့်လျက်
"ပြေးတာက ကြောက်လို့ကွ၊ ဆုတ်တာက မနိုင်နိုင်သေးလို့ ပြန်ဆုတ်ခွာထားတာ၊ ပြန်တိုက်ဦးမယ်လို့ သဘောရတယ်။ သူ့ကို ကြောက်လို့ မဟုတ်ဘူး။ အရှင်းကြီးပဲ"
"ဟုတ်ပါပြီဗျာ၊ အဲဒီတုန်းက တပ်မှူးရော လက်ျာပျံချီနဲ့ တွေ့တော့ မဆုတ်ရဘူးလား"
"သူက အဲဒီအချိန်မှာ အလောင်းမင်းတရားရဲ့ သက်တော်စောင့် ဖြစ်နေတာ ငသူရိန်ရ။ ငချစ်ညိုနဲ့ သိပ်မတိုက်လိုက်ရဘူး။ ငချစ်ညိုကလည်း သူ့ကို အဖက်လို့တောင် မထင်ဘူးတဲ့။ ငချစ်ညို ပြေးတော့ သူတို့ နောက်က လိုက်ကြသေးသတဲ့"
"မရဘူးလား"
"ရဖို့ နေနေသာသာ၊ ဟိုက လှည့်မတိုက်လို့ ပြန်လာနိုင်တာပေါ့"
"လက်ျာပျံချီက အဲသလောက်တောင် စွမ်းသလား"
"ဟေ့.. သွေးသောက်၊ နင် လက်ရုံးကောင်းတယ် ဆိုတာ ခင်ဦးစား ဘယ်မီမလဲ။ သူက တုတ်ပြီးဓားပြီးတဲ့ပြင် အလွန်ကြံ့ခိုင် စစ်ရည်ဝနေတဲ့ သူပဲ။ နင်က သိုင်းပညာ သက်သက်နဲ့ ယှဉ်လို့ရမယ် ထင်လား"
"မထင်ပါဘူးဗျာ၊ ဒါပေမယ့် တိုက်ကြဟေ့ ဆိုရင်တော့ ခင်ဦးစားလည်း ခံတိုက်ဖို့ အသင့်ပါပဲ"
"မတိုက်ခင် မြင်းရေး ၃၇ ချင်း ကုန်အောင် ကျင့်ပါဦး သွေးသောက်ရယ်၊ တော်ကြာ ဟိုက ရယ်သွမ်းသွေးတာ ခံနေရပါဦးမယ်"
"သြော်ဗျာ.. မြင်းရေးကုန် တတ်မှ ခံတိုက်နိုင်မှာလား။ ဒါနဲ့ ခုနေ ငချစ်ညို ရှိသေးရင် တပ်မှူးနဲ့ တိုက်ကြရမယ် ဆိုပါတော့။ ကိုရင်ခေါင်းဖြူတို့ သွေးသောက်တို့က ဘယ်ဘက်မှာ ရှိလဲ"
ငခေါင်းဖြူက
"ငါကတော့ တပ်မှူးဘက်ကပဲဟေ့။ ငါ့အလုပ်က လက်ျာပျံချီကို တစ်နည်းနည်းနဲ့ ရအောင် တိုက်နိုင်လိမ့်မယ်လို့ စိတ်ချလက်ချ ယုံထားလိုက်ရုံပဲ"
"ငါကတော့ လက်ျာပျံချီကို တပ်မှူး ဘယ်လိုမှ မနိုင်နိုင်ဘူး ထင်တာပဲ။ ငချစ်ညို ဆိုတာ နှယ်နှယ်ရရမှ မဟုတ်ဘဲကွ။ တပ်မှူး လုပ်ကြံသမျှ ချေဖျက်နိုင်မယ့် သူမျိုး"
"ကျုပ်ကတော့ တပ်မှူးကို ယုံပါတယ်။ လက်ျာဘီလူး ဆိုတာကလည်း မနိုင်မှာ သေချာရင် တိုက်မယ့်သူမျိုး မဟုတ်ပါဘူး။ နိုင်ချေကလေး ရှိလို့သာ တိုက်တယ်လို့ ယူဆရမှာကိုး"
ငခေါင်းဖြူက လက်ဖျစ်တီးလိုက်၏ ။
"အေး.. ဟုတ်တယ်၊ ကောင်းလိုက်တဲ့ သုံးသပ်ချက်။ သူ တိုက်ပြီ ဆိုကတည်းက နိုင်မယ်ထင်လို့ တိုက်တာ ဆိုတော့ နိုင်ကွက် ပျော့ကွက်ကို တွေးမိထားလို့ပဲ မဟုတ်ဘူးလား။ တိုက်ခိုင်းလို့ တိုက်ရတယ် ဆိုလည်း တစ်ကြိမ်မနိုင် နောက်တစ်ကြိမ်၊ မနိုင်သေးရင် နောက်တစ်မျိုး တိုက်မှာပဲ မဟုတ်လား"
"သြော၊ မင့် လက်ျာပျံချီက မနိုင်မချင်း တိုက်စမ်းကွာ ဆိုပြီး လွှတ်ပေးဦးမှကိုး"
ထိုစဉ် ခပ်လှမ်းလှမ်း လူတစ်ဦးက လှမ်းဟောက်လိုက်၏ ။
"ဟေ့.. တော်ကြစမ်းကွာ။ တကယ်လည်း ဖြစ်လာမှာ မဟုတ်တာတွေကို အရည်မရ အဖတ်မရ လျှောက်ပြောနေကြတယ်။ ဒီမှာ ပင်ပန်းလို့ အိပ်မလို့ မင်းတို့က တစ်မှောင့်"
ငသူရိန်တို့ ခေတ္တ ငြိမ်သွားကြ၏ ။ အသံရှင်က အမှောင်ထဲမှ ဖြစ်ရာ မည်သူမှန်း မကျက်မိ။ သူတို့ကလည်း ညနက်သန်းခေါင်းအထိ စကားပြောနေမိကြခြင်း ဖြစ်သဖြင့် ဆိုရလျင် သူတို့အလွန် ဖြစ်နေသည်။
"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်း သွားအိပ်တော့မလို့ပါ။ ကဲ.. သွေးသောက်တို့၊ နောက်မှ ဆက်ကြရအောင်ဗျို့"
ငသူရိန် တောင်းပန်၍ ထသွားလေသည်။

Written by သင်္ခရာဇာ

End date: July 21, 2021

ပထမဆုံးမျာ (ဇာတ်သိမ်းပိုင်း)

နောက်တစ်နေ့နံနက်၌ ငသူရိန်သည် မြင်းစီးရင်း တပ်မှူး ကြည့်လေ့ရှိသည့် မြေပုံကို ကြည့်ရှုကာ ထူးခြားသည့် အမှတ်အသားများကို လေ့လာနေခဲ့၏ ။ သူတို့ဖြတ်သန်းခဲ့သော အချို့ရွာများ နေရာဝယ် ခံတပ်ပုံ ရေးဆွဲထားသည်ကို ထောက်၍ တပ်မှူး စစ်ချီရင်း ရေးမှတ်ခဲ့သည်မှာ ယခုတစ်ကြိမ်တည်းအတွက် မဟုတ်၊ နောင်ကာလများအတွက်ပါ ကြိုတင်တွေးတော ချမှတ်ထားခဲ့ကြောင်း သိလာရလေသည်။

မြေပုံထဲမှ တောင်ကြားတစ်နေရာကို အနီဝိုင်း သုံးခု ဝိုင်းထားရာ မည်သည့်အရာ ဖြစ်နိုင်သည်ဟု ငသူရိန် တွေးတောနေမိသဖြင့် သူ့ဘေးသို့ မြင်းတစ်စီး ယှဉ်လာသည်ကို သတိမထားမိ။
"အလုပ်များနေသလား သွေးသောက်"
သွေးသောက် မိုးညိုဖြစ်သည်။ မြင်းစီးရင်း ပေါက်ဓားများကို လက်ကိုင်ကြိုးပတ်နေသော မိုးညိုက ငသူရိန်ကို နှုတ်ဆက်ပြီးနောက်
"မနေ့ညက အော်မိတာ ကျုပ်ပါ သွေးသောက်၊ အိပ်ရေးပျက်နေလို့ စိတ်ထွက်သလို ဖြစ်သွားတာ။ လွှတ်ခနဲ ပြောမိပြီးမှ မှားသွားလား တွေးမိရဲ့"
"ရပါတယ် ကိုမိုးညို၊ ကျုပ် စိတ်မဆိုးတတ်ပါဘူးဗျ"
"မင့်အကြောင်းတော့ ငါတို့အားလုံး သိပြီးသားပါ ငသူရိန်၊ တပ်ထဲ ဝင်လာကတည်းကနေ ခုထိ လက်စွမ်းသိပ်ကောင်းတာကြောင့်ရော၊ ရည်မှန်းချက် ကြီးတာရော၊ တပ်မှူးကို အတုယူ လေ့လာနေတာ အထိပေါ့"
သူရိန်က မြေပုံသားရေချပ်ကို ခေါက်သိမ်းလိုက်ပြီး
"ဟုတ်တယ် ကိုမိုးညို၊ ကျုပ်တို့ ငယ်ငယ်ထဲက စစ်သည်ကျော်ကြီးတွေ ဖြစ်ချင်ခဲ့ကြတာ။ ခေတ်အဆက်ဆက်က သူရဲကောင်းတွေ စစ်သူကြီးတွေအကြောင်း လေးစားအားကျရင်း ကြီးပြင်းခဲ့ကြတာ ဆိုတော့ တခြား ဘာရည်မှန်းချက်မှ မရှိဘူး၊ တစ်ချိန်မှာ ငါလည်း စစ်သည်ကျော်တစ်ဦး၊ သူရဲကောင်းတစ်ဦး ဖြစ်ရမယ်၊ ဗိုလ်မှူးအဆင့်ထိ ရောက်ရမယ်လို့ စွဲမြဲခဲ့တာဗျ"
"ဒါ့ကြောင့်ပဲ တပ်မှူးလိုလူကို အနီးကပ်လေ့လာ အတုခိုးနေတာပေါ့.. ဟုတ်စ"
"ဒါကလည်း အကြောင်းရှိတယ် နောင်ကြီးရဲ့၊ ကျုပ်တို့ ကြီးကောင်ဝင်လာပြီး မင်းမှုထမ်းတော့မယ် ဆိုတဲ့အချိန်ရောက်တော့ မွန်တွေကလည်း တန်ခိုးထွားနေချိန်၊ ရွှေဘိုသားတွေကလည်း နိမိတ်တဘောင်နဲ့ ထကြွ လက်စွမ်းပြနေချိန်၊ ကျုပ်တို့မှာ ရွေးချယ်စရာ နှစ်ခု ရှိခဲ့တာပ"
"မင်းတို့က မွန်အောက် ဝင်ဖို့လည်း ကြံခဲ့ကြသေးတာလား"
"အမှန်တိုင်း ပြောရရင် သူပုန်မဖြစ်ချင်သူက သာသည့်ဘက် ဝင်စားရမှာပဲကိုး၊ အရွေးမှားလို့ အရေးနိမ့်သွားတာနဲ့ ပုန်စားသူဘဝနဲ့ နိဂုံးချုပ်သွားမှာဆိုတော့ ကာလသားပေါက်တွေ စဉ်းစားကြတယ်။ ငါတို့ အင်အားကြီးတဲ့ ရာမညတိုင်းမှာ မင်းမှုထမ်းသင့်သလား၊ ကိုယ့်လူမျိုးဘက်က ရပ်တည်ပြီး သေသေရှင်ရှင် တွန်းလှန်ကြမလား လို့ပေါ့"
မိုးညိုက အသံတိတ်လျက် ငြိမ်သက်နေရာ ငသူရိန်က ဆက်ပြော၏ ။
"လူငယ်အများစုရဲ့ စိတ်ထဲမှာတော့ ဘယ်သူမှ မွန်ကျွန်မခံချင်ကြဘူးပေါ့ဗျာ။ ဒါပေမယ့် အင်းဝအမှုထမ်းဟောင်းတွေလည်း မွန်ဘုရင်ဆီ ဆက်ပြီး သစ္စာခံကြရတာပဲ။ လက်ျာပျံချီကြီးတို့လို ဟိုးဟိုးကျော်နေတဲ့ သူရဲကြီးတွေတောင် မွန်ဘက်ရောက်သွားတော့.."
"အင်းလေ၊ ဟုတ်တာပ။ နိုင်တဲ့ဘက်က ဓမ္မ ဖြစ်ကြရစမြဲ ဆိုတော့လည်း သူပုန်နဲ့ ပေါင်းမိလို့ ခံနိုင်ရင် တော်ရဲ့၊ အင်အားချင်း မမျှခဲ့ရင် အလကား အသက်ဆုံးရမှာ"
"အဲသလို အချိန်မျိုးမှာ ကုန်းဘောင်သားတွေဆီက တိုက်ပွဲသတင်းတွေ ပျံ့လာတယ်။ သူတို့ရဲ့ ပရိယာယ်၊ တိုက်ခိုက်ပုံ ခုခံပုံတွေဟာ ကြားလိုက်ရတိုင်း အလွန် အံ့သြခဲ့ရတယ်။ တစ်ခါတလေ ချဲ့ကားချီးပ ပြောကြတယ်လို့တောင် ထင်မိတဲ့အထိ"
"ချဲ့ကားတာတွေလည်း ပါပါတယ်ကွာ"
"ပါမှာပဲ၊ အဲသည်အချိန်တုန်းကတော့ အလွန်အမင်း ချီးမြှောက်ပြောနေမှန်း သိလည်း အဟုတ်မှတ်ချင်နေကြတာဗျ။ တစ်ယောက်ယောက်က ဟာ.. မဖြစ်နိုင်ပါဘူးကွာလို့ ဆိုမိရင်တောင် သူ့ကို သူရဲဘောကြောင်နေသလို မြင်တတ်ကြတာ"
"လူငယ်တွေဆိုတာက သည်လိုပါပဲလေ"
"အဲသည် လူငယ်စိတ်ကြောင့်ပဲ သည်တပ်ကို မရမက ရောက်လာခဲ့ကြတာပဲ ကိုမိုးညိုရေ့"
"အေးပေါ့လေ.. မင့်တပ်မှူး အကြောင်းကလည်း ကြားကြားသမျှ အဆန်းချည်း မဟုတ်လားဟ"
"အမှန်က လက်ျာပျံချီတို့ သတင်းမွှေးနေချိန်ဗျ။ လူတိုင်းက သူ့ကို အားကျ ကြည်ညိုနေကြတာ။ မြန်မာတပ်တွေမှာဆို သူရဲကောင်းက ဦးကောင်းတစ်ဦးသာ ရှိတယ်လို့ ထင်ကြတဲ့အထိ တခြားသူတွေကို မကြားဖူးသလောက်ဗျ"
"ဗိုလ်တွန်တို့ ရဲစက်တံခွန်တို့ မင်းသား မောင်ရွတို့ကို မသိကြဘူးလား"
"သူတို့အမည်တွေ သိပ်မကြားရဘူး၊ ရုတ်တရက် ထူးထူးဆန်းဆန်း နာမည်ထွက်သွားတာ တပ်မှူးပဲ။ ဘီလူးဝင်စားတဲ့ သူရဲ အင်မတန် ရဲစွမ်းတယ်၊ တစ်ယောက်တည်းနဲ့ မွန်အကြီးအချုပ်ကိုလည်း လှေကြီးပေါ်တက် သတ်သွားခဲ့တဲ့သူ ဆိုကတည်းက လူတိုင်းက သူ့အကြောင်း ဆက်ကြားချင်နေကြပြီလေ။ တိုက်ပွဲတွေမှာ ဘယ်နည်းဘယ်ပုံ ဘယ်လိုရင်ဆိုင်သွားသတဲ့ ဆိုတာမျိုးတွေသာ ကြားရရင် လူကြီးသူမတွေတောင် ဟေ.. ဟုတ်ရဲ့လား၊ တယ်ပါးနပ်လိမ္မာပါလား နဲ့ အာလုတ်စကား ဆိုကြရတာ"
"ဒါနဲ့ မြန်မာဘက် ဝင်မယ် ဖြစ်သွားကြရောပေါ့"
"ဝင်တာကတော့ ဝင်မှာပါပဲ။ ကိုယ့်အမျိုးသားဘက်က ရပ်တည်ကြရမှာ မဟုတ်လား။ ကုန်းဘောင်သားတွေရဲ့ အောင်ပွဲတွေကတော့ ဝင်လိုသူတွေရဲ့ စိတ်ကို ပိုခိုင်မာစေတာပေါ့ဗျာ။ ကျုပ်တို့လည်း သွေးတကြွကြွ ဖြစ်နေကြတာပ"
"ဟုတ်ပါပြီ၊ အဲဒီတော့ ဘီလူးတပ်ထဲဝင်၊ လက်ျာဘီလူးကို လေ့လာတယ် မှတ်သားတယ် ဆိုကြတော့ သူ့ရဲ့ ကောင်းတာတွေရော ဆိုးတာတွေပါ မတွေ့ဘူးလား"
"တွေ့တာပေါ့ဗျာ၊ ကောင်းတာကို အတုယူ၊ ဆိုးတာဆို ဆင်ခြင် သင်ခန်းစာပြုရတာပ"
အမှန်တော့ လက်ျာဘီလူး၏ ဆိုးကွက်များသာမက ပျော့ကွက်အချို့ကိုပင် ငသူရိန် သတိထားမိနေလေပြီ။ ဥပမာ ဆိုရလျင် လက်ျာဘီလူးသည် အလွန် တွေးငေးလွန်းသူ ဖြစ်၏ ။ ပစ္စက္ခဘဝထက် အတွေးများဖြင့်သာ ကျင်လည်နေတတ်သူ ဖြစ်ရာ တစ်ခါတစ်ရံ ယင်းအချက်ကြောင့် သတိလက်လွတ် ဖြစ်ရခြင်းတို့ ရှိခဲ့သည်။ သူ့သဘောနှင့်သူ လုပ်တတ်ခြင်းမှာလည်း ရံဖန်ရံခါ ဆိုသလို အပြစ်မလွတ်တတ်။
ထို့ပြင် အရဲကိုးလွန်သည် ထင်၏ ။ သူ၏ အားသာချက်မှာ တပ်သားအများက ချစ်ခင်ကြခြင်း ဖြစ်သဖြင့် သူကျွံခဲ့တိုင်း ငသူရိန်တို့ အသက်စွန့်၍ ဝိုင်းဝန်းဆယ်ထုတ်ခဲ့မှုကြောင့်သာ ယခုထိ သက်ဆိုးရှည်နေရသည်။ လက်ရုံးစွမ်းရည် ထက်သော ရန်သူဗိုလ်မင်းကြီးများနှင့် ရင်ဆိုင်ရသောအခါ ငသူရိန်လောက်ပင် လက်မကောင်းသော လက်ျာဘီလူးမှာ အလူးအလဲ ခံရတတ်ပေရာ ငသူရိန်တို့ တပ်သားများသည် အင်နှင့်အားနှင့် ဖိဝင်လာပြီး ထိန်းထိန်းသိမ်းသိမ်း နေတတ်ခဲ့ကြ၍ ဓားချက်အောက်မှ အနိုင်နိုင်ခွာလျက် တပ်မှူးကို ပြန်ဆုတ်စေရသည်။
သို့တိုင် လက်ျာဘီလူးက ပေကပ်ကပ်နှင့် ဆက်တိုက်ချင်တတ်သေး၏ ။ မနိုင်မှန်း သိလျက် ပေတိုက်နေခြင်းကြောင့် ဆုံးရှုံးရသည်များလည်း ရှိခဲ့သည်။ သူ သည်းမခံနိုင်သည့် အမှုတွေ့လျင် နေရာတွင်ပင် စီရင်ပစ်တတ်၏ ။ အမိန့်တော် မစောင့်သောကြောင့် သူ့အတွက် တထိတ်ထိတ် တွေးပူနေကြရသော်လည်း သူကတော့ ဂရုမစိုက်ချေ။ ငသူရိန်က နောင်တစ်ချိန် သူ ဗိုလ်မင်းဖြစ်ခဲ့လျင် တပ်မှူးကဲ့သို့ အမှားမျိုး၊ ဇွတ်တရွတ်ဆန်မှုမျိုး မရှိစေရ ဟု သူ့ကိုယ်သူ သတိပေးနေခဲ့လေသည်။
သူတို့ စကားစ ပြတ်သွားခိုက်မှာပင် လက်ျာဘီလူးက မြင်းနှင့် ငသူရိန်တို့ကို ဖြတ်ကျော်တက်ကာ ရှေ့ဆုံး ရောက်သွားသည်။ သူက တပ်ချရပ်ရန် နေရာရွေးနေစဉ် ရုတ်တရက် သေနတ်သံများ ပေါ်လာ၏ ။ မွန်တို့က ပုန်းဝပ် စောင့်နေကြပြီး ခါးလယ်မှ ရှောင်တခင် ဖြတ်တိုက်ကြခြင်းတည်း။
ငသူရိန်နှင့် ငမိုးညိုတို့မှာ စစ်ကြောင်းအလယ်ခန့်တွင် ရောက်နေသဖြင့် မြား သေနတ်များဖြင့် ပစ်ခတ်ကြသည်ကို ဒိုင်းဆွဲကာလျက် မြင်း ခြေကုန်သုတ် ပြေးစေရ၏ ။ တပ်မှူးသည် ရုတ်တရက် ထွက်ပေါ်လာသော ရန်သူများကြောင့် အံ့သြသွားသော်လည်း နောက်သို့ ပြန်လှည့်မလာဘဲ အလံနှစ်လက်ကို ခါးမှဆွဲထုတ် ဘယ်ညာယမ်းပြခဲ့ပြီး ရှေ့သို့ အပြေးနှင်သွားသည်။
အလယ်နှင့် နောက်မှ သူများက ဘေးမှ ချောင်းတိုက်သူများကို တာဝန်ယူကြရမည်ဖြစ်၍ ငသူရိန်တို့ မြင်းလှည့်ပြီး တောကို နင်းကြ၏ ။ သစ်ပင် သစ်ရွက် ချုံများကြားမှ တရွှီရွှီ ဝင်လာသော မြားတံများကို ရှောင်ရှား ခုတ်ပိုင်းရင်း၊ ပခုံးအထက်နှင့် ခါးအထိ ဒိုင်းကို လုံအောင် ကာရင်း ဒိုင်းပေါ် ကျော်ကြည့်ကာ ရန်သူကို ရှာသည်။ တွေ့လျင် မြင်းနှင့် ဝင်လုံးကြ၏ ။
ငသူရိန်နှင့် ငမိုးညိုတို့ နှစ်ဖွဲ့ လူ တစ်ရာကျော် ဘယ်ညာခွဲလျက် ဝဲယာနှစ်ဘက်ရှိ ရန်သူများကို တိုက်ချိန် နောက်တပ်များက ရှေ့သို့ အမြန် လိုက်ကြ၏ ။ လက်ျာဘီလူးတို့ တက်သွားသည့် ရှေ့၌ အင်အားကြီးစွာ ရှိနေလိမ့်မည် ထင်သောကြောင့် ငသူရိန်တို့လည်း ချောင်းပစ်သူများ ဆုတ်သွားသည်နှင့် တပ်မှူးနောက် လိုက်ခဲ့သည်။ သို့သော် တပ်မှူးတို့က ပြေးသူများကို မြင်းနှင့်လိုက်လံ ခြောက်လှန့်ပြီးဖြစ်၍ ပြန်လာနေကြပြီ။
"ငါတို့ကို သွေးတိုးစမ်း ချောင်းတိုက်ရုံပဲဟေ့။ စစ်ကြီးချီလာတာ မဟုတ်သေးဘူး။ တို့ ဒီနားမှာ စခန်းချစရာ နေရာရှာကြမယ်"
တပ်မှူးက တပ်သားအားလုံးကို ရပ်တန့်စေကာ အနီးတစ်ဝိုက်တွင် ညောင့်ကျင်းထောင်ချောက် ဆင်မြင်းခလုတ်များ ရှိမရှိ လှည့်လည်စစ်ဆေးနေ၏ ။ အကာအကွယ်ကောင်းသော တောင်စောင်းတစ်ခု၏ ဤမှာဘက်ခြမ်း၌ တပ်များချရပ်စေပြီး ကျန်လူများ ပြင်ဆင်ချက်ပြုတ်နေကြချိန် ငသူရိန်တို့က ရှေ့သို့ အနည်းငယ် ထွက်၍ ရန်သူ့အရိပ်အကဲကို စနည်းနာကြလေသည်။
လက်ျာဘီလူး၏ သဘောအရ ရှေ့တွင် အမြောက်တပ်များ ပါမည့် လက္ခဏာ ရှိပါက နောက်တပ်များအား စခန်းမချစေဘဲ ဆက်လက်ချီတက် တိုက်ခိုက်ရန်ဖြစ်စေ၊ တပ်များ တည်၍ စောင့်ရန်ဖြစ်စေ ပြင်ဆင်နိုင်ရန် အစုံအစမ်း ထွက်ကြရခြင်း ဖြစ်၏ ။
ကံကောင်းထောက်မစွာ စစ်စမ်းရန် ထွက်လာသည့် ရန်သူအင်အားမှာ မများလှဘဲ ပြောက်ကြားတိုက်ကာ စစ်ဦးချိုးရုံ ဖြစ်သဖြင့် သူတို့ တန့်သွားသည်တွင် မွန်တို့လည်း နောက်တန်းတပ်မအထိ ဆုတ်သွားကြပုံရ၏ ။ ဆူးညောင့်ခလုတ်များ မတွေ့ရ။ ကြိုတင်ပြင်ဆင် စောင့်နေခြင်းမဟုတ်၊ သူတို့ချီလာသည်ကို သိ၍ ချောင်းမြောင်းတိုက်ခိုက်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ယနေ့အတွက် ငသူရိန်တို့ အနားရသွား၏ ။ ပြုဖွယ်တာဝန်တို့ ပြီးလျင် မိုးညို ရောက်လာပြီး ငသူရိန်နှင့် စကားစမြည် ပြောဆိုဖြစ်ကြပြန်သည်။
"သွေးသောက် နားထောင်ချင်မယ့် အဖြစ်တစ်ခု ကျုပ် ကြုံခဲ့ဖူးသေးတယ်။ တပ်မှူး လုပ်ပုံကလေးပေါ့"
"ကောင်းတာပေါ့ဗျာ.. ကိုမိုးညို ပြောပြတော့လည်း မှတ်သားနာယူခွင့်ရလို့ ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရမှာပါ"
"ငါတို့ ၄၆ ရွာသားတွေကို စုစည်းပြီး ထန်းလုံးတပ်ကြီးတည်၊ ရှိသမျှ လူသူလက်နက် ရိက္ခာတွေ အထဲသွင်းထားချိန်တုန်းကပေါ့ကွာ။ မွန်တွေက မုဆိုးဘိုကို သစ္စာပေးဖို့ လာတယ်၊ သစ္စာမခံရင် ပုခက်တွင်းကလေးပါမကျန်သတ်ဖို့ အမိန့်ပေးထားတယ် ဆိုပဲ။ ငါတို့ရဲ့ ပထမဆုံး တိုက်ပွဲကြီး ဖြစ်ခါနီး အချိန်ပိုင်းလေးပေါ့"
"ဦးအောင်ဇေယျက ပရိယာယ်နဲ့ သစ္စာပေးလာတဲ့ မွန်သံအမတ်တွေကို ခရီးဦးကြိုဆိုဖို့ ငါတို့ကို လွှတ်သကွ။ လက်ျာဘီလူးလည်း ပါလာတယ်။ သူ့ကြောင့်ပဲ အကြံအစည် ပျက်သွားတာ၊ မွန်တချို့က သူ့ကို မှတ်မိသွားလို့ ဦးမင်းသိုက်ကို သတ်တဲ့ကောင်လို့ အော်သတဲ့။ အဲဒီမှာ ထချကြတော့ ကြိုဆိုဖို့ လွှတ်လိုက်တဲ့ ငါတို့ဗိုလ်လည်း သေတယ်။ ဘုန်းကြီးကျောင်းထဲ ပုန်းနေတဲ့ ဦးကောင်းတို့လည်း ထွက်တိုက်ကြရော၊ တပ်တွင်းကလည်း ထွက်လာကြတယ်ပေါ့"
"အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်နေတုန်း လက်ျာဘီလူး ဘယ်ပြေးတယ်မသိ ပျောက်နေတယ်။ ငါတို့လည်း ရှေ့ကိုမဲနေတော့ သတိမထားမိဘူးပေါ့။ နှစ်ဖက် လူကွဲသွားတော့မှ မွန်သံအမတ် အုပ်စုဘက်က မွန်အဝတ်အစားနဲ့ လက်ျာဘီလူး ပြေးထွက်လာတာ တွေ့လိုက်ရတယ်"
"ပြေးလာလာချင်း သူ့ကို မွန်တွေကရော တို့ ၄၆ ရွာသားတွေကပါ ဝိုင်းပစ်ကြတာပေါ့ကွာ။ သူက ဟိုကွယ် ဒီကပ်နဲ့ ပြေးလိုက်ပုန်းလိုက် လုပ်ရင်း အဝတ်တွေ ချွတ်ပြတော့မှ တို့ဘက်က အပစ်ရပ်သွားတယ်။ တစ်ယောက်တည်း ဘာသွားလုပ်တယ်မသိ၊ တိုက်နေကြတဲ့အထဲ မဝင်ဘဲ သံစေတဲ့ မင်းလုလင်အုပ်ထဲ ဝင်နေတာကွ"
ငသူရိန် စိတ်ဝင်စားမိသလို လက်ျာဘီလူး ဘာလုပ်ခဲ့သည်ကိုလည်း ရိပ်မိသလို ရှိ၏ ။ မှန်သည်။
"မေးမြန်းကြတော့ သံအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံဖို့ သွားတာတဲ့။ အောင်မြင်ခဲ့လား ဆိုတော့ မလုပ်ကြံနိုင်ခဲ့ဘူး.. အနားတော့ ရောက်ခဲ့သတဲ့။ ဒါနဲ့ သူ့ကို ဝိုင်းဆူကြ၊ အပြစ်တင်ကြတာပေါ့ကွာ။ ဦးအောင်ဇေယျကိုလည်း လျှောက်ကြတာပေါ့။ သူ့ကြောင့် ပွဲပျက်သွားကြောင်း၊ သံအစုကို ဝင်တာတော့ ဘယ်သူမှ မပြောကြဘူး။ မအောင်မြင်ခဲ့လို့ မပြောတော့တာ ဖြစ်မှာ"
ငသူရိန်က စဉ်းစားရင်း
"သူ့အတွေ့အကြုံအရ ခေါင်ကို ထိရင် ပျက်မယ်ဆိုပြီး စွန့်ဝင်တာ ဖြစ်မှာ။ သူ့ထုံးစံအတိုင်းလေ"
"အေး.. ငါကတော့ အံ့သြမိတာနဲ့ သူ့ကို မေးကြည့်တယ်။ အနားရောက်တော့ ဘာလုပ်နိုင်ခဲ့သေးလဲလို့။ အမတ်ရဲ့ မြင်းက အိတ်တစ်ခုထဲ ဖက်ထုပ်လက်ဆောင် ထည့်နိုင်ခဲ့သတဲ့။ ဘာကို ဖက်နဲ့ ထုပ်ထားတာလဲ ထပ်မေးတော့ မဖြေတော့ဘူး။ ပြုံးစိစိနဲ့ပဲ နေတယ်"
"ဘာဆိုတာ မသိရဘူးပေါ့"
"သူကတော့ ခုထိ မပြောဘူးကွ။ မယုံ မင်းသွားမေးကြည့်၊ ပြောမှာ မဟုတ်ဘူး။ သူလုပ်ခဲ့တာ မအောင်မြင်လောက်ဘူး ထင်ပုံပဲ။ ငါကတော့ သိသွားတယ်။ ဘာလို့လဲ ဆိုတော့ မွန်တွေ တိုက်ရမယ့်အချိန်မှာ မတိုက်ဘဲ ကြန့်ကြာနေတာရယ်၊ တို့တပ်ကို ရံနေပြီးမှ အချို့တွေ အနောက်ကို ပြန်သွားကြတာရယ်၊ အခြေအနေ တစ်မျိုးဖြစ်နေတာနဲ့ မြောက်ဘက်ပေါက်က ခိုးထွက်ပြီး သွားလေ့လာတာကိုး"
"ဟုတ်လား၊ ဘာသိခဲ့ရလဲ"
"မွန်တပ်တွေမှာ အောက်ပြည်က မြန်မာတွေအပြင် အင်းဝအမှုထမ်းတွေ၊ လမ်းပေါက်က လိုက်လာတဲ့ စစ်သည်တွေလည်း ပါတော့ မြန်မာချင်း မေးကြည့်လို့ ရတယ်။ သံခေါင်းဆောင် ကွယ်လွန်သွားလို့ အကောင်ကို နောက်ပြန်ပို့ပြီး ရေချ မျှောလိုက်ကြတာတဲ့။ ဘာလို့ ကွယ်လွန်တာလဲ ဆိုတော့ တဲတွင်းမှာ မြွေကိုက်ခံရလို့တဲ့"
"ဟာ.. မြွေကို အိတ်ထဲ ထည့်ခဲ့တာလား"
"အေးလကွာ၊ ကြံကြံဖန်ဖန် မြွေပွေးကို ဖက်နဲ့ထုပ်ပြီး အိတ်ထဲ အလစ်ထည့်လာဟန် တူပါရဲ့။ မြွေပွေးဆိုတော့ မလှုပ်ဘူး။ ဖြေကြည့်မှ တန်းပေါက်မှာ"
"သံခေါင်းဆောင်သေတာ သူ မသိဘူးလား"
"မသိဘူး၊ ငါကလည်း မပြောဘူးလေ။ သူ့တုန်းက ငါမေးတာမှ ပြောမပြဘဲ။ ဒါ့ကြောင့် သူလုပ်ခဲ့တာ အောင်မြင်သွားမှန်း သူလည်း ခုထိ မသိသေးဘူး။ သူထည့်တာရော၊ လူသေတာရော နှစ်ခုလုံးကို သိသူ ငါတစ်ယောက်သာ ရှိတယ်"
"တကယ့် လူတွေပါ့ရော၊ တပ်မှူးကို အဲဒီအကြောင်း မေးပြီး သူပြောပြရင် ကျုပ်လည်း သူ့အကြံအောင်ကြောင်း ပြောလိုက်ရမလား"
"ပြောမနေနဲ့၊ တလောက ငါမေးပြီးပြီ။ သူ မမှတ်မိဘူးကွ။ ကြည့်ရတာ ဒါမျိုး လူမသိ သူမသိ မထင်မှတ်တာတွေ မကြာခဏ လုပ်တတ်ပုံရတယ်။ ပြီးရင် သူ့ဘာသာလည်း မမှတ်မိဘူး"
ငသူရိန် ရယ်မိသည်။
"သံခေါင်းဆောင်သေတော့ အကျိုးထူးလို့လား၊ အုပ်ချုပ်လာတာက အခြားဗိုလ်မှူး မဟုတ်လား"
"ဟုတ်တယ်၊ ဒါပေမယ့် ငါပြောပါပကော။ မွန်တွေ တိုက်ခိုက်ရေး နှောင့်နှေးကုန်တယ်။ အစက ငါတို့လူတွေ မွန်အင်အားကို ကြည့်ပြီး ရွံ့နေကြသေးရဲ့။ နောက်မှ လက်စွမ်းလက်စ ကွာတာ သိပြီး ထွက်တိုက်မယ် တကဲကဲ ဖြစ်ကုန်တာ"
"အဲဒါကို တပ်မှူး ကဲ့ရဲ့သေးတယ်ဆို"
"သွားကဲ့ရဲ့လို့ အပြစ်ပေးခံလိုက်ရသေးတယ်လေ။ မွန်တွေကတော့ မတိုက်မီကတည်းက ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်ရောတဲ့။ သူတို့ စစ်သူကြီးချုပ်က သံခေါင်းဆောင်ကို မှာထားလိုက်တာတွေကို အချုပ်ပြုလာသူက မသိတော့ တိုက်ရမလို ရံနေရမလို စောင့်ရမလို ဆုတ်ရမလိုတွေ ဖြစ်နေရောတဲ့"
"ဒါဆို အကျိုးတော့ ရှိခဲ့သားပဲ"
"ရှိတာပေါ့။ မွန်တွေကတော့ သံခေါင်းဆောင် သေတာ သူ့ကြောင့်လို့ သိတယ်တဲ့။ တိုးတိုးတိတ်တိတ် ဖုံးဖိထားပေမယ့် သူဝင်ဝင်သတ်လို့ သေတာ ၂ ယောက်ရှိပြီ ဆိုပြီး ဗိုလ်တွေ ညည မအိပ်ရဲဘဲ လန့်နေကြသတဲ့။ အစောင့်အကြပ်ကို ထူထူထပ်ထပ်နဲ့ တင်းကြပ်စွာ ချထားကြတော့ လူတွေ ပိုပင်ပန်းကုန်ရောတဲ့။ အလောင်းဘုရားကလည်း သူတို့စစ်ပန်းတာကို စောင့်ပြီးမှ ထွက်တိုက်တာနဲ့ အံကိုက် ကျသွားတယ်။ သူတို့က ငါတို့ ထင်တာထက် အများကြီး ပိုပန်းနေကြပြီ"
"တပ်မှူး လုပ်လိုက်တဲ့ အမှုကလေးတွေက ဘာမှ မဟုတ်လောက်ပေမယ့် သက်ရောက်မှုအကြီးကြီး ဖြစ်သွားတတ်တာပါလား။ ဘိုးမင်းသိုက်တုန်းကလည်း သူသာ ဆက်ရှိနေရင် မွန်မင်းဘုန်းတန်ခိုး လျော့ပါးစရာမရှိဘူးလို့ ဆိုကြတယ်။ သူမရှိတော့ အစီအမံတွေ စီရင်ပေးမယ့် အစွမ်းထက်သူ မရှိတော့လို့ ဘုန်းနဲ့ လက်ရုံးမှာ လက်ရုံးသက်သက် အားကိုးရတော့မယ်လို့ ပြောကြတာ ကြားဖူးတယ်"
"တကယ်တမ်းကျ အဲဒီထက် ပိုတယ်ကွ။ မွန်ဘုရင်မှာ အစွယ်နဲ့ တူတဲ့ သူတွေပဲ ကျန်ခဲ့ပြီး ဦးမင်းသိုက်လို ဦးနှောက်ကြီးတွေ ပျောက်ကုန်တာဟာ ပြည်ထဲရေး၊ စစ်ရေး၊ စည်းရုံးရေးနဲ့ သိမ်းသွင်းရေးတွေမှာ အကုန်ပျက်သွားစေတာပဲ။ ငချစ်ညိုကို တလပန်း တောင်းသတ်ခဲ့တာပဲ ကြည့်လေ.. တလပန်းက လက်ရုံးကောင်း နှလုံးရည်မဲ့၊ ဒီတော့ လက်ျာပျံချီလို ဘုရင်ကတောင် ခင်ဦးစားနဲ့ ပေါင်းပြီး စီမံကြလို့ မှာထားရတဲ့သူကို မြန်မာမို့ မယုံဘူးဆိုပြီး အကြောင်းမဲ့ ခေါ်သတ်ပစ်တာပေါ့။ ဦးမင်းသိုက် ရှိရင် ငချစ်ညိုကို အသတ်ခံမှာ မဟုတ်ဘူး"
"ဟုတ်တာပ၊ အဲသည်မှာ သူရဲကောင်းတွေ ဆုံးရှုံး၊ နယ်တွေ ဆုံးရှုံး၊ ပြည်သူနောက်လိုက်တွေလည်း တစ်ဘက်ယိမ်းကုန်ကြတာ ဖြစ်မယ်။ တလပန်းတို့က ရောက်ရာအရပ် ရိက္ခာသိမ်းပြီးရင် အမှီအခိုမရအောင် မီးရှို့ဖို့ပဲ သိတာကိုး။ ဘိုးမင်းသိုက် ရှိတုန်းကလည်း ကြောက်တာနဲ့ မြန်မာဘက် အမှုမထမ်းရဲတဲ့ရွာတွေ အတော်များတယ်။ အခု ကျန်နေတဲ့ သူတွေက အလောင်းမင်းတရားကြီးလို စည်းရုံးမှု သိပ်ကောင်းသူနဲ့တွေ့တော့ သိမ်းထားသမျှ နယ်တွေ ပြန်ပေးလိုက်ရတာပဲဗျ။ သည်အတိုင်းဆို ပြည့်ဦးနှောက်တွေ ပြန်မပြုစုနိုင်ရင် မွန်ဘုရင်တော့ သုရှင်ကို မနိုင်နိုင်လောက်တော့ဘူး၊ ကျားနဲ့လူ သာသူ စားစတမ်းလို ဖြစ်တော့မှာပ"
"အေး.. ငါက မင်းကို အဲဒါ သိစေချင်တာ။ မင်းက စစ်သူကြီး ဗိုလ်မှူးအဆင့်အထိ ဖြစ်ရမယ်လို့ သံဓိဋ္ဌာန် ချထားတဲ့သူ ဆိုတော့ကာ ရန်သူကို ဘယ်လိုဖြိုခွင်းရမယ် ဆိုတာနဲ့ တစ်ဆက်တည်း မိတ်ဆွေကို ဘယ်လိုစုဆောင်းပြီး အင်အားကို ပြုစုရမလဲဆိုတာပါ သိအောင်လို့ ပြောပြတာဟ"
"ကျေးဇူးကြီးပါပေ့ ကိုမိုးညိုရယ်။ ကိုမိုးညိုတို့လို ပထမဆုံးကြီးတွေဆီက တပ်မှူးအကြောင်း သိရတာဟာ ကျုပ်အဖို့တော့ အဖိုးမဖြတ်နိုင်အောင်ပါပဲ။ တပ်မှူးကို မေးတောင် မသိရနိုင်တဲ့ အကြောင်းတွေ သိခွင့်ရတဲ့အတွက်.."
ငသူရိန်က ထိုင်ချလိုက်ပြီး မိုးညိုကို ကန်တော့လိုက်ရာ မိုးညို အံ့သြသွား၏ ။
"ရှိခိုးဦးချပါရစေဗျာ၊ မငြင်းပါနဲ့ ကိုမိုးညို"
"ဟာ.. ဟေ့၊ သွေးသောက်.. မဟုတ်တာကွာ။ ဒါလောက်က အပန်းမကြီးပါဘူး၊ မလုပ်ပါနဲ့"
မိုးညိုက တားနေသော်လည်း သူ၏ မျက်ဝန်းထဲတွင်တော့ ပီတိများဖြင့် ဖုံးလွှမ်းနေလေသည်။
*
*ပြီးပါပြီ*


Written by သင်္ခရာဇာ

End date: July 21, 2021

ပထမဆုံးများ (၄)

ရွာမကျောင်း ဆရာတော်ဘုရားကြီးသည် နံနက်စောစော ကျောင်းဝိုင်းထဲ စင်္ကြံလျှောက်ရင်း တရားမှတ်နေ၏ ။ ကျောင်းသားကြီး မောင်ခေါင်းဖြူက အခြားကျောင်းသား ကိုရင်များနှင့်အတူ အမှိုက်များ သယ်ကာ အနောက်ဘက် ကျင်းထဲ၌ မီးပုံရှို့နေချိန်၊ ကျောင်းအဝင် မုခ်ဦးအောက်၌ လူငယ်အချို့ ပေါ်လာကြသည်။
ခေါင်းဖြူထက် အနည်းငယ် ငယ်ရွယ်ကြမည့် ကောင်လေးများသည် ကျီးကန်းတောင်းမှောက် အကြည့်များဖြင့် ဝန်းကျင်ကို အကဲခတ်ရင်း ဆရာတော်ကြီးထံ ခပ်ကုပ်ကုပ် လျှောက်လာကြ၏ ။ စုစုပေါင်း ၇ ယောက်အနက် တစ်ဦးကို အခြားတစ်ဦးက တွဲထားရသည်။ ထိုသူငယ်မှာ ခြေထောက်ကို အဝတ်စ စည်းထားပြီး အင်အားဖျော့တော့နေဟန် ရှိလေသည်။
ဆရာတော်ဘုရားက လူငယ်များကို မြင်သည်နှင့် ခေါင်းဖြူတို့ ကျောင်းသား ကိုရင်များကို လှမ်းခေါ်၏ ။ အနီးသို့ ရောက်နေသော ခေါင်းဖြူအား
"မောင်ကျောင်းသား၊ ကျောင်းပေါ်မှာ အိပ်စရာ နေစရာ ကျယ်ကျယ်ဝန်းဝန်း သွားပြင်ချေ၊ ပြီးရင် ကြိုးတန်းပြီး သင်္ကန်းတွေ စောင်တွေနဲ့ ပတ်လည်ကာပေးလိုက်စမ်း"
"တင်ပါ့ဘုရား"
ခေါင်းဖြူနှင့် ကိုရင် ၃ ပါး ကျောင်းပေါ်သို့ တက်သွားချိန်၌ အနောက်မှ ဆရာတော်ဘုရားကြီး၏ အသံကို ကြားမိလိုက်၏ ။
"လာကြကွယ်တို့.. မောင်ရင်လေးတို့ကို မျှော်နေတာ"
မကြာမီ ဆရာတော်ကြီး၏ နောက်မှ လက်အုပ်ချီ လိုက်ပါလာကြသော ဧည့်သည် လူငယ်လေးများ ကျောင်းပေါ် ရောက်လာပြီး ခေါင်းဖြူတို့ ပြင်ဆင်ပေးသော ဖျာများပေါ် နေရာယူလိုက်ကြသည်။ ကျေးဇူးတင်သော မျက်လုံးများဖြင့်လည်း ကြည့်နေကြ၏ ။ ဆရာတော်က ရှိသမျှ သရက်သီး၊ ငှက်ပျောသီး၊ အုန်းသီးများကို ကျက်သရေခန်းမှ ထုတ်ကာ တည်ခင်းဧည့်ခံစေပြန်သည်။
မည်သူမည်ဝါမှန်း မသိရသော လူငယ်များအပေါ် ဆရာတော်က ဤမျှ သဒ္ဓါထက်သန်နေခြင်းအား ခေါင်းဖြူတို့ ရွာခံကျောင်းသား ကိုရင်များ နားမလည်ကြသော်လည်း ထိုလူငယ်များသည် ဘုန်းကြီးကျောင်းသားများပင် ဖြစ်ကြကြောင်းကိုတော့ အသွင်အပြင်ကိုကြည့်၍ ဆုံးဖြတ်နိုင်ပါ၏ ။
ဧည့်သည်များ မွတ်သိပ်စွာ စားသောက်နေကြချိန်တွင် ခေါင်းဖြူက ထိုသူတို့အထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်အား မေးမြန်းကြည့်မိ၏ ။
"သူက ဘာဖြစ်လာတာလဲ၊ ဖျားနေသလား"
"ဟုတ်တယ် အစ်ကို၊ ငုတ်ထိုးမိလို့ အဖျားတက်ပြီး အားနည်းနေတာနဲ့ ခဏ နားရအောင် အစ်ကိုတို့ကျောင်းထဲ ဝင်လာခဲ့တာပါ။ ခရီးတစ်ထောက် နားရုံပါပဲ"
"ငါ့မှာ ငန်းဆေးအထုပ် သိမ်းထားတာ ရှိတယ်။ သွားယူလိုက်ဦးမယ်"
"ကျေးဇူးပါ အစ်ကို"
သို့သော် ခေါင်းဖြူ မယူလိုက်ရ၊ ဆရာတော်ဘုရားက ဆေးများထည့်ထားသော ပြည်တောင်းကို ကိုင်၍ ဝင်လာပြီး အထဲမှ အထုပ်များကို ထုတ်ယူလိုက်သည်။ ခေါင်းဆောင်လူငယ်အား
"ရော့.. ဒါက ရေကျက်အေးနဲ့ တိုက်၊ ဟော့ဒီအမြစ်ကို အနာတဝိုက်မှာ အရောင်ကျအောင် သွေးလိမ်းပေး။ နားနားနေနေ နေလိုက်ကြဦး။ ဘယ်သူမှ လာမနှောင့်ယှက်ဖို့ ဘုန်းဘုန်း ပြောထားမယ်"
ခေါင်းဖြူ အံ့သြနေ၏ ။ ထိုကျောင်းသားလူငယ်တစ်စု ဒုက္ခရောက်လာကြပုံရ၏ ဟုလည်း ထင်မိသည်။ ဆရာတော်ဘုရားသည် ခေါင်းဖြူတို့ကို မျက်နှာရိပ်ပြလျက် ခေါ်ထုတ်လာခဲ့ပြီး ကျောင်းဝန်းထဲသို့ မည်သူမျှ ရုတ်တရက် ဝင်ရောက်မလာနိုင်စေရန် စောင့်ကြပ်ရမည် ဖြစ်ကြောင်းနှင့် ဝင်လိုလျင် ဦးစွာ သူ့ထံ အကြောင်းကြားရမည်ဟု မိန့်တော်မူရာ
"သူတို့က ဘယ်သူတွေလဲ ဘုန်းဘုန်း"
"ဘုန်းဘုန်းလည်း မသိပါဘူးကွယ်၊ အိပ်မက် မက်လို့ စောစောထ စောင့်နေတာ"
ခေါင်းဖြူသည် ကျောင်းသားကြီးပီပီ ငယ်ရွယ်သော ကိုရင် ကျောင်းသားများကို တာဝန်အသီးသီး ခွဲဝေ ချပေးလိုက်ပြီး ကျောင်းပေါ်ပြန်တက်လာခဲ့ရာ ဆရာတော်သည် ခေါင်းဆောင်လူငယ်အား လက္ခဏာ စစ်ဆေးနေသည်ကို တွေ့ရ၏ ။
"အသက်တော့ ရှည်မှာ မဟုတ်ဘူး။ သို့သော် ဉာဏ ထီးရိုး ကျွန်းခုံတွေ အားကောင်းလို့ ထင်ပေါ် ကျော်ကြားလိမ့်မယ်။ ဘုန်း လက်ရုံး အားကြီးသူ ဖြစ်မယ်ကွဲ့၊ ဘုန်းဘုန်းပြောတာကို သတိသာထား"
"တင်ပါ့ဘုရား"
လူငယ်က လက်ဝါးကို ဖြန့်ပေးထားသော်လည်း စိတ်ဝင်တစား ရှိလှပုံမရ၊ သူ့မျက်လုံးများက ကျောင်းမုခ်ဝနှင့် နောက်လိုက်လူငယ်များဆီသို့သာ မကြာခဏ ရောက်နေ၏ ။
"လူလေးမှာ လုပ်ကြီးကြံမ ဆောင်ရွက်စရာ ရှိနေသလား"
"မှန်ပါ့ဘုရား၊ ရှိတော့ ရှိပါတယ်"
"အင်း.. အင်း၊ ယခုကာလ အပိုင်းအခြားမှာ အာယုလမ်းကြောင်း သိသိသာသာ ပြတ်နေတယ်။ အဲဒီနောက်တော့လည်း ထင်းထင်းကြီးနဲ့ တိုတိုပြတ်ပြတ် ရှိနေပြန်ရော။ ဘုန်းဘုန်းအထင် အသက်အန္တရာယ်ရှိတဲ့ အလုပ်ကြီး ဖြစ်မယ်။ မလုပ်ရင်တော့ ပိုကောင်းတာပေါ့ကွယ်"
လူငယ်က တုံဏှိဘာဝေ လုပ်နေသည်။ ဆရာတော်က သူ့မျက်နှာကို စေ့စေ့ ကြည့်ပြီး
"သို့ပေမယ့် တားလို့ရမယ့် သူမျိုးလည်း မဟုတ်ဘူး။ ဘုရား တရား သံဃာ ရတနာသုံးပါး မမေ့စေနဲ့ပေါ့ကွယ်။ အမှုမပြီးခင် ခင်ပွန်းကြီးဆယ်ပါးလည်း မပြစ်မှား မကျူးလွန်မိစေနဲ့။ ငုပ်မိရင်လည်း သဲတိုင်အောင်သာ ငုပ်ပေတော့"
"တင်ပါ့"
"မင်းမှာ သူရဲကောင်း လက္ခဏာ အပြည့်အစုံရှိတယ်။ အချိန်တိုင်းမှာ သတိကို တမံလုပ်၊ ဉာဏ်မြေကတုတ် အရင်းခံပြီး စိတ်ဆင်ရိုင်း ချွန်းအုပ်နိုင်ရင် ဇမ္ဗူမှာ သူမတူတဲ့ ယောက်ျားကောင်း ဧကန်ဖြစ်မှာပဲ"
ဆရာတော်ဘုရား၏ နောက်ဆုံးစကားကို ခေါင်းဖြူ အလွန် စိတ်ဝင်စားသွား၏ ။ သူသည်လည်း အတိုက်အခိုက် ကျင်လည်သော၊ နပမ်း လက်ဝှေ့ ကျွမ်းဝင်သော၊ ယောက်ျားတို့ တတ်အပ်သည်တို့၌ မယုတ်မလျော့ တတ်မြောက်ထားသော ကာလသားပေါက် လူငယ်တစ်ယောက်ဖြစ်ရာ မိမိရှေ့မှ လူငယ်သည် ထူးချွန်ထင်ရှား ထူးခြားမည့်သူ ဖြစ်ကြောင်း ဆရာတော်က အတတ်ဟောနေသဖြင့် ငေးကြည့်နေမိသည်။
လူငယ် ထသွားသောအခါ ငခေါင်းဖြူက ဆရာတော်အနား ကပ်ပြီး စူးစမ်းတော့သည်။
"သူက ဘယ်သူလဲ ဘုန်းဘုန်း"
"မောင်စံ တဲ့ မောင်ကျောင်းသား၊ နတ်ဘီလူးမျိုးတွေနဲ့ တစ်နည်းတစ်သွယ် ဆက်နွယ်နေတဲ့ သူပဲ။ ဘုန်းရှင် ကံရှင် ပါရမီရှင်တို့ လက္ခဏာကြီးငယ် ပါတယ်။ သို့ပေမယ့် သူက စိတ်ဝင်စားပုံ မရဘူး။ ဖြစ် မဖြစ်ကို စောင့်ကြည့်ရမယ့်သူကွဲ့"
"ဘာဖြစ်လာနိုင်တာလဲ ဘုရား"
"အနိမ့်ဆုံးအဆင့်တော့ သူရဲကောင်းတစ်ဦး ဖြစ်လာလိမ့်မယ်"
ခေါင်းဖြူ မှတ်သားထားလိုက်သည်။ ထို့နောက် လူငယ်ထံ သွားကာ မိတ်ဖွဲ့၍ နေရပ် ဇာတိနှင့် အကြောင်းချင်းရာကို စုံစမ်းထား၏ ။
လူငယ်မှာ သူတို့ကျောင်း၌ တစ်နေ့တာ တည်းခိုသွားပြီး ညရောက်သောအခါ ကျန် ကျောင်းသားလူငယ်များကို မှာကြားခဲ့လျက် တစ်ဦးတည်း ထွက်ခွာသွားခဲ့သည်။ အခြား လူငယ်တို့လည်း နောက်တစ်နေ့တွင် နှစ်ယောက်ချင်း၊ တစ်ယောက်ချင်း ထွက်သွားကြပြီး အဖျားရှိနေသူနှင့် ပြုစုရန် လူတစ်ဦးသာ ကျန်ခဲ့ကြသည်။
ယင်း ကျန်ရစ်သား နှစ်ဦးတို့မှာ ရက်သတ္တနှစ်ပတ်ကျော် ကြာသည်အထိ ခေါင်းဖြူတို့ကျောင်းဝယ် သောင်တင်နေပြီး တစ်ရက်တွင် ထွက်သွားကြသူများထဲမှ လူငယ်တစ်ဦး ပြန်လည် ရောက်ရှိလာပြန်၏ ။ ထိုသူက တိုးတိုးကြိတ်ကြိတ် ပြောသော်လည်း အလွန်အရေးကြီးသည့် သတင်းမျိုးမှန်း သိသာနေသည်။ ထို့ကြောင့် ဆရာတော်ဘုရားက ခေါ်မေးသောအခါ ငခေါင်းဖြူတို့ ကျောင်းသားများလည်း အနီး၌ ဝတ်ဖြည့်ရင်း နားစွင့်နေကြလေသည်။
"ဘယ်က လာခဲ့သလဲ မောင်ရင်လေး"
"တပည့်တော် ရွာကို ခေတ္တ ပြန်သွားတာပါ ဘုရား၊ အခု ရွာက လာတာပါ"
"ရွာမှာ အခြေအနေများကော တည်ငြိမ်ရဲ့လားကွဲ့"
"အရင်ရက်တွေက ငြိမ်နေပေမယ့် ယခုတစ်လော လှုပ်ခတ်လာပါတယ်"
"အိမ်း.. ဒကာလေး မောင်စံရောကွယ်၊ ပြုဖွယ်ကိစ္စ အဝဝ ပြုပြီးပလား"
"သူ့ကိစ္စကြီး ပြီးစီးသွားတယ်လို့ ကြားရပါတယ် ဘုန်းဘုန်းဘုရား၊ သူ အောင်မြင်လို့ပဲ ရွာကို မွန်တွေ လာရှာကြမှာ စိုးတာနဲ့ တပည့်တော် ရှောင်လာတာပါ"
ငခေါင်းဖြူတို့သည် တစ်ရွာသား ဘုန်းကြီးကျောင်းသားများ မွန်ရဲမက်တို့နှင့် အချင်းများကာ တိမ်းရှောင်လာခဲ့ကြကြောင်း သိပြီးသည့်အပြင် ကျောင်းသားခေါင်းဆောင် ငစံမှာ မွန်အကြီးအကဲတစ်ဦးအား ကြံစည်ရန် ရှိကြောင်း စိုးစဉ်းမျှ သိရှိပြီး ဖြစ်ရကား ယခုအခါ ငစံငယ်၏ လုပ်ကြံမှု အောင်မြင်ခဲ့ပြီဟု ယူဆလိုက်ကြသည်။
ငစံ၏ ဇွဲ လုံ့လတို့ကို ပြောဆို၍မျှ မပြီးသေးမီ မွန်ဝိဇ္ဇာကြီး ဘိုးမင်းသိုက်သည် ဘုန်းကြီးကျောင်းသားငယ်လေး တစ်ဦး၏ လက်ချက်ဖြင့် တိမ်းပါးသွားကြောင်း သတင်းထူးကြီး တောမီးပမာ ပျံ့နှံ့လာတော့သည်။ ဆရာတော်ဘုရားနှင့်တကွ ငခေါင်းဖြူတို့အားလုံး အံ့သြကြရပြီတည်း။
သို့သော် ထိုအချိန်မှ စ၍ ငစံငယ်၏ သတင်းသည် စုန်းစုန်းမြုပ် ပျောက်ဆုံးသွားတော့၏ ။ သူ ဘယ်ရောက်သွားသည်ဟု မည်သူမျှ မပြောနိုင်၊ အတန်ကြာမှ မင်းလောင်းဟု ကျော်ဇောနေသော မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျ လာခေါ်သွားသည်ဟု သတင်းသဲ့သဲ့ ကြားရသည်။ အမှန် ဟုတ် မဟုတ် စုံစမ်းရင်း တစ်နှစ်နီးပါး ကြာတော့မှ ငခေါင်းဖြူလည်း မုဆိုးဘိုသို့ ခိုဝင်ရန် ရွာမှ ထွက်လာခဲ့လေသည်။
ဦးစွာ သူရောက်ရှိခဲ့သည့် တပ်မှာ လူလိမ်လူကောက်တစ်ဦး၏ တပ်သားသစ်များ စည်းကြပ်ရာ စုဆောင်းရေးတပ် ဖြစ်၏ ။ အကြောင်းမသိသေးသော ခေါင်းဖြူသည် ထိုတပ်၌ ဦးစွာ ရောက်နှင့်သူများ၊ အကြပ်များ၏ အနိုင်ကျင့် ကောက်ကျစ်မှု အမျိုးမျိုးကို ခံခဲ့ရသည်။ သူ၏ လစာ ဆန်စပါးများ ဖြတ်ယူခြင်း ခံရသလို ပင်ပန်းဆင်းရဲစွာလည်း နေထိုင်ရသည်။ အဆိုးဆုံးမှာ ဗိုလ်ဖြစ်သူသည် လက်အောက်ရှိ ငယ်သားတို့အပေါ် ညှာတာမှု၊ ငဲ့ကွက်မှု လုံးဝမရြှိခင်းပင်။
ထိုအချိန်၌ ဦးအောင်ဇေယျ၏ အနီးပါးတွင် နေရသော ငစံနှင့်လည်း တွေ့ခွင့်မသာ၊ စစ်ပွဲများတွင် သူတို့ တပ်သားများကို စတေး၍ နာမည်ကောင်း ယူလိုသော ဗိုလ်ဖြစ်သူကြောင့် စိတ်ပျက်လှသဖြင့် အမှုထမ်းခြင်းမှ ထွက်ကာ ပြန်တော့မည်ဟု စိတ်ကူးမိခဲ့သည်။
သည်အတိုင်းတော့ ထွက်မရ၊ ပြဿနာရှာကာ အချုပ်ကျအောင် ပြုလုပ်၍ ထွက်မည် ကြံသည်။ ထိုစဉ်က ဘိန်းဘင်းကစော် သေရည်အရက် ထန်းရည် မသောက်မစားရအမိန့် မထုတ်ပြန်ရသေးသော အချိန်ဖြစ်ရာ ထန်းရည်အမူးသောက်ကာ အကျင့်တန်သော ဗိုလ်ထံ သွား၍ ရန်စလေတော့သည်။
ပထမအကြိမ်တွင် ဗိုလ်က သည်းခံ၏ ။ ဒုတိယအကြိမ်၌ ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်ပြီး တတိယအကြိမ်တွင်မူ အကျဉ်းချထားလေသည်။ အချုပ်မှ လွတ်၍ စတုတ္ထအကြိမ်မြောက် ပြဿနာရှာသောအခါ ဗိုလ်မင်းများထံ စီရင်ရန် အပ်ခံရလေ၏ ။
"မောင်မင်း အဘယ်ကြောင့် ဤမျှ ဆိုးသွမ်းနေသနည်း"
ဗိုလ်မင်းများ မေးရာ ငခေါင်းဖြူက
"ကျွန်တော်မျိုးထက် ဆိုးသော ဗိုလ်နှင့် အကြပ်များ၏ ဒဏ်ကို မခံနိုင်တော့၍ တပ်မှ နှင်လိုလျင် နှင်စေတော့ဟု ပြဿနာ လုပ်မိပါသည်"
"မင့်ဗိုလ် ဆိုးသည်ကို သက်သေပြနိုင်သလား"
"မပြနိုင်ပါ ဘုရား၊ အလွန်စဉ်းလဲပါသည်"
"အဘယ်ပုံ ဆိုးသနည်း"
"ကျွန်တော်မျိုးတို့ ရိက္ခာစပါးများကို လက်မှတ်ထိုးစေ၍ ခေါင်းပုံဖြတ်ယူထားပါသည်။ ပလဲပနံသင့်သူများကိုယ်စား အခြားသူများကို ပို၍ ခိုင်းတတ်သည်။ ညှာတာထောက်ထားခြင်း အလျဉ်းမရှိ၊ အလွန်ရက်စက်ပါသည်။ သူ့လက်အောက်တွင် မည်မျှ ကြိုးစားအားထုတ်စေကာမူ ပွဲရမည်မဟုတ်၊ ချီးမြှောက်ခံရမည်မဟုတ်၊ သူတို့လူများ ပွဲရရန် စတေးခံရရုံသက်သက် နေနေရခြင်း ဖြစ်တော့သည်"
ရုံးအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စွပ်စွဲခံရသော ဗိုလ်က ကန့်ကွက်၏ ။ ထိုသို့ မဟုတ်ကြောင်း ငြင်းဆိုပြီး သူ့လူ အကြပ်များဖြင့် သက်သေလိုက်စေသည်။ ငခေါင်းဖြူဘက်၌ သက်သေလိုက်ဝံ့သူ မရှိ၊ ပြင်းထန်သော စွပ်စွဲချက်မှာ အလဟဿ ဖြစ်ရ၏ ။
"မောင်မင်း ဆိုသမျှ သက်သေမရှိ၊ အထောက်အထားမဲ့ ဖြစ်သည်။ အကြောင်းမဲ့ ဆိုးသွမ်းသူဆိုလျင် ကြိမ်ဒဏ်ခတ်၍ ချက်ချင်း နှင်ထုတ်ရမည် ဖြစ်သော်လည်း သင်က ဤတပ်၌ မနေလို၍ အမှုလုပ်ရကြောင်း လျှောက်သဖြင့် ကောင်းမွန်သော တပ်တစ်ခုသို့ ပြောင်းပေးမည်။ ကောင်းမွန်စွာ မနေ၊ ဆက်လက်ရမ်းကားနေပါက ကြီးလေးသည့် ပြစ်ဒဏ် ပေးရမည်"
"ကျွန်တော်မျိုးကို အခြားတပ်သို့ ပို့မည်ဆိုပါက မလည်အရပ်မှ ငစံ ရှိသော တပ်တွင် အမှုထမ်းလိုပါသည် ဘုရား"
"မလည် ငစံကို ငါတို့မသိ၊ မင်း သွားလိုလျင် အဝတ်ရိက္ခာထုပ်၍ ရွှေတပ်တော်များတွင် ၇ ရက် လှည့်လည် စုံစမ်းစေ၊ တွေ့သော် ငါ့ထံ လာရောက်လျှောက်တင်၊ မတွေ့လျင် ငါစီမံသည်ကို နာခံရမည် မောင်မင်း"
"ကျေးဇူးကြီးလှပါသည်ဘုရား"
သို့ဖြင့် ငခေါင်းဖြူ မိမိတပ်မှ ထွက်ခဲ့ပြီး ငစံကို လိုက်လံ ရှာဖွေလေသည်။ ထိုအချိန်တွင် လက်ျာဘီလူးမှာ တပ်မှူးဖြစ်စ၊ နာမည်မကျော်ကြားသေးဘဲ ငညိုသူဟု လူသိများလျက် လက်ျာဘီလူးဘွဲ့ကိုသာ ခေါ်ဝေါ်သုံးစွဲနေကြချိန်။ ငခေါင်းဖြူ မေးသမျှ မသိဟု ဖြေကြသည်က များနေ၏ ။
၅ ရက်မြောက်သော နေ့တွင် ဗိုလ်သီရိရွှေတောင်၏ တပ်မှ လိုက်ပါ စစ်ချီရင်း တိုက်ပွဲတစ်ခု ကြုံရသည်။ ငခေါင်းဖြူတို့လည်း ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်၏ ။ ထိုအချိန် စစ်ကူရောက်လာသော တပ်များတွင် ဘုန်းကြီးကျောင်းသား ငစံနှင့် တူသူတစ်ဦးကို မြင်လိုက်လေသည်။ ထိုသူသည် မြင်းစီးလျက် လှံကို ဝှေ့ရမ်းရင်း ငခေါင်းဖြူတို့ကို တဟုန်ထိုး ဖြတ်ကျော်သွား၏ ။
ငခေါင်းဖြူလည်း တိုက်ခိုက်နေရာမှ မြင်းတစ်စီးဆွဲ၍ ထိုသူနောက် လိုက်လေသည်။ သို့သော် တိုက်ပွဲအတွင်း မျက်ခြည်ပြတ်သွားပြီး ရှေ့မှ မြင်းသည်မှာ ပျောက်သွားခဲ့၏ ။ ငခေါင်းဖြူက မည်သူ၏ တပ်များ စစ်ကူလာသနည်းဟု ဗိုလ်မင်း သီရိရွှေတောင်၏ တပ်သားများကို မေးရာ လက်ျာဘီလူး တပ်သားများ ဖြစ်သည်ဟု ဆိုကြသည်။
သို့သော် လက်ျာဘီလူး တပ်မှာ ဘယ်မှာမှန်း မသိရပြန်။ ၂ ရက်အတွင်း သူ မစုံစမ်းနိုင်သဖြင့် ရုံးသို့ ရောက်သောအခါ လက်ျာဘီလူး၏ တပ်တွင်ပင် အမှုထမ်းပါမည်ဟု လျှောက်တင်လိုက်လေသည်။ ကံကောင်းထောက်မစွာ သူရွေးချယ်သော တပ်မှာ ဘုန်းကြီးကျောင်းသား ငစံငယ်၏ တပ် ဖြစ်နေလေသည်။ လူများက အတည်တကျ မရှိသေး၊ လက်ျာဘီလူးပင် မင်းလှမင်းခေါင် တပ်မှ လိုက်ပါလိုက်၊ သီရိရွှေတောင်လက်အောက် ရောက်လိုက် ဖြစ်နေသည်။
ငခေါင်းဖြူကတော့ လက်ျာဘီလူး၏ အမြဲတမ်း တပ်သား ဖြစ်လာသည်။ သုံးလခန့် ကြာသောအခါ သူ၏ အမိန့်နာခံမှု၊ ကြိုးစားထမ်းရွက်မှုနှင့် လက်ျာဘီလူးနှင့် ထပ်တူ ကြမ်းရမ်းမှုများကြောင့် အိုးစားကြီးအဖြစ် တိုးမြှင့်ပေးခြင်း ခံရလေ၏ ။
"သည်လိုဆိုတော့ သွေးသောက်ကြီး ငထင်နဲ့ ကိုရင်ခေါင်းဖြူ ဘယ်သူက အရင် ရောက်တာလဲဗျ"
သူရိန် နှိပ်ပေးနေသည်ကို မှောက်ရင်း ဇိမ်ခံနေသော ငခေါင်းဖြူက
"ငထင်က အရင် ဖြစ်မယ်ဟ၊ ငါက နောက်မှ မေးစမ်းပြီး ရောက်လာတော့ သူတို့ တပ်မှူးနဲ့ တွဲတိုက်နေကြပြီ ထင်တာပဲ"
ငခေါင်းဖြူ၏ တစ်ယောက်ကျော်တွင် ဆေးလိပ်ဖွာရင်း လှဲနေသည့် သွေးသောက် ငပန်းက သူတို့စကားများကို နားစွင့်နေသည်ထင့်၊ ဖြတ်ဝင် ပြောလာသည်။
"ငထင်တို့ ငါတို့က အရင်ကွ၊ သူက နောက်ကျတာ ငါမှတ်မိတယ် သွေးသောက်"
"ကိုရင် ငပန်းက သွေးသောက်ကြီး ငထင်နဲ့ တစ်ရွာတည်းလား"
"မဟုတ်ဘူး၊ ငါက ဆီမီးခုံဘက်က။ အရောင်းအဝယ်နဲ့ ပါလာရင်း မပြန်တော့ဘဲ အမှုထမ်းနေတာ၊ ငထင်နဲ့ အမှုထမ်းချိန်တော့ အတူတူလောက်ပဲ"
"ဒီတပ်ကို ဘယ်လိုရောက်လာသလဲ"
"အမိန့်တော်ကြောင့် ဟိုရောက် သည်ရောက်ကနေ သည်မှာ အတည်တကျ ဖြစ်သွားတာပဲဟ"
ငခေါင်းဖြူက မှောက်နေရာမှ ထထိုင်ကာ
"နင်က ရန်ဖြစ်ပြီး ရောက်လာတာ မဟုတ်ဘူးလား"
"ဘယ်က ရန်ဖြစ်ရမှာလဲ၊ အဲဒါ ငကြွက်တို့လေ"
"ဟုတ်လား၊ သူတို့က ရန်ဖြစ်လို့ သည်တပ်ကို အပို့ခံရတာလား"
"မဟုတ်ဘူး၊ ဒီလိုကွ။ ငကြွက်နဲ့ ဒီကောင်.. အဲ၊ သူ မဟုတ်ရင် ငဖြိုးလားမသိ အချင်းများပြီး နပမ်းသတ်ကြတာကို တပ်မှူးက သွားကြည့်ပြီး မြှောက်ပင့်ပေးတယ် ဆိုပဲ။ ပြောရရင် သွေးထိုးတာပေါ့ကွာ။ ဟိုနှစ်ကောင်လည်း သွေးကြွပီး သတ်ကြတာပေါ့။ ဖူးရောင် စုတ်ပြတ်နေတော့မှ တပ်မှူးက သူတို့ကို 'အသုံးမကျတဲ့ လူမိုက်တွေ.. ဒီအတိုင်းဆို သုံးလို့ ရမှာ မဟုတ်ဘူး၊ အချည်းနှီး သေကုန်မယ်' လို့ ပြောသွားတယ် တဲ့"
"အင်း.. ဖြစ်ရမယ်"
"ငကြွက်တို့က စိတ်ဆိုးတာပေါ့။ သူတို့ထက် ရာထူးအဆင့် မြင့်နေတော့ မပြောသာလို့သာ ခံလိုက်ကြရတယ်။ စုံစမ်းကြည့်တော့ လက်ျာဘီလူး ဆိုတဲ့သူတဲ့။ နောက်တော့ တိုက်ပွဲတွေမှာ တွေ့လာရတယ်။ သူတို့ သတိထားမိကြပြီး တပ်မှူးပြောတာ ဟုတ်ပါလားလို့ သိလာကြသတဲ့"
"အဲဒါကြောင့် ဝင်လာကြတာပေါ့"
"အေး.. သူတို့ အချည်းနှီး မဟုတ်ဘူး ဆိုတာ ပြချင်လို့ လို့ ဆိုတယ်။ အခုတော့လည်း တပ်မှူးပြောတာကို တစ်သဝေမတိမ်း နာခံတတ်တဲ့ တပ်သားကောင်းတွေ ဖြစ်လို့"
"မနာခံရင်လည်း ငလှလို လှေပေါ်က ဆင်းနေခဲ့ရမှာပဲလေ"
"ဒါပေါ့ကွာ"
ငသူရိန်သည် ဘီလူးတပ်သားများအကြား ပြောစမှတ် တွင်သွားသော ငလှအကြောင်း သတိရသွားလေ၏ ။

(ဆက်ရန်...)   ပထမဆုံးများ (၅)

Written by သင်္ခရာဇာ


End date: July 13, 2021

ပထမဆုံးများ (၃)

"အဲဒီအကြောင်း တပ်မှူးက မင်းတရားကြီးကို မလျှောက်ဘူးလား၊ ဘာ့ကြောင့် တိုက်ခဲ့ရတယ်၊ ဘယ်လို တိုက်ခဲ့ကြတယ် ဆိုတာ"

"မလျှောက်ဘူးကွ။ စိတ်နာဟန် တူရဲ့၊ ရှေ့တော်ကို ဝင်တောင် မဝင်ဘူး။ အကြီးအကဲတွေကပဲ လျှောက်တယ်။ သူက ဘာမှ မဖြေရှင်းဘူး တဲ့။ ဒီတော့ ပွဲမရတဲ့အပြင် အမိန့်မရဘဲ စိတ်ထင်ရာ လုပ်တယ်ဆိုပြီး အမျက်တော်ရှ ဒဏ်ထားခံရတာပဲ"
"တပ်မှူးကလည်း အတော် ပေတာပဲ။ နောက်လူတွေ အထိအရှ နည်းအောင် အခြေအနေကို ချိန်ကိုက် အသုံးချ လုပ်ကြံခဲ့ရကြောင်းသာ သေချာလျှောက်တင်ခဲ့ရင်..."
"နောက်လူတွေ အထိအရှ နည်းပေမယ့် တို့တပ်ကတော့ များသွားတယ်ကွ။ လူ ၁၀၀ လောက် ကျသွားတယ်။ ငါ့ သွေးသောက်ဖက်တွေလည်း ပါသွားတယ်၊ ဖိုးပျော်တို့.. ငထွန်းကြန်တို့.. ငမွှေးတို့ သွားနှင့်ကြရော့"
"အိုး"
"ဟိုဘက်ကလည်း သေလိုက်ကြတာ နည်းမှ မနည်းဘဲ။ ရေနစ်သေတာတင် ငါးရာကျော်လောက်၊ အကောင်းတိုင်း ရလိုက်တဲ့ တိုက်လှေကြီးတွေက ဆယ်စီးကျော် ဆယ့်ငါး၊ အားလုံးဆို နှစ်ဆယ်ကျော် ထင်ရဲ့။ တစ်စင်းမှာ အမြောက် တစ်လက် နှစ်လက်နဲ့"
"အားပါးပါး.."
"အေးကွ၊ တချို့က သိတယ်။ တစ်ချို့က မသိဘူး။ တချို့ ဗိုလ်မင်းတွေက မကောင်းဘူးတဲ့။ တချို့ကတော့ မပြောတာ ကောင်းတယ် ဆိုကြတယ်။ မနာလိုတာ၊ ကုန်းတိုက်တာ၊ အကောက်ကြံတာတွေ ခံရတာထက် ပြစ်ဒဏ်ထား ခံရတာက ကောင်းပါတယ်လို့ ယူဆကြတာပဲ"
"ဒါလည်း စဉ်းစားစရာပါပဲလား"
"သူ့ကို တခြားဗိုလ်တွေက ဝေဖန်ကြတော့ တပ်မှူးက ခပ်တည်တည်ပဲ။ သေနတ်ဗိုလ် သင်္ဘောကုလား ယောဆတ်က လူမိုက်လို့ တစ်ခွန်းတည်း ပြောတာကျ စိတ်ဆိုးသွားပုံ ရတယ်။ ခပ်ညစ်ညစ် ပြုံးတာ ငါတွေ့လိုက်တယ်။ နောင်တစ်ချိန် အခွင့်ကြုံလာရင် တလက်တုံ့လိမ့်မယ် ထင်ရဲ့"
"ဟို လက်ဖြောင့်တယ်ဆိုတဲ့ အကြပ် ယောဆတ်လား"
"ဟုတ်ပ.. ဟုတ်ပ၊ အကြောင်းမသိဘဲ အာရိုးချောင်ချင်တာ။ ဒင်းတော့ နာဦးမှာ"
ပြော၍ ရယ်လိုက်ကြသည်။ နေက ကျဲကျဲတောက် ပူနေ၏ ။ အရိပ်မရလှသော အပင်များအောက်မှ လျှောက်လာကြရင်း ရှေ့မှ သွားနေကြသော တစ်ဖွဲ့သည် သစ်ပင်ခပ်ရွယ်ရွယ် နှစ်ပင်အား ခုတ်ဖြတ်ကာ လျှိုမြောင်တစ်ခုပေါ် တံတားထိုးရန် လုပ်နေကြခြင်းကို တွေ့ရသဖြင့် ဝိုင်းကူလိုက်ကြသည်။
မြင်းများနှင့် လှည်းများက လျှို၏ အဆုံးနေရာမှ ပတ်ဝိုက်သွားနေကြရာ တသီတတန်းကြီး ဖြစ်၏ ။ ငသူရိန်က ရိက္ခာ ခဲယမ်းများ တင်ဆောင်ထားသည့် မြင်းလှည်းများအား ငေးရင်း
"ကိုကြီးထင်တို့ သွေးသောက်ကြီး ဖြစ်လာတော့ ဘာလို့ တပ်မပြောင်းရလဲ။ အဲဒီပွဲအပြီး အားလုံးလိုလို အဆင့်တိုးသွားကြတယ်ဆို"
"ငါတို့က ကုပ်ကပ် နေခဲ့တာဟ။ တပ်မှူးက ငကံတို့ ဘမျှင်တို့လောက် ဦးစားပေး ခေါ်ထားပေမယ့် တခြားတပ် ရောက်ကုန်သူတွေလည်း နောက်တော့ ပြန်ပြောင်းလာတာပဲ"
"ဟာ.. အဲသလို ပြောင်းလို့ ရလား"
"တကယ်တော့ မရဘူးပေါ့ကွာ။ ဒါပေမယ့် မင်းကလည်း.. ငါတို့ဟာ ဘီလူးတပ်သားတွေပါကွ၊ ဒီလောက်တော့ ကြံတတ်ပါတယ်။ အချိုကြိုက်ရင် အချို၊ အချဉ်နဲ့မှ ဆိုလည်း အချဉ်လေး ကပ်ရတာပေါ့"
ရယ်မိကြပြန်သည်။ ပြဿနာရှာ၍ တစ်စုံတစ်ခု ရရန် ပရိယာယ်ပြုသည်ကို သူတို့ တပ်တွင်း၌ အချဉ်ကပ်သည်၊ အခါးတိုက်သည်၊ အစပ်ကျွေးလိုက်သည်ဟု သင့်လျော်သလို သုံးနှုံးကြလေ့ ရှိ၏ ။ ထိုသို့သော အခြားတပ်များ နားမလည်သည့် လျှို့ဝှက်စကားလုံးများစွာ သူတို့တွင် ရှိကြပြီး အချို့စကားများဆိုလျင် ဗိုလ်တွန်တို့ပင် လိုက်လံသုံးစွဲနေကြပြီ။
ဥပမာ - သူတို့တပ်သည် ရောက်ရှိ ရပ်နား စခန်းချရာ ရွာများကို မူလအမည် ခေါ်ဝေါ်လေ့မရှိ၊ စမ်းချာင်းနှင့် နီးသည့် ရွာကလေးကို စမ်းပေါက်၊ ဧည့်ခံကျွေးမွေးရာ၌ အိမ်တိုင်းလိုလို ဆီမသုံးနိုင်ဘဲ ရေလုံပြုတ်သာ များသည့် ရွာအား ဆီရှားရွာ၊ ကျောက်မျက်လုံးတစ်ဖက် ရှိသည့် သူကြီး အုပ်ချုပ်သော ရွာကို ကျောက်တစ်လုံးရွာ၊ ရွာသို့ မရောက်မီ သူတို့ နားခိုကြသော ညောင်ပင်ကြီးများ ရှိသည့် ရွာအား ညောင်နှစ်ပင် စသည်ဖြင့် အမည်ပြောင်ပေး ခေါ်ကြလေ့ ရှိသည်။
ထို့ကြောင့်ပင် တစ်ခါက စည်သာမင်းကြီး တပ်သားဟန်ဖြင့် ဝင်လာသော သူလျှိုတစ်ဦးအား ဖမ်းမိနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသူမှာ စည်သာမင်းကြီးက မေးခိုင်းသည် ဆိုကာ မိမိတို့တပ်များ မည်သည့်နေ့ မည်သည့်စခန်းတွင် တပ်ချမည်ကို စုံစမ်းလာသည်။ သို့သော် လက်ျာဘီလူးကို မမေးရဲသဖြင့် တပ်သားများကို မေးမြန်းတီးခေါက်ကြည့်၏ ။
သူတို့ ပြောကြသော စခန်းချမည့် ရွာအမည်များမှာ တူသော်လည်း မြေပုံတွင် ရှာမရ၊ သုံးရွာဆက်တိုက် ပျောက်နေ၏ ။ စခန်းချရပ်ရန်မှာလည်း သူတို့တပ်သည် အခရာ ဖြစ်နေသဖြင့် လက်ျာဘီလူးကိုပင် မေးရတော့သည်။ ထိုအခါ လက်ျာဘီလူးက မူလရွာအမည်မှန်များကို ပြောသော်လည်း အပြန်တွင် နောက်မှ လိုက်ကြည့်စေပြီး စည်သာမင်းကြီးတပ်သို့ မသွားကြောင်း တွေ့ရ၍ ဖမ်းဆီးလာခဲ့လေ၏ ။
အဖျား တစ်ဖက်သာ ချွန်ထားသော တုတ်ရှည်များကို တင်ကျည်းဟု ခေါ်ပြီး အဖျား နှစ်ဖက်လုံး ချွန်ထားလျင် လှံပျံဟူ၍ သူတို့ သုံးစွဲကြ၏ ။ အချွန်မပါသော တုတ်ရှည်ကို ဘုတ်ဟု ခေါ်သလို အလွန် ရှည်သော တင်ကျည်း ဆိုလျင် နဂါးဟု ဆိုကြပြန်သည်။ 'လူ ငါးကျိပ်ငါးမှာ နဂါးတစ်ဆယ်၊ ဘုတ်တစ်ဆယ်၊ တင်ကျည်းဆယ့်ငါး၊ လှံဆယ့်ငါး၊ ပြောင်းငါးလက်နှင့် ဝဲက ခွဲရမည်' ဟူသော အသုံးမျိုး လက်ျာဘီလူးက စသုံးခြင်း ဖြစ်ပြီး ယခုအခါ မုဆိုးခြုံသားများလည်း သုံးစွဲလျက် ရှိကြ၏ ။
ငထင်သည် ကျောတွင် ပိုးလာသော ဆန်ထုပ်နှင့် ဓားကို လှည်းလမ်းကြောင်းဘေးရှိ ကဇာတန်းအခြေတွင် ချလိုက်ပြီး ခြေပစ်လက်ပစ် ထိုင်လိုက်ကာ..
"ဒါနဲ့ တပ်မှူးကို ၇ ရက် အကျဉ်းထားတုန်းမှာ အမတ်ကြီးတစ်ပါး ငါ့ဆီ လာမေးသွားသေးသကွ။ အတော် စစ်စစ် ပေါက်ပေါက် မေးလိုက်တာ တချို့ဟာတွေဆို မဖြေရဲဘူး။ လက်ျာဘီလူး လူ ဘယ်နှယောက် ခုတ်ချတာ မြင်မိလဲ၊ နောက်တွန့်သူများရော ခုတ်ခဲ့သေးလား ဆိုတာတွေကျ ဘေးသင့်မှာ ကြောက်ရတာပ"
"သေချာတာပေါ့၊ ဘာရည်ရွယ်ချက်နဲ့ ဒါတွေ မေးပါလိမ့်။ တခြားရော ဘာတွေ ပါသေးလဲဗျာ"
"ငါလည်း အသေအချာတော့ မမှတ်မိတော့ဘူးကွ။ စစ်ဆင်ပုံ၊ မချီခင် ဘာပြောလဲ စတာတွေတောင် ပါတယ်။ မွန်တွေကိုရော ဘာပြောတာ ကြားမိလဲတဲ့။ ငါတော့ မကြားမိဘူး လို့၊ သူက မွန်ကို ဘာပြောမှာလဲ။ တက်.. တက်.. တိုက်၊ မလွတ်စေနဲ့၊ လိုက်ဟ.. ချိတ်ဟ ဆိုတဲ့ အသံတွေပဲ ကြားတယ်လို့ ဖြေလိုက်တယ်"
"အဲဒီအမတ်ကြီးက ဘယ်သူတဲ့လဲ"
"မသိဘူးကွ၊ အရေးပါတဲ့ အကြီးတစ်ဦးဦးပဲ။ သူမေးပြီး နောက်တစ်နေ့ တပ်မှူး ထွက်လာတာ၊ ပြီး တခြားတပ်က တပ်သားတွေလည်း ငါးရာကျော် ထပ်ရောက်လာတယ်။ တပ်မှူးက နှစ်ရာကျော်သာ လက်ခံလိုက်တယ် ထင်ပ၊ အဲဒီကာလ လူအပြောင်းအလဲလည်း များတယ်"
"ဘာတွေ ဖြစ်သွားကြတယ် ဆိုတာ စိတ်ဝင်စားစရာပဲဗျ နော်။ ဘီလူးတပ်သားတွေက ရာထူးတိုးပြီး တခြားတပ်တွေရောက်၊ တခြားက တပ်သားသစ်တွေ ဒီကိုဝင်လာ၊ နောက် ပြောင်းသွားသူတွေကလည်း ပြန်ဝင်နဲ့ အတော် ရှုပ်သွားမှာ"
"သူ့အကြောင်း ကြားဖူးထားရင် အခြားသူတွေလည်း အထိုင်ကျ မြန်ပါတယ်ဟ။ မင်းတို့လိုပေါ့"
"ဟုတ်တယ်..၊ ဒါတော့ အမှန်ပဲ"
"ဟေ.. အစက ငါပြောပြခဲ့သမျှ အားလုံးကတော့ မမှန်ဘူး၊ ယုံတမ်းတွေလို့ ဆိုလိုလိုက်တာလားဟ ငသူရိန်"
"အယ်.. ဒီလို မဟုတ်ရပါဘူးဗျာ၊ ကိုကြီးထင် ပြောပြသမျှ ယုံယုံကြည်ကြည်နဲ့ မှတ်သားထားပါရဲ့။ ကျုပ်က ငယ်ငယ်ကတည်းက ပုံပြင်ဆို သိပ်ကြိုက်တာဗျ"
"ဘာကြ"
အမောဖြေနေရင်းမှ ရယ်လိုက်ကြသည်။ နေပြောက်ထိုးလာသဖြင့် ထထွက်ခဲ့ကြပြန်သည်။ တစ်နေရာတွင် လက်ျာဘီလူးသည် အရှေ့ကို မျှော်လျက် ငေးမောနေသည်ကို တွေ့ရာ ငထင်က
"တို့တပ်မှူးလည်း နတ်သျှင်လို ရတုဘာညာ မတတ်တဲ့ပြင် ဆွေးစရာ ငယ်ဖော်မရှိတော့ နားနေချိန်မှာ မလွမ်းရဘဲ စစ်ရေးကိုပဲ တွေးနေပုံ ပေါ်တယ်"
သူ့အနားမှ ဖြတ်ကျော် လျှောက်ခဲ့ကြရာ ညည်းသံသဲ့သဲ့ ကြားမိသဖြင့် နားစိုက်ထောင်ခဲ့ကြပြီး ခပ်ဝေးဝေးရောက်မှ
"အံမယ်.. ငါးစီးရှင် တျာချင်း တစ်ပိုင်းတစ်စပါလားဟ"
"ဒါတော့ ရသားပဲ၊ တစ်ခါကလည်း ညဘက်ကြီး ဗုံကြီးသံ ထညည်းလိုက်တာ ကြားဖူးတယ်"
သူတို့ တခွိခွိ ရယ်သွားကြသည်ကို မသိသော လက်ျာဘီလူးကတော့ သွေးသောက်နှစ်ယောက် တပူးပူး တတွဲတွဲ အဖွဲ့ကျနေသည်ကို လိုက်ကြည့်နေလေသည်။
"ဟေ့ ငဖြိုးနဲ့ ငကြွက်၊ အဲဒါ ဘာလုပ်မလို့လဲ"
ဝါးလုံးများကို ခွဲ၍ နှီးဖြာရန် ပြင်နေသော အကြပ်နှစ်ဦးက ငထင်ဘက် လှည့်ပြီး
"နင့်နှမဖို့ အိမ်ဆောက်ပေးမလို့ကွ"
"မင့်မသာကို ချည်ချဖို့ ဟေ့ကောင်ရေ"
"ခွေးမသားတွေ၊ ကူမလို့ မေးတာဟ"
"မလိုဘူး.. ငထင်ငဲ့၊ ကူချင်ရင် ဟိုမှာ နယ်ခံချိုးကြီး မြင်လား။ အဲဒီချုံအောက် သွားကူ၊ မင့်ကို ကောင်းကောင်းကြီး ခွပ်ပေးလိုက်လိမ့်မယ်"
"ငါက နင့်နှမလေး ရွှေရင်ကို ဖမ်းပြီး ချိုးတည်မလား ကြံနေတာ"
ငကြွက်တို့ကိုလည်း လွန်သွားပြန်သည်။
"ဒီနှစ်ကောင်လည်း ဟိုးအစကတည်းက တို့တပ်မှာ အိုးစားဖက်တွေပဲ။ နောက် ငပန်းတို့၊ ငကျားငယ်တို့၊ ငခေါင်းဖြူတို့ကို ဦးဆုံး ဘီလူးတပ်သားတွေလို့ ပြောလို့ရတယ်။ သူတို့လည်း ကြာပြီ"
"သွေးသောက် ငပန်းက ရန်သူ့ပုံထဲ ဝင်ပြီး ဗိုလ်တွေကို လိုက်ခုတ်တာဆို"
"အေး.. ငကျားတုန်းကလည်း ဆူးစည်းတွေကို ခုန်ကျော်ပြီး လက်ဗလာနဲ့ သမိန်ရဲဆိုလား အဲဒီဗိုလ်ကို ဆွဲလာခဲ့လို့ သွေးသောက်ကြီး ဖြစ်လာတာ၊ နောက် မကြာဘူး ဒီလို ထပ်လုပ်တုန်း ကျည်သင့်ပြီး ငါတို့ရှေ့က သွားပြီလေ"
"ကိုရင်ခေါင်းဖြူက အိုးစားကြီးနဲ့ အကြပ်နေရာကို ဆင်းလိုက် တက်လိုက် လုပ်နေတာလို့ ကြားတယ်။ ဘယ်လိုဖြစ်လို့တုန်း"
"ဟ.. ငသူရိန်ရ၊ သူလည်း မင်းလိုပဲ တပ်မှူးကို သိပ်သဘောကျတယ် ဆိုပြီး ရအောင် ဝင်တာကွ။ မင်းလိုတော့ မပါးနပ်ဘူး၊ လက်ျာဘီလူးလို လိုက်ကျင့်တယ်လေ။ သူ့တပ်မှူး စကားက လွဲလို့ တခြားသူ အမိန့်ပေးတာ မကြိုက်ဘူး။ တစ်ခါတလေ သိသိနဲ့ တမင် တလွဲလုပ်တာမျိုးကွ။ သူလည်း ခပ်ရူးရူးပေါ့"
"အင်း.. ကောင်းပါတယ်၊ ကျုပ်တို့တပ်လည်း မသိရင် အထင်ကြီးစရာ.. အထဲဝင်ကြည့်တော့ အရူးတွေချည်း ဖြစ်နေပါရောလား"
"မင်းကြည့်နေ၊ ဒီကောင့်ကို ငါခေါ်ပြမယ်"
သူတို့ ငခေါင်းဖြူ ရှိရာ လျှိုထဲ ဆင်းသွားကြပြီး ငထင်က ခပ်တည်တည်ဖြင့်
"နေကလည်း ပူလိုက်တာကွာ၊ ဟေ့ ငခေါင်းဖြူ၊ မင်းတို့ ရိက္ခာလှည်းပေါ်က ရေသွားယူစမ်းကွာ"
"အောင်မယ်၊ ငထင်.. ခုမှ ဆင်းလာပြီး တစ်ခါတည်း ယူခဲ့ပါတော့လား။ ငါ သည်မှာ နားမလို့ကွဲ့"
"သွားပါကွာ၊ မင်းကလည်း.. သွေးသောက်ကြီး ငထင်က ခိုင်းနေတာကွ"
ရုတ်တရက် ငခေါင်းဖြူက ဘေးမှ သစ်သားချောင်းဖြင့် ပစ်ပေါက်လိုက်သောကြောင့် ငသူရိန်ပါ ရှောင်လိုက်ရသည်။
"ငထင်တော့ နာချင်ပြီထင်တယ်.. ဟုတ်စ"
"ကြည့်စမ်း၊ အကြပ်ကလေးက တယ်ရိုင်းပါလား ဟရို့"
"ရိုင်းရုံမဟုတ်ဘူး၊ အကြောလည်း သန်တယ်။ ကြည့်မလား ငထင်ငယ်"
ငထင်က ခါးမှ ချိတ်ဆွဲထားသော သံခွက်ကို လှစ်ခနဲဖြုတ်၍ ပစ်လိုက်ရာ ငခေါင်းဖြူက ဖမ်းယူပြီး ချက်ချင်း ပြန်ပေါက်သည်။
"ဟေ့.. ငထင်၊ နင့်ယောက်ဖနဲ့ အတူတူ ကျင်းတူးချင်နေတာလား။ ငြိမ်ငြိမ်နေစမ်းကွာ၊ မောရတဲ့ အထဲ"
ငခေါင်းဖြူ ပြန်၍ ပစ်သော သံခွက်ကို ဖမ်းထားသည့် ငသူရိန်က ငထင်ထံ ကမ်းပေးလိုက်ရင်း ငခေါင်းဖြူနှင့် မျက်နှာချင်းဆိုင်မှ လျှိုကမ်းပါးစောင်းကို မှီလိုက်၏ ။
"ကိုရင်ခေါင်းဖြူ တယ်စိတ်ကြီးပါလားဗျ"
"နင့်လူက နေပူပူနဲ့ ကြွနေတာကွဲ့၊ ငါ ခုမှ နားမလို့ ကြံခါရှိသေး အမိန့်ပေးလား ဘာလားနဲ့ သွေးဆူနေတယ်၊ ဖောက်ပေးလိုက်ရ"
"ဒီအကြပ်ကိုတော့ ငါကိုယ်တိုင် ဆုံးမမှ ရတော့မယ် သွေးသောက်ရေ့"
ငထင် စကား ဆုံးသည်နှင့် ငခေါင်းဖြူက 'ဟယ်' ဟု ဆိုကာ ခုန်ထသည်။ 'ငါ့ စမ်းသလား' ဟု ပြောရင်း ငထင်ကို ခုန်အုပ်လိုက်၏ ။ ကျဉ်းမြောင်းသော လျှိုအတွင်း၌ပင် ငထင်က စွေ့ခနဲ တစ်ဖက်သို့ ရောက်သွားသည်။ ငသူရိန်က ငခေါင်းဖြူ လက်မောင်းကို ဆွဲထားပြီး
"အလကား ကျီစားနေတာပါ ကိုရင်ရာ၊ စိတ်မထားပါနဲ့။ ကျုပ်တို့လာတာ မေးစရာ ရှိလို့ပါ"
ငခေါင်းဖြူက သူရိန်ဘက် လှည့်ကာ
"ဘာမေးမှာတုန်း၊ ငါက ငထင်လိုတော့ ပုံမပြောတတ်ဘူးနော် သွေးသောက်"
"ပုံမဟုတ်ပါဘူး။ ကိုရင် ဒီတပ်ကို ရောက်လာပုံအကြောင်း စိတ်ဝင်စားမိလို့ပါ"
ငခေါင်းဖြူ ပြန်ထိုင်သွားသည်။
"မသိတော့ဘူးကွ"
ငထင်က ထအော်သည်။
"အေးရောကွ"
"ဟာ.. ဒီလိုတော့ မလုပ်နဲ့လေဗျာ၊ ကိုရင်ကလည်း။ ညကျ နင်းနှိပ်ပေးပါ့မယ်.."
ငခေါင်းဖြူ မျက်နှာ ဝင်းသွားလေ၏ ။


Written by သင်္ခရာဇာ

End date: July 13, 2021


ပထမဆုံးများ (၂)

ထိုနေ့က သူတို့ ရဲလှေ ၃၀ ဖြင့် ရှေ့ပြေးကင်းထောက် ထွက်လာခဲ့ကြသည်။ မွန်တို့ ချီလာသည့် သတင်းများ ရရှိထားခဲ့သဖြင့် စစ်နီးလာပြီဖြစ်ကြောင်း သိထားရာ သတိအပြည့်နှင့် နားမျက်စိဖွင့် လှော်ခတ်လာကြ၏ ။ ရှေ့ဆုံးမှ ပဉ္စရူပရုပ် ရဲလှေပေါ်တွင် တပ်မှူးနှင့်အတူ ငထင်လည်း ပါလာသည်။

ဘေးတစ်ဖက်တစ်ချက်တွင် ကြက်တူရွေး လှေပေါ်၌ ငကံတို့ စီး၍ မကန်းရုပ် ရဲလှေဝယ် အကြပ် ငမျိုးဆက် ဦးစီး လိုက်ပါလာသည်။ တပ်မှူးသည် ရှေ့ဆုံးမှ နေ၍ ရေမြေတောတောင် သဘာဝများကို လှည့်လည် အကဲခတ်နေရင်း ငကံကို လှမ်းပြောသည်။
"အနောက်တောင်ထောင့်က မိုးသားတွေ မည်းနေတယ်ကွ၊ မကြာခင် မိုးရွာတော့မှာ"
ဒါကိုတော့ လူတိုင်း သိပြီးသား ဖြစ်၍ မည်သူမျှ ဂရုစိုက်မနေကြ။ လှေကိုသာ မှန်မှန် လှော်နေကြသည်။ တပ်မှူးက အော်၍ အမိန့်ပေးသည်။
"ဖြည်းဖြည်း လှော်ကြဟေ့၊ ရှေ့ တစ်တိုင်လောက်မှာ မြစ်ကွေ့ရှိတယ်"
မြစ်ကွေ့ရှိသည်နှင့် အဘယ်ကြောင့် လှေနှေးရမည်ကို မသိကြသော်လည်း အားလုံး လှော်အားကို လျှော့လိုက်ကြသည်။ ကျားရုပ်အလံ တလွန့်လွန့်ဖြင့် ပြေးလွှားနေသော ရဲလှေများသည် အရှိန်သတ်သွားကြပြီး လူနှစ်ဦးတွင် တစ်ဦးသာ လှော်ခတ်ကြတော့သည်။
"ငါ့အထင် မမှားရင် အဲဒီမြစ်ကွေ့ အကျော်မှာ မွန်တွေ ရောက်နေလောက်ပြီ။ ခုထိ မြစ်ကွေ့ သည်ဘက်ကို လွန်မလာသေးဘူး ဆိုတော့ ချောင်းတွေ လက်တက်တွေထဲ သတိထား ကြည့်ကြစမ်း၊ အရိပ်အချည် တစ်ခုခု မြင်ရင် ချက်ချင်း ပြောကြဟေ့"
တပ်မှူးသည် နောက်သို့လည်း လှည့်ကြည့်၏ ။ နားကို စွင့်ထားသလို ကောင်းကင်ကိုလည်း တစ်ချက်တစ်ချက် ကြည့်သည်။ လေကိုလည်း စမ်းသည်။ ရေကိုလည်း စမ်းသည်။ လှေများကို ဖြန့်လျက် စူးရှိ မရှိ၊ ညှောင့်ထောင် မထောင် ရှာကြရသည်။ မြစ်ပြင်၌ မည်သည့်လှေမျှ မတွေ့ရသည်ကိုပင်လျင် သူ မသင်္ကာ ဖြစ်နေပုံ ရ၏ ။
နောက်ဆုံးမှ ပန်းတက်လာသော လှေကို စောင့်၍ မေးနေပြန်သည်။
"နောက်တပ်တွေ ဘယ်လောက် ကွာသေးလဲ သိသလားဟေ့"
"ခရီး နှစ်တိုင်သာသာတော့ ကွာဦးမယ် တပ်မှူး"
"အင်း.. ငါလည်း ဒီလိုပဲ ထင်တယ်"
မြစ်ကွေ့နှင့် နီးလာသည်နှင့်အမျှ လေက အေးလာ၏ ။ လေထဲတွင် မိုးစက်မှုန်ကလေးများ စပါလာပြီး မြစ်ပြင်၌ ဆူးချွန်များကဲ့သို့ ပေါ်လာကြပြီ။ လေတသွင်သွင် တိုက်နေသောကြောင့် ဖြူဖွေးသော မိုးစက်တို့က သူတို့ နံဘေးကို ရိုက်ခတ်နေကြသည်။ တပ်မှူးသည် ရဲလှေများ၏ အလယ်သို့ ရောက်အောင် နေရာယူလိုက်ပြီး လှေများကို နီးနီးကပ်ကပ် ရှိစေလိုက်သည်။
မြစ်ကွေ့အရောက်တွင် မိုးစက်များက စူးလာသည်။ မြင်ကွင်း ခပ်မှုန်မှုန်၏ အစွန်း၌ မည်းမည်းအရိပ်များကို မြင်နေရသည်။ သူတို့အားလုံး ထိုအရိပ်များသည် တိုက်လှေကြီးများ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြပြီ။ တပ်မှူး ခန့်မှန်းသည့်အတိုင်း မွန်တို့ရေတပ်ကြီးကို အဝေးတွင် မြင်နေရလေပြီ။
သူတို့တာဝန်မှာ ရန်သူတပ်များကို မည်သည့်နေရာ၌ မည်မျှအင်အား ရှိကြောင်း ကင်းစမ်း စစ်ရမ်းရန် ဖြစ်ပြီး ရန်သူကင်းထောက်လှေတပ်နှင့် တွေ့ပါကလည်း တိုက်ဖျက်ပစ်ခဲ့ရန် ဖြစ်သည်။ ထို့ကြောင့် ယခု ရန်သူ့ ရေတပ်မကြီးကို မြင်သောအခါ လှည့်ပြန်ရန် သင့်နေလေပြီ။ သို့သော် တပ်မှူးက လက်သီးကို ထောင်ထားပြီး ရပ်တန့်နေသည်။ ပြန်လှည့်ရန် အချက်မပြသေး၍ အားလုံး ငြိမ်နေကြသည်။
မိုးစက်မိုးပေါက်တို့သည် သူတို့ ကျောပြင်ကို ပြင်းထန်စွာ ထိမှန်လာနေ၏ ။ လှေတော်သားအားလုံးသည် ငြိမ်သက်လျက် လှေဦးထိပ်မှ ရပ်ရင်း အခြေအနေ သုံးသပ်နေသော တပ်မှူးကိုသာ ဝိုင်းကြည့်နေကြသည်။ ခဏကြာလျင် တပ်မှူးသည် မွန်လှေကြီးများကို ငေးမောနေရာမှ ရဲလှေများဘက် လှည့်ကြည့်လာပြီး
"တိုက်လှေကြီးတွေကတော့ မြစ်ပြင်ပြည့် ဆီးဆို့ပြီး အထပ်ထပ် ရံထားပုံ ရတယ်။ အင်အား နှစ်သောင်း သုံးသောင်း ကျော်မယ်။ ရဲလှေ တိုက်လှေ လှေပေါ့လှေလျင်တွေ ရှေ့တင်ထားပုံ မရဘူး။ ကြည့်ရတာ တို့တပ်တွေကို အမြောက်နဲ့ ဆီးပစ်မယ့် ပုံပဲ"
မည်သူကမျှ ထောက်ခံစကား မဆိုကြဘဲ သူ့အပြောကိုသာ စောင့်စားနေကြသည်။
"တို့က အဆီးအပစ်ကို ခံလို့ မတော်ဘူး၊ အခု အနေအထားကလည်း အခွင့်အရေးကြီး ဖြစ်တယ်။ မိုးက သူတို့လှေတွေရဲ့ အရှေ့ကို ပက်နေပြီး လေက တို့အနောက်က တိုက်နေတာ"
ယခုအချိန်ထိ သူ့ဆိုလိုရင်းကို ငထင် မရိပ်မိသေး။ အများစုကလည်း မသိကြသေးဘဲ ငေးကြည့်နေကြဆဲပင် ရှိသည်။
"ငါတို့ ဝင်တိုက်မယ်ဆို တိုက်လို့ရတယ်"
အားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏ ။ လူ ၂ သောင်း ၃ သောင်းနှင့် ဧရာဝတီမြစ်ပြင်ကျယ်ကြီးအပြည့် ပိတ်ဆို့ထားသော တိုက်လှေကြီးများကို ကင်းစမ်းရဲလှေငယ်လေးများဖြင့် ဝင်တိုက်ကြမည်ဟု ဆိုလိုလေသလား ဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းသလို မျက်လုံးများနှင့် ကြည့်မိကြလေသည်။
လက်ျာဘီလူးကိုလည်း ထိုမျှအထိ ရူးမိုက်လိမ့်မည် မထင်ခဲ့ကြ။ သူတို့တပ်မှူးအကြောင်း ကောင်းကောင်းသိကြသော်လည်း မယုံမရဲ ဖြစ်နေကြပြီး တပ်မှူးကို ကြည့်ကြရာတွင် ဆုံးဖြတ်ချက် ချပြီးဟန် အားပါသော ပုံပန်းအား မြင်ကြရသည်။ သူကတော့ မိုးထဲရေထဲတွင် မာန်အပြည့်နှင့် ဆက်ပြောနေ၏ ။
"ငါတို့ တောင်ဘက်က ကပ်ပြီး ရေနဲ့ လေနဲ့ လူအားနဲ့ ကြုံးလှော် လိုက်ကြမယ်ဆို မွန်တွေနဲ့ ငါတို့ကြား တစ်တိုင်စာ အကွာအဝေးက ခဏလေးပဲ။ ငါ ချိန်နေတာက နောက်တပ်တွေ ဟောဒီ မြစ်ကွေ့ကို ရောက်လာမယ့် အချိန်ပဲ။ ငါတို့ ဝင်တိုက်ပြီး မကြာခင်မှာ နောက်တပ်ကူတွေ ရောက်လာပြီး လှမ်းမြင်နိုင်ဖို့ အခု ခဏ မျှောလိုက်ကြတာပေါ့"
တပ်မှူး ဘာတွေ ကြံနေပါလိမ့်ဟု ငထင် စိုးရိမ်စွာ တွေးမိသည်။ မည်သို့ပင် ကြံစည်စေကာမူ မိမိတို့လှေတပ်ကလေး အချည်းနှီး ပျက်စီးသွားမည့် အရေးကိုသာ မြင်နေမိသလို တစ်ဖက်မှလည်း မယုံရဲရဲနှင့် ယုံချင်စိတ်၊ ဟုတ်နိုးနိုး တွေဝေစိတ်က ဖြစ်နေ၏ ။
"မင်းတို့က လှေ ၃၀ ဆိုတာကို နည်းတယ် ထင်နေတာလား။ လှေ ၃၀ ဟာ လူ ၃၀ မဟုတ်ဘူး။ ငါတို့မှာ လူအင်အား လုံလုံလောက်လောက် ရှိတယ်။ အဓိက စစ်ရေး အခြေအနေ ကံကြမ္မာလည်း ငါတို့ဘက်မှာ အပြည့်အဝ ရှိနေတယ်။ ငါတို့ လုပ်ရမှာက မြန်မြန်တက် ရဲရဲတိုက်ပြီး သူတို့ တိုက်လှေ လက်နက် ခဲယမ်းတွေကို ရသလောက် ယူဖို့ပဲ"
သွေးသောက်တစ်ဦးက လှမ်းပြောသည်။
"ကျွန်တော်တို့ အမိန့်မရဘဲ တိုက်ရင် အပြစ်ဒဏ် ခံရမှာပေါ့ တပ်မှူး"
"ငါတို့ ပြစ်ဒဏ် ကြောက်လို့ တပ်မကြီးကို စောင့်နေလိုက်ရင် အားလုံး အမြောက်ဒဏ် ခံရနိုင်တယ်။ မိုးမည်းဆိုတာ မကြာတတ်ဘူး"
ငထင် သဘောပေါက်လိုက်သည်။ မိုးသည် သူတို့အနောက်ဘက်၊ မွန်တိုက်လှေကြီးများ၏ အရှေ့တည့်တည့်မှ ပက်၍ သွန်းရွာနေသည်မှာ ယခုသည် အားအကောင်းဆုံး အချိန် ဖြစ်သည်။ မကြာမီ အားလျော့လာတော့မည်။ အမြောက်ကြီးများ၏ အရှေ့မှ မိုးသည်းထန်စွာ ပက်နေလျင် ပစ်ခတ်ရန် ခက်ခဲမည်ဟု တပ်မှူးက ဆိုလိုနေခြင်း ဖြစ်၏ ။
"ပေးမယ့် အပြစ်ဒဏ်ကို မင်းတို့ ပူပန်စရာ မလိုဘူး။ ငါ တာဝန်ယူတယ်။ မင်းတို့တာဝန်က သူတို့လှေတွေ မခွာစေနဲ့။ ရသလောက် ချိတ်ပြီး ယူဖို့ပဲ။ မီးပေါက် သေနတ်ဟာ ရေကြောက်တယ်၊ ငါတို့က ဘာမှ မကြောက်ဘူး။ အမြောက် ဆိုတာ မိုး ကြောက်ပါတယ်။ ငါတို့ကတော့ သေမှာတောင် မကြောက်ဘူး"
"ဟေး"
"အခု ငါတို့ တစ်စုတည်း မြစ်ဘယ်ဘက်ကမ်းက ကပ်ပြီး အပြင်းချီသွားမယ်။ တောင်ဘက်စွန်း လှေက စတက်မယ်။ မြင်တာ အကုန်ခုတ်၊ ရေထဲပစ်ချကြရမယ်။ နောက်တပ်မကြီး အချိန်မီ ရောက်လာလိမ့်မယ်။ ဘာမှ ကြောင့်ကြနေစရာ မလိုဘူး။ အခုက မင်းတို့ပွဲပဲ။ ပွဲရအောင်သာ ယူကြ။ လူတိုင်း ပွဲရစေမယ့် အခွင့်အရေးကြီးပဲ"
"ဝေးးးးး"
"ကိုင်း.. ငါတို့အစွမ်း ပြလိုက်ကြရအောင်"
လှေတပ်သားများက ဝမ်းသာအားရ အော်ဟစ်ပြီး သူ့ထက်ငါ အလုအယက် တက်သွားကြသည်။ လက်ျာဘီလူးက ရှေ့ဆုံးမှ ဦးဆောင်၍ အလံများကို လှဲစေပြီး ကိုယ်ကို ကျုံ့ဝပ်ကာ လှော်ခတ်ကြစေသည်။ မိုးသည်းသည်း မြစ်ပြင်ကြီးထဲ၌ ရဲလှေငယ်များသည် မြားဦးချွန်သဏ္ဍာန် စုစည်းသွားပြီး တရိပ်ရိပ် လျင်မြန်စွာ ပြေးလွှားနေ၏ ။
မွန်တို့သည်လည်း ကုန်းဘောင် ကင်းလှေများ မြစ်ကွေ့မှ ပေါ်လာသည်ကို မြင်ပြီး ဖြစ်ရာ အတန်ကြာ ရပ်တန့်နေသည်ကိုလည်းကောင်း၊ ထို့နောက် အလံများ လှဲ၍ သူတို့ထံ လာနေသည်ကိုလည်းကောင်း ကြည့်နေကြလေသည်။ ဗိုလ်မှူးပြုလာကြသော ဒေါစွယ်ယစက်၊ တလပန်းတို့လည်း တိုက်လှေကြီးများစွာ၏ အလယ်မှ နေ၍ ကင်းလှေငယ်လေးများ အနည်းငယ်ဖြင့် ချည်းကပ်လာသည်ကို သုံးသပ်နေကြ၏ ။
မြန်မာများ ပရိယာယ် ပြုလေသလားဟု နောက်တပ်မကြီး ပါ မပါ ကြည့်ရာတွင် ကင်းလှေများ အမြောက်တစ်ကမ်း ရောက်လာသည်အထိ မည်သည့်တပ်မျှ မမြင်၊ ပြောင်း အမြောက်များဖြင့် စမ်းပစ်ရာတွင်လည်း တန့်ခြင်း ဆုတ်ခြင်း မရှိဘဲ လာမြဲအတိုင်း လာနေကြသည်။
ထို့ကြောင့် လှေငယ်လေး တစ်စုသည် သူတို့ မနိုင်နိုင်သည့် တိုက်လှေကြီးများ အင်အားကို မြင်၍ ကြောက်ရွံ့ခန့်ညားသောကြောင့် အလံလှဲလျက် မွန်တို့ထံ ဝင်စားရန် လာသည် ဖြစ်လိမ့်မည်ဟု တွေးထင်မိကြသည်။ မိုးရွာနေသဖြင့် အမြောက်များမှာ နောက်တစ်ကြိမ်ပစ်ရန် မလွယ်၊ အပေါ်မှ မိုးကာ၍ ပြင်ဆင်သည့်တိုင် ယမ်းအိတ် ယမ်းမှုန့်တို့ကို ရေစိုနေရာ မပစ်ခတ်စေတော့ဘဲ ဝင်လာမည့် လှေတို့ကိုသာ စောင့်ကြိုနေကြလေ၏ ။
အမြောက်တစ်ကမ်းကို ကျော်လာသည်နှင့် လှေငယ်များသည် ပိုမိုမြန်ဆန်စွာ နီးကပ်လာကြပြီးလျင် ဗိုလ်မှူးများရှိရာ အလံထောင်ပြထားသည့် အလယ်ကြောသို့ ဝင်မလာဘဲ ညာဘက်စွန်း တိုက်လှေကြီးများဆီ ဦးတည် ဖြန့်ခွဲသွားကြသည်ကို မြင်ကြရသည်။ ထိုအခါမှ တိုက်ခိုက်ရန် လာကြသည်ကို ရိပ်မိရလေသည်။
မြန်မာတို့ ဤမျှအထိ မိုက်ရူးရဲလိမ့်မည် မထင်သဖြင့် ဗိုလ်မှူးများ အံ့သြနေကြသလို အများက ရယ်သွမ်းသွေးကြ၏ ။ သေနတ်ဖြင့် ဆီးကြို ပစ်ခတ်ကြ၏ ။ သို့သော် ဒိုင်းငယ်ဝိုင်းကလေးများ ကိုယ်စီပါသော လှေတော်သားတို့က ပစ်ခတ်သမျှကို ကာကွယ်ရင်း ချိတ်များ၊ ကြိုးများ၊ လှံလျင်များဖြင့် ပစ်ခတ် ချည်းကပ်လာကြသည်။
လက်ျာဘီလူးက အချက်ပြသဖြင့် တိုက်လှေကြီး တစ်စင်းလျင် ရဲလှေ နှစ်စင်း ဘယ်ညာကပ်၍ ဦးမှ ချိတ်ငင် တက်ကြသည်။ တက်သူတို့ တက်နေခိုက် နောက်လူတို့က ကာပစ်ပေးကြ၏ ။ တိုက်လှေကြီးများပေါ်မှလည်း မြားတံ လှံတံများစွာက မိုးစက်များနှင့်အပြိုင် တဖွဲဖွဲ ကျဆင်းလာသည်။
သူတို့ရဲလှေသားများ တိုက်လှေကြီးများကို တက်မိချိန်၌ မိုးသည် အတော်ပင် စဲသွားခဲ့ပြီ ဖြစ်ရာ ဒေါစွယ်ယစက်တို့သည် လက်ယာဘက်လှေများ တိုက်ပွဲကို ထင်ထင်ရှားရှား မြင်နေရသည်။ ဘီလူးသရဲ စီးနေသကဲ့သို့ လှေပေါ် တက်လာသူများသည် အသားစားတော့မည့် သွင်ပြင်များနှင့် ဝမ်းသာအားရ အော်ဟစ်နေကြ၏ ။ လူများကို အလုအယက် ထိုးခုတ်နေကြ၏ ။
နှစ်ဘက် အကျအဆုံး များသလောက် ပြင်းထန် ရက်စက်သော တိုက်ပွဲ ဖြစ်သည်။ တိုက်ပွဲသည် တဖြည်းဖြည်း အလယ်ဘက်သို့ ကူးစက်လာသည်။ ခုန်နင်းလာသော ကျူးကျော်သူများက လှေကြီးများပေါ်သို့ တစ်စင်းပြီးတစ်စင်း ခပ်မြန်မြန် ရောက်ရှိလာပြီး မူလထက် ပိုများလာသည်ဟုလည်း ထင်ရသည်။ သူတို့သည် အလယ်လှေများသို့ စုပေါင်း၍ ဦးတည် လာနေကြခြင်းကြောင့် ဖြစ်၏ ။
ထို့ကြောင့် အလယ်ရှိ လှေများနှင့် လက်ဝဲဘက်ကပ်လျက် တွဲထားသည့် လှေများပေါ်မှ စစ်သည်များကို လက်ယာဘက်သို့ သွားရောက် တိုက်ခိုက်ရန် ဗိုလ်မှူး တလပန်းက ညွှန်ကြားနေစဉ် မြစ်ကွေ့မှ မြန်မာလှေများ ထွက်ပေါ်လာကြသည်ကို မြင်ရလေပြီ။ မြန်မာလှေတပ်ကြီးကလည်း အစ၌ တစ်တိုင်ခန့် အကွာအဝေးမှ တိုက်ပွဲကို အံ့သြစွာ ကြည့်နေကြသည်။
နောက်မှ စည်မောင်းခရာ တီးမှုတ်ကာ အလျင်အမြန် ချီလာကြလေသည်။ မွန်တို့သည် မြန်မာရေတပ်ကြီး ထပ်ချီလာနေသည်ကို မြင်လျင် 'လှေပေါ့လှေလျင်များကိုပင် မခံနိုင်ဘဲ တိုက်လှေတပ်ကြီး ကစီကရင် ရှိသည်၊ ယခု နောက်တပ်မကြီး ချီလာသည်မှာ မည်မျှ အင်အားများသည်မသိ၊ မြန်မာတို့ အကြံအစည် ရှိလိမ့်မည် မချွတ်' ဟု ကြံကာ တပ်ဆုတ် ခွာရန် ပြင်ကြကုန်၏ ။
ရဲလှေ ၃၀ သားတို့က မခွာရ၊ ကြိုးမျှ အဖြည်မခံ။ ချိတ်ငင် ထိုးခုတ်ပစ်ကြရာ လှေပေါ်မှ ခုန်ချပြေးရသူတို့ မနည်းလှ။ တိုက်လှေကြီးများစွာ လှေဦးလှည့်မရ၊ စိစိထပ်ထပ် ရှိသည်နှင့် ကျောက်ကြိုးဖြတ်၍ နောက်မှ ဆွဲယူ ထွက်ကြရသည်။ မွန်ဗိုလ်မှူး တပ်မှူးများလည်း အနောက်ဘက်တွင် စီထားသော လှေကြီးများဖြင့် ဦးလည် ပြေးကြ၏ ။ သူတို့အနောက်ရှိ ရဲလှေငယ်များမှာ ဖရိုဖရဲ။
မိုးကား တိတ်ချေပြီ။ မြစ်ပြင်ပြည့် ပိတ်စောင့်နေခဲ့သော တိုက်လှေကြီးများ နေရာတွင် လှံများ ထိုးထိုးထောင်ထောင် စူးနေသော တိုက်လှေအချို့နှင့် ရဲလှေငယ်များ၊ အပျက်အစီးများ၊ ဟိုတစ်စ သည်တစ်စ လူသေအလောင်းများ၊ အမြောက်ဒဏ် ထိထားသည့် တိုက်လှေပျက်အချို့သာ ကျန်ရစ်သည်။
ကုန်းဘောင်လှေတပ်များ ရောက်ရှိလာချိန်၌ မွန်တိုက်လှေကြီးများပေါ်ဝယ် ကင်းထောက်တပ်သား အချို့သည် ဓားများ မြှောက်ပြ ဟစ်ကြွေးနေကြပြီး အချို့မှာ ပြေးသည့်နောက် လိုက်သွားကြသည် ဆို၏ ။ ရန်သူကို မြင်လျင် မတိုက်နှင့်ဟု အမိန့်ထုတ်ခဲ့ပါလျက် ဝင်တိုက်ခဲ့သော တပ်မှူးမှာမူ လှေတစ်စင်း၏ ဦးဖျားတွင် ခြေချလျက် ခွထိုင်နေ၏ ။
(ဆက်ရန်...)    ပထမဆုံးများ (၃) 

Written by သင်္ခရာဇာ

End date: July 13, 2021

ပထမဆုံးများ (၁)

နွေညမို့ ပူအိုက်လှ၏ ။ သစ်ပင်ငယ်များ၏ အရှေ့ဘက်ရှိ အပူရှိန်သက်သာသော နေရာများ၌ လဲလျောင်းနေကြသည့် အိုးစားဖက်များမှာ ထန်းလက်ယပ်တောင် တဖျပ်ဖျပ်၊ ချွေးတလုံးလုံးနှင့် ရှိနေကြသည်။ အချို့က ပုဆိုးကြမ်းများကို မြေပေါ် ခင်းအိပ်နေကြပြီး အချို့မှာ ခြင်ကိုက်လှသဖြင့် ကိုယ်ပေါ် လွှမ်းထားကြရသည်။
သွေးသောက်ကြီး ငထင်ရှိရာ အစွန်ဆုံး နေရာသို့ သွေးသောက် ငသူရိန် လျှောက်လာသည်။ ငထင်၏ ဘေးတွင် သိုင်းလာသော ပုဆိုးကို ခင်းလျက် နေရာယူလိုက်ပြီး ဓားကို ခေါင်းရင်း သစ်ပင်အခြေဝယ် မှီထားလိုက်သည်။
"မအိပ်သေးဘူး မဟုတ်လား သွေးသောက်"
"မအိပ်နိုင်သေးပါဘူးဗျာ.. အိုက်လိုက်တာ လွန်ပါရော၊ လေတစ်ဝှေ့တောင် မတိုက်ဘူး"
"ဟုတ်ပါ့ဗျာ.. ရော့"
ငသူရိန်က နှီးချောယပ်တောင်တစ်ချပ် ကမ်းလိုက်ရာ ငထင် သွက်လက်စွာ ယူ၍ ခတ်လိုက်သည်။
"ခြင်တွေလည်း ပေါလိုက်တာ"
"အေးလကွာ.. ရေမနီး ချုံမနီးနဲ့ ဘယ်ခရီးကနေများ လာကိုက်ကြပါလိမ့်"
"ဒါနဲ့ သွေးသောက်ကြီး ကျုပ်ကို ဟိုတုန်းက အကြောင်းတွေ ပြောပြမယ်ဆို"
"အေး.. ပြောတာပေါ့၊ မင်းက ဘာတွေ နားထောင်ချင်တာလဲ"
ငထင်သည် စကားပြောကောင်းသူ ဖြစ်၍ ပုံပြင်ပြော ဝါသနာပါသူလည်း ဖြစ်၏ ။ သူအပြောကောင်းကြောင်း သိ၍ ငသူရိန်က သိလိုသည့် အကြောင်းများကို လာရောက် မေးမြန်းဦးမည်ဟု စကားခံထားခဲ့ဖူးသည်။
"ကျုပ် နားထောင်ချင်တာလည်း အရင်တုန်းက အကြောင်းတွေပါပဲ၊ သွေးသောက်ကြီး ကိုယ်တွေ့ ဖြစ်ရပ်လေးတွေ၊ တိုက်ပွဲတွေ အကြောင်း၊ တပ်မှူး အကြောင်း.. ဘာဘာညာညာပေါ့"
"ငါကလည်း အဲဒီအကြောင်းတွေသာ ပြောရရင် မစားမသောက်ဘဲလည်း ပြောနိုင်တယ် မောင်"
"ကောင်းပါလေ့ဗျာ.. ကြိုက်ပြီ"
"ကိုင်း.. မေးပေတော့"
ငထင်က ယပ်တောင် ပြန်ကမ်းပေးလိုက်သဖြင့် ငသူရိန် ယူ၍ ခတ်ရင်း
"သွေးသောက်ကြီးက ပထမဦးဆုံး ဘီလူးတပ်သားဆို"
"အေး.. ငါတို့ အဖွဲ့တွေပေါ့ကွယ်။ ငထင်၊ ငမြတ်ကျော်၊ ငသာဒွန်းအောင်၊ ငရွှေလူ၊ ငတောက်ထွန်း၊ ငတက်တူ၊ ငတက်ခါး.. နောက် အများကြီးပေါ့။ တို့အသုတ်က တော်တော်များများတော့ သေကုန်ကြပြီကွဲ့"
"အိုးစားကြီး ငတက်တူတော့ ကျန်သေးသား"
"ဟုတ်ပ၊ သူ့အစ်ကို ငတက်ခါးက အင်းဝပွဲမှာ ကျသွားတာ"
"ကျုပ်ကို ဘီလူးတပ်သား ဖြစ်လာပုံက စပြောပြဗျာ"
"ဒီလိုကွ.. အစကတော့ ငါတို့ ဝင်တုန်းက ဘီလူးတပ်သား အဖြစ်နဲ့ မဟုတ်ဘူး။ မင်းတရားကြီး ဖြစ်လာမယ့် သူကြီး ကိုအောင်ဇေယျထံ ခိုဝင်ကြတာပဲ"
ငထင်တို့ ရွာသား တစ်ကျိပ်နှစ်ယောက်သည် မုဆိုးဘိုရွာ အနီးရှိ ရွာတစ်ရွာမှ ဖြစ်ပြီး အင်းဝကို မွန်တို့ သိမ်းလိုက်သောအခါ ဘုန်းလက်ရုံး တောက်ထွန်းနေသော ဦးအောင်ဇေယျ၏ စုစည်းမှုအောက်သို့ အတူတကွ ဝင်ရောက်လာကြသူများ ဖြစ်သည်။ သူတို့ရောက်ပြီး နောက်မှ ဗိုလ်တွန်တို့ မုဆိုးခြုံရွာသားတစ်သိုက် ခိုဝင်လာကြ၏ ။
သူတို့ ရောက်စဉ်ကမူ ယခု တပ်မှူး ဖြစ်နေသော လူငယ်ကလေး လက်ျာဘီလူးပင် မရောက်သေးဘဲ ဦးကောင်း၏ ဦးဆောင်ကွပ်ကွဲမှုအောက်မှ လိုက်ပါ တိုက်ပွဲဝင်ခဲ့ကြသည်။ မွန်တို့ကို မုဆိုးဘိုမှ စတင် ခုခံကြချိန်အထိ လက်ျာဘီလူးကို မသိသေး။ ခင်ဦးတပ်ကို တိုက်ခါနီးတွင် မင်းတရား၏ အသက်ကို ကယ်လိုက်သည့် လူငယ်တစ်ဦးအကြောင်း စကြားဖူးခဲ့ရသည်။
သူတို့သည် တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြပါ၏ ။ သူနှင့်အတူ ပါလာသော ရဲဘော်များ ကျဆုံးကုန်သော်လည်း ငထင်တို့သည် မိမိတို့အသက်ကိုပင် အလေးမထားဘဲ တိုက်ခိုက်ကြမြဲ။ တိုက် ဆိုသည်နှင့် ဝံ့ဝံ့စားစား ထိုးခုတ် တိုးဝင်ကြသည်ချည်း ဖြစ်သည်။ နိုင်တစ်ခါ ဆုတ်တစ်လှည့်ဖြင့် တိုက်ပွဲများစွာ တိုက်ခိုက်ပြီးသောအခါ လက်ျာဘီလူးသည် သူတို့လူဟောင်း သူရဲကြီးများကို ကျော်လျက် နာမည်ထွက်လာတော့သည်။
ငထင်တို့ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်၊ သင်းက ပိုမိုပေါ်လွင်စွာ တိုက်ခိုက်တတ်ခြင်းကြောင့် ဖြစ်သည်။ ငထင်တို့မှာ ကြောက်ရွံ့ နောက်တွန့်တတ်သည်မဟုတ်သော်လည်း သင်းက ပို၍ သွေးအေး ရက်စက် ကြမ်းကြုတ်တတ်၏ ။ ငထင်တို့က ရှေ့တန်းမှ သက်စွန့်ကြိုးပမ်း လုပ်ကြံနေချိန်ဝယ် သင်းက ရန်သူ့နောက်တန်းအထိ မွှေနှောက် ထိုးဖောက်ခြင်းမျိုး မကြာခဏ လုပ်တတ်သည်။
မကြာမီ လက်ျာဘီလူး ဗိုလ်ဖြစ်လာပြီး ငထင်က သူ့လက်အောက်သို့ အိုးစားကြီးအဖြစ် ရောက်သွားရ၏ ။ ထိုအခါမှ သင်းအကြောင်းကို ပို၍ သိရ၏ ။ ကောင်ကလေးပါဟု မခန့်လေးစား မလုပ်ဝံ့လောက်အောင် ယင်းသူငယ်သည် တည်ကြည်အေးစက် ခက်ထန်လှပေသည်။
ငမြတ်ကျော်၊ ငတက်တူတို့မှာ မင်းလှမင်းခေါင် ဦးကောင်းတပ်သို့ ပါသွားပြီး လူစုကွဲသွားသည်။ ငရွှေလူမှာမူ ပထမဆုံး မွန်တို့နှင့် တိုက်ပွဲဖြစ်ပွားသော မုဆိုးဘိုပွဲတွင်ပင် ကျဆုံးသွားပြီး ငသာဒွန်းအောင်တို့လည်း စစ်ကိုင်း၊ ခင်ဦးတိုက်ပွဲများ၌ အသက်စွန့်သွားကြရ၏ ။
ထို့နောက် သူတို့တပ်သို့ အကြပ် ငကံတို့ ရောက်လာကြပြန်သည်။ ငကံမှာ တပ်ပြောင်းလာသူဖြစ်ပြီး အဘမျှင်သည် ဝေးလံခေါင်သီသော အရပ်မှ မျက်စိလည်လာခြင်း ဖြစ်သည်ဟု ဆို၏ ။ နောက်ဆုံးတွင်မှ သူရိန်တို့ ၅ ဦး ဝင်လာကြခြင်း ဖြစ်သည်ဟု သွေးသောက်ကြီး ငထင်က ရှင်းပြလေသည်။
"ဒါဆို သွေးသောက်နဲ့ တစ်ချိန်တည်း ဝင်ခဲ့တဲ့အထဲက ဘီလူးတပ်သား ဖြစ်လာတာ ဘယ်သူတွေ ကျန်သေးလဲ"
"အဲ.. ငါရယ်၊ ငခက်ရယ်၊ ငတုတ်ရယ်၊ မောင်မောင်ကိုးရယ်.. ဒီကောင်တွေက တို့ရွာကတော့ မဟုတ်ဘူးကွ။ အလည်ရွာတို့၊ စဉ့်ကိုင်တို့ဘက်က လူတွေ။ ငါနဲ့ ရှေ့ဆင့် နောက်ဆင့် ဝင်လာပြီး တပ်မှူး လက်အောက် ရောက်လာခဲ့သူတွေကို ပြောတာ"
"ပြီတော့ရော၊ ဘီလူးတပ်သား လို့ ဘယ်လို ဖြစ်လာသလဲ။ ဘယ်လိုတွေ ကြုံခဲ့ကြရသလဲ လင်းပါဦးဗျ"
ငထင်က ဦးခေါင်းပြောင်ပြောင်ကို တဘက်ဖြင့် သုတ်လိုက်ပြီး
"တကယ်တော့ ဘီလူးတပ်ဆိုတာ ငါတို့ အချင်းချင်း ပေးတဲ့ အမည် မဟုတ်ဘူး မောင်၊ ကောလာဟလတွေ ကြားပြီး လူတွေက ခေါ်ကြတာတဲ့။ အဲဒီကနေ တခြားတပ်တွေကပါ လိုက်ခေါ်ရင်း တွင်သွားတာ"
"ဟုတ်ကဲ့၊ အဲဒီအမည် ဖြစ်ပေါ်လာပုံကလေးရော ဇာတ်ကြောင်းလေးနဲ့ လုပ်ပါဦး"
"ငါတို့ တပ်မှူးက သူ့တပ်လို့ သတ်သတ်မှတ်မှတ် ဖြစ်လာတာနဲ့ တခြား တပ်တွေနဲ့ မတူတဲ့ အလုပ်တွေ စလုပ်ခိုင်းတော့တာကိုး။ ငါတို့မှာ ညကြီးသန်းခေါင်လည်း ထပြီး စစ်ဆင် စစ်တက် လေ့ကျင့်လား လေ့ကျင့်ရရဲ့၊ သူများတွေ နားနေတုန်း ရေကူးကြရမယ်၊ လှေလှော်ရမယ် ဆိုတာမျိုးလည်း လုပ်ကြရရဲ့။ သို့ပေမယ့် စောဒက မတက်ဝံ့ဘူး။ သူခိုင်းတာ မလုပ်ချင်ရင် ချက်ချင်း ထုတ်ပစ်တာ၊ ဒဏ်ပေးတာ၊ အိမ်ပြန်ခိုင်းတာမျိုး လုပ်တတ်တာကွ"
ပြောရင်း ငထင်က လေသံကို နှိမ့်၍
"တို့တပ်မှူးက စိတ်သိပ်မှန်တာ မဟုတ်ဘူး။ သိတယ် မဟုတ်လား"
ငသူရိန် ပြုံးလိုက်သည်။ ပြန်တော့ မဖြေ။
"တစ်ခါတလေတော့ ချစ်ဖို့ ကောင်းပါတယ်၊ ဒါပေမယ့် ကြောက်ရတဲ့ အချိန်က များတယ်လေ။ ဒါကလည်း သူ့ကို ကလန်ကဆန် လုပ်ရင်သာ သူ ဘာလုပ်မလဲ တွေးကြောက်နေရတာ။ သူ ပြောသလိုသာလုပ် ဘာပြဿနာမှ မရှိဘူး.. ဘေးကင်းတယ် ဆိုတာ တို့အားလုံး သိပြီးသားပဲ မဟုတ်ဘူးလား"
ငသူရိန် ခေါင်းညိတ်၏ ။
"သူက အကြံအစည်များပြီး ခေါင်းထဲပေါ်တာကို အချိန်မဆိုင်း ချက်ချင်း ထလုပ်တတ်လို့ နေမှာပါ။ ဒီတပ်မှာ နေရတာ နည်းနည်း ပင်ပန်းပေမယ့် လွတ်လပ်ပြီး ပျော်စရာ ကောင်းပါတယ် ကိုကြီးထင်"
"မပျော်လို့ ပြောတာ မဟုတ်ပါဘူး၊ မင်းတို့လည်း ဘီလူးတပ်သား ဖြစ်ချင်လို့ကို ရအောင် ဝင်လာခဲ့တာ ငါအသိသားပဲ။ ဒါနဲ့ နေပါဦး၊ ငါ ဖြတ်မေးပါဦးမယ်။ မင်းတို့ကရော တို့တပ်ကို ဘယ်လို သိထားခဲ့တုန်း။ ရွာမှာ ဘယ်လိုတွေ ကြားဖူးခဲ့တုန်း မေးတာ"
"ကျုပ်တို့ကတော့ဗျာ၊ အရွယ်ရောက်လာရင် မင်းမှုထမ်းမယ်၊ စစ်သည်ကျော်ကြီးတွေ ဖြစ်ရမယ်လို့ စိတ်ကူးယဉ်ခဲ့ကြသူချည်း မဟုတ်လား။ ဒီတော့ စစ်ပွဲ သတင်းတွေ ကြားရချိန်မှာ ကျုပ်တို့ သဘောကျတဲ့တပ်၊ အံ့သြစရာ ကောင်းတဲ့တပ်မျိုးကို ဝင်ချင်ကြတာပေါ့။ အဲဒီအထဲက တစ်ခါတစ်ခါ ကြားရတတ်တဲ့ ဘီလူးတပ် ဆိုတာကို စိတ်ဝင်စားမိခဲ့ကြတာပါ"
"အေး.. ဘယ်လိုတွေ ကြားရလဲ။ ငါတို့တွေ သိပ်စွမ်းတာပဲ တဲ့လား.. ဟဲဟဲ"
"အဲဒီလိုတော့ ဘယ်ဟုတ်မလဲ၊ အဲသလိုမျိုးပေါ့။ တစ်ခါဆို ဆိုသလောက် ကြားရတာ အားရစရာကြီးပဲ။ လူငယ်တွေအတွက်တော့ ဘီလူးတပ် ဝင်စီးပုံမျိုး၊ မဖြစ်နိုင်တာကို တိုက်သွားကြပုံမျိုး ကြားရတာ ကြက်သီးတဖြန်းဖြန်း ထပြီး အံကြိတ် နားထောင်ရတာပ"
"ဘီလူးတပ်သား သွေးသောက်ငထင် အကြောင်းရော ပါသေးလားကွ"
သူတို့ဘေးဘက်တွင် တစ်ဖက်လှည့် အိပ်နေသော အိုးစားကြီး ငမှတ်က ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး
"ဟေ့လူ၊ ငြိမ်နားထောင်နေတာ အကောင်းမှတ်နေလား။ တယ် နားကလောလိုက်လေခြင်းဗျာ၊ ခင်ဗျား ဆက်မေးမယ်ဆို ကင်းပဲ သွားစောင့်တော့မယ်"
"ဟ ဟ ဟ ငမှတ်ရ၊ မနာလို မဖြစ်ပါနဲ့ဟ။ သွေးသောက်ငထင်တို့ သတင်းကြီးတဲ့ အကြောင်းလေး နားထောင်သွားပါဦး။ နောက်မှ လေးစားကြည်ညိုလွန်းလို့ ထိုင်ကန်တော့ပါရစေဆို ငါက တော်ရုံ လက်ခံတတ်တာ မဟုတ်ဘူးကွဲ့"
"ဟယ်.. ရာရာစစ၊ တော်စမ်း။ ကျုပ်သွားပြီဗျ။ အိုက်ရတဲ့အထဲ.."
ငမှတ်က ထမည့်ဟန် လုပ်၏ ။ ငထင်က ဆွဲမည့်ဟန် ပြင်ပြသည်။ တကယ်မထသလို တကယ်လည်း မဆွဲ၊ ထိပင် မထိကြပါ။ သူရိန်က သူတို့ စနောက်နေသည်ကို ကြည့်ရင်း
"ကျုပ် သဘောကျတာ အဲဒီလို ချစ်ချစ်ခင်ခင်နဲ့ အမုန်းမပွားအောင် ထိန်းထိန်းသိမ်းသိမ်း စနောက်ကြတာလည်း ပါတယ်ဗျ။ တစ်နေ့က ဦးရွှေရည်တပ်မှာ အချင်းချင်း နောက်ပြောင်ရင်း ထဆော်လိုက်ကြတာ ကွဲကြ ပြဲကြလို့ အချုပ်ထဲ ရောက်သွားတယ် ကြားပါရော"
"တို့တပ်မှာ ဒါမျိုး လုပ်ကြည့်ပါလား။ (လေသံဖြင့်) တပ်မှူးက စိတ်မထင်ရင် မထင်သလို ထသတ်မှာဟ။ အချုပ်တွေ ဘာတွေ ခန့်မှန်းကြည့်လို့ ရတာမျိုး မဟုတ်ဘူး"
"တစ်ခါတလေ နပမ်းထလုံးတာကို သူကတောင် လာအားပေးနေသေး မဟုတ်လား"
"မင်းမသိလို့၊ တစ်ခါသား အဲလိုပဲ တစ်ပုံစံတည်း ဖြစ်ပြီး လုံးတုန်းက နှစ်ယောက်စလုံးကို ကြိုးတုပ်ပြီး မြစ်ကမ်းပါးက ကန်ချလိုက်တာ ဘယ်သူမှ လိုက်မဆယ်ရဲဘူး။ ကံကောင်းလို့ မသေတယ်"
ငမှတ်ကလည်း..
"ဟိုအကောင် ငကျော်ကြား လောင်းကြေးစားကြေးနဲ့ ညဘက်ခိုးထွက်ရင် ထိပ်တုံးတစ်ရက်ပဲဆိုပြီး ထွက်ပြတုန်းက ဘယ်လို ဒဏ်ပေးတယ်မှတ်သလဲ သိလား ငသူရိန်"
"မသိဘူးဗျ.. ကျုပ်တို့ မရောက်သေးဘူး"
"၇ ရက်တိတိ ညဘက် တခြားတပ်တွေကို လှည့်ပြီး ဓားကောင်း ဝင်ခိုးခိုင်းသတဲ့။ မိရင် ကိုယ့်ဘာသာ ခံရမတဲ့။ သူက ဒဏ်ပေးလို့ ခိုးရကြောင်း ပြောရင် လျှာကို ဖြတ်မယ် ဆိုလို့ ငါတို့မှာ ညတိုင်း အသည်းတယားယားနဲ့ကွာ"
"အခုကျ သင်း ဘာမှ မဖြစ်ပါလား"
"ဘယ်ဖြစ်မလဲ၊ ဒီကောင်က စောရနက္ခတ်နဲ့ မွေးတဲ့ကောင်ပဲ။ ၇ ရက်စေ့လို့ တပ်မင်းကြီးတွေရဲ့ ဓားတွေကို ပြန်လိုက်ပေးရတော့မှ အားလုံး ဒေါသထွက်ရအခက် ချီးကျူးရအခက် ဖြစ်ကုန်ကြတာပေါ့။ တကယ့်ဟာတွေကွ.. တို့တပ်က။ ပေါက်ပေါက်ရှာရှာချည်း စုထားသလား မှတ်ရ"
ငသူရိန် ရယ်သည်။ သူ သဘောကျတာလည်း ဒါမျိုးတွေပဲ ဖြစ်၏ ။ ဤတပ်တွင် လူတိုင်းသည် အစွမ်းအစ တစ်မျိုးစီနှင့် ဖြစ်သလို ထိုသူများ အတူတကွ စုဖွဲ့ကြသောအခါ၌လည်း မထင်မှတ်လောက်အောင် စည်းလုံးညီညာ၍ ဖြိုခွဲရန် ခက်လှသော အသိုက်အဝန်းကြီး ဖြစ်လာလေသည်။
"ကိုရင်သူရိန်တို့ ကြားရပုံလေး ဆက်ပါဦး"
"သြော်.. ရွာကို ရောက်လာတဲ့ သတင်းတွေထဲ ထင်ရှား စိတ်ဝင်စားစရာ ဖြစ်နေတာမျိုးပါ။ တခြားသူတွေက မြောက်က တိုက်ရင် ဘီလူးတပ်က တောင်ကဝင်တယ် ဆိုတာမျိုး၊ နိုင်နေတုန်း ပြန်ဆုတ်သွားလို့ ရန်သူတွေ အားတက်ပြီး လိုက်ထပ်လာတော့ နောက်တပ်မကြီးနဲ့ တွေ့ပြီး စိစိညက်ညက် ကြေကုန်တာမျိုးက အတော် သဘောကျစရာဗျ။ ကြားလိုက်ရရင် အဆန်းတွေ၊ အဲဒါမျိုးကို ကိုယ်တွေ့ ကြုံချင် မြင်ချင်လာတယ်။ မိန်းမသားတွေတောင် အဲဒီအထဲ ကိုယ်တိုင် ပါဝင်ချင်လာတာ တဲ့"
"ဘယ်ထဲလဲကွ၊ ငါတို့ထဲလား.. ဟိဟိ"
"ထူးထူးခြားခြားတွေ လုပ်ကြံကြတဲ့ အထဲကို ပြောတာပါဗျာ၊ သွေးသောက်ကြီးကလည်း"
"တို့ထဲ ပါလို့ကတော့ သူရဲကောင်း ငထင်ဆိုတာနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့သွားမှာပေါ့ကွယ်"
ဟင် ဟု ဆို၍ ငမှတ် တစ်ဖက်သို့ ဟန်ပါပါ လှည့်သွားသည်။ နားထဲကိုလည်း လက်နှိုက်လိုက်သေး၏ ။ ငထင်က အကြီး ဖြစ်နေ၍ မပြောသာသော်လည်း အမူအရာနှင့် လှောင်ပြောင် စနောက်နေလေသည်။ ငထင်ကတော့ ဂရုမစိုက်၊ တမင် လေသံကို မြှင့်လျက်
"နောက်မှ ရောက်တဲ့ ကောင်တွေက မနာလို ခံရတာလည်း ငထင်တို့အဖို့ ရိုးနေပါပြီလေ၊ သူရဲကောင်းဆိုတာက ဒီလိုပဲ မဟုတ်လားကွ.. ငသူရိန်"
ငသူရိန် သတိရသွားသည်။
"အဲ.. အဲ၊ သူရဲကောင်း ဆိုမှ.. တိုက်လှေကြီးတွေကို ရဲလှေတွေနဲ့ ဝင်တိုက်ကြတော့ရော ကိုကြီးထင် ပါသေးလား၊ အဲဒီအကြောင်း ကြားချိန်က စပြီး ကျုပ်တို့ ဘီလူးတပ်ရဲ့ အမာခံပရိသတ် ဖြစ်လာကြတာပဲ"
"ဟာ.. ပါပြီလားကွာ။ ငါ သွေးသောက်ကြီး ဖြစ်လာစေတဲ့ ပွဲပဲ။ အဲဒီပွဲမှာ ငါတို့ တစ်ဖွဲ့လုံး.. မင့်တပ်မှူးက လွဲလို့ အကုန် ရာထူးတွေ ခုန်တိုးကုန်တာ၊ ငါဆို အိုးစားကြီးကနေ သွေးသောက် ဖြစ်သွားတယ်။ ငကံက အကြပ် ဖြစ်လာတယ်။ ငါတို့တပ်လည်း ဘီလူးတပ်ဆိုပြီး နာမည်ထွက်လာတယ်။ အဲ.. ရာထူးချခံရပြီး အဆောင်အယောင် ဘွဲ့ အစီးအနင်းတွေ သိမ်းခံရတာ ဆိုလို့.."
ပြောရင်း စိတ်မကောင်းဟန်ဖြင့် ခေတ္တ ငြိမ်သွားသဖြင့် ငသူရိန် စိတ်ဝင်စားသွား၏ ။
"လက်ျာဘီလူး တစ်ယောက်ပဲ ရှိတယ်ကွဲ့"
"သူကျ ဘာလို့ ရုတ်သိမ်းခံရတာလဲ။ ဒီလောက် ကြီးတဲ့ ပွဲရတာကို၊ တခြားသူတွေလည်း ပွဲရလို့ ချီးမြှောက်ခံရတာပဲလေ"
"မသိကြလို့ပေါ့ကွယ်။ သူ ဘယ်လို လုပ်သွားသလဲ ဆိုတာ ငါတို့ကလွဲပြီး ရွှေနန်းရှင်ကအစ ဘယ်သူမှ နားမလည်တော့ အမိန့်မနာခံမှု၊ စိတ်ထင်ရာ တဇွတ်ထိုး လုပ်မှုတွေနဲ့ ၃ ရက် နေလှန်းခံရတယ်။ ၇ ရက် အကျဉ်းကျတယ်။ တုံးနဲ့ နေရတယ်။ ပြန်ထွက်လာတော့ ကင်းရှည်ထွက်ရတာ နန်းတော်နားတောင် မသီရတော့ဘူး"
ငထင် ပုံစံက တကယ် ကရုဏာသက်နေဟန် ပေါ်သဖြင့် ငသူရိန် သိချင်စိတ်ကို ထိန်းပြီး တဖြည်းဖြည်း ပြောသည်။
"ကျုပ်တို့ ကြားရတာကျ သူရဲကောင်း လက်ျာဘီလူး ဆိုတာ ကင်းစမ်းလှေလေး ၃၀ တည်းနဲ့ မြစ်ပြင်ပြည့် ပိတ်ဆို့ထားတဲ့ တိုက်လှေကြီးတွေကို တက်တိုက်ပစ်လို့ လှေကြီးတွေ ပျက်ပြီး မနည်း ပြေးရတယ် ကြားတာကိုး။ တကယ်မဟုတ်ဘူးတောင် ထင်ခဲ့ကြရတာ"
"တကယ်ပါပဲ.. စိတ်ချလက်ချကို ယုံယုံကြည်ကြည်နဲ့ တိုက်ခဲ့တာကွဲ့။ တို့လည်း အစကတော့ ဇဝေဇဝါပေါ့။ နောက်တော့ ဘုရင့်နောင် ဖောင်ဖျက်တာထက် ဆိုးတဲ့ သူ့စကား နားယောင်ပြီး ခပ်ရဲရဲ လုပ်ကြတော့တာပဲ"
"ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မထင်ဘူးလား"
"လူတိုင်း အဲသလို ထင်မိကြမှာပဲလေ။ ငါတို့လည်း မြင်မြင်ချင်း သည်လိုပဲ ထင်မိရတာပ။ ဘယ်ကွာ.. သင်းက နိုင်ကို နိုင်မှာ တဲ့။ တိုက်လှေကြီးတွေကို အခွာမခံနဲ့တဲ့ကွ။ မင်း ကြားဖူးလား၊ အမြောက်ကြီးတွေနဲ့ ချိန်ထားတဲ့ သောင်းတပ်ကြီးကို လူ ၅၀၀ မပြည့်တဲ့ လှေတပ်ကလေးက ကြိမ်းဝါးသံယံပြီး.. ဘာတဲ့၊ လှေ ၃၀ ဆိုတာ လူ ၃၀ မဟုတ်ဘူးတဲ့၊ ငါတို့မှာ လူတွေ အများကြီး ရှိတယ်.. သင်းတို့ တိုက်လှေတွေကို ရအောင် ယူကြမယ်၊ မပြေးစေနဲ့လို့ အမိန့်ပေးတာမျိုး"
"အစကတော့ မယုံချင်ဘူး။ သည်ရောက်တော့ ကိုယ်တိုင် မြင်ရတော့လည်း ယုံရတာပဲ"
"အေး.. ဟိုးမှာကြည့်စမ်း"
ငထင်က တောင်ကုန်းတစ်နေရာမှ မီးရောင်လက်လက်ကို ပြသည်။
"သူ အဲဒီ တောင်တွေကို ကြည့်ပြီး ငေးနေတာ ထင်လား"
ငသူရိန် ဖြေသည်။
"တစ်ခုခု ကြံနေတာ နေမှာပေါ့"
"ဒါပဲပါ့။ စစ်ချီနေတုန်း သူ့မြင်းရပ်သွားရင် တစ်ခုခုကို တွေ့လို့ အသုံးချတော့မယ်မှန်း လူတိုင်း သိတယ်။ တစ်နေရာမှာ တစ်ခုခုခိုင်းတာနဲ့ အဲဒါက နောက်ပွဲမှာ ဘယ်လို ပါလာမလဲပဲ စောင့်ကြည့်ရတော့မယ်။ လမ်းမှာ တစ်ဖက်ရပ်တဲလေး တွေ့လို့ ဝင်သွားပြီး ပက်လက်လှန်နေပြီဆို မနှောင့်ယှက်မိစေနဲ့၊ ဆင်ကြံကြံနေပြီပဲ"
ပြောရင်း ဟက်ခနဲ တစ်ချက်ရယ်၏ ။
"မသိတဲ့ သူတွေကတော့ ပေါ့လွန်းတယ်၊ ရဲလွန်းတယ်၊ ရူးလွန်းတယ် မြင်ကြမှာပဲ။ ငါတို့ကတော့.."
ငထင်ဖြတ်ထားသော စကားကို ငသူရိန်က ဆက်ပေး၏ ။
"သတိထားလွန်းတယ်၊ အပင်ပန်းခံလွန်းတယ်ပေါ့။ ဟုတ်လား"
"မပြောတတ်ပါဘူးကွာ"
လေပြည်တစ်သုတ် ရိပ်ခနဲ ဖြတ်ပြေးသွားသဖြင့် အဖိုးတန်လိုက်တဲ့ လေလေးဟု ရေရွတ်သံတို့ ကြားရသည်။ ငသူရိန်က ကျောက်တုံးပေါ် တဘက်ခုကာ ခေါင်းတင်လိုက်ရင်း
"တပ်မှူးကို သူရဲကောင်း လက်ျာဘီလူးလို့ ဖြစ်လာစေတဲ့ အဲဒီတိုက်ပွဲအကြောင်းလည်း အသေးစိတ် ပြောပြဗျာ။ သူ ဘယ်လို ဘယ်ပုံ တိုက်သွားသလဲ သိချင်နေပြီ"
ငထင်က သံရှည်ဆွဲလိုက်၏ ။
"အင်း"



Written by သင်္ခရာဇာ  
End date: July 9, 2021  

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...