သုံးလ ပြည့်ခဲ့ပြီ။
"ဦးသော်ကတော့ ထွက်သွားပြီ၊ မောင်သိလား"
"ဟုတ်လား၊ မသိသေးပါဘူး။ ဘယ်ထွက်သွားတာလဲ"
"သူတို့ ပျော်စံရာ အရပ်ကိုပေါ့ကွယ်။ မောင့်ဓားကိုတော့ သူ သေသေချာချာ ဂရုစိုက်ပြီး အစီအရင်တွေ မှာသွားပါတယ်။ ကျုပ်က ဓားက ဖွေးနေအောင် လုပ်ချင်ပေမယ့် သူက မဟုတ်ဘူးကွဲ့"
ပြောရင်း ဆီမီး အမွှေးတိုင်များ ထွန်းထားကာ ပန်းများ ဝေနေသည့် ဘုရားခန်းဆောင်သို့ ခေါ်သွားပြီး လေးထောင့်လင်ပန်းရှည်တစ်ခုအတွင်း သဲများ ထည့်လျက် အဝတ်ဖြူဖြင့် ပတ်တင်ထားသော ရှည်ရှည်အရာဝတ္ထုကို ယူလိုက်၏ ။ ထို့နောက် အဝတ်ဖြူစကို အထူးဂရုပြုစွာ တဖြည်းဖြည်း ဖြည်နေလေသည်။
အထဲမှ ပြောင်လက်နေသော ကြေးဝါဓားအိမ်၊ အကွက်ဖော်ထားသည့် အရိုးမည်းမည်း လက်ကိုင်နှင့် နတ်ရုပ်ဦးခေါင်းပုံပါ ဓားတစ်လက်ကို တွေ့ရသည်။ သူမျှော်လင့်သလို ခန့်ညားကြီးကျယ်မှုမျိုး မဟုတ်သော်လည်း လှပသေသပ်သည့် ဓားတစ်လက်ပါပေ။ ချည်ရန် ကြိုးအနီတစ်ချောင်း ကျစ်ထားသည်ကိုလည်း လင်ပန်းထဲ၌ တွေ့ရ၏ ။
သူက ကမ်းပေးသော ဓားကို ယူ၍ အိမ်မှ ဆွဲထုတ်ကြည့်လိုက်သည်။
"ဟာ.. ဘာ.. ဘာရောင်ကြီးလဲ"
ဟုတ်ပါသည်။ ဓားသွားမှာ သန့်စင်ပြောင်လက်ကာ ဖွေးဖြူနေရမည့်အစား ပြာမှိုင်းမှိုင််းအရောင် ရှိဟန်တူသည်။ မှောင်နေသည့် အခန်းတွင်း၌မူ ဆီမီးရောင်ကြောင့် နီပုပ်ပုပ် ဖြစ်နေ၏ ။ မောင်းရောင် ဆိုရမည်။
"အဉ်း.... သူက အမှုန့်တစ်မျိုးကို အရည်ပျစ်ပျစ်ဖျော်ပြီး ဓားသွားကို ကိုးကြိမ် သုတ်လိမ်းပွတ်တိုက်ပေးရမယ် ဆိုတာကိုး။ ကျုပ်လည်း ပထမအကြိမ်ကတည်းက ဓားသွား မည်းသွားတယ်လို့ ထင်တော့ ထင်သား၊ သူပြောသလို ကိုးကြိမ် တိုက်ပြီးရော.. သံသားထဲအထိ အဲဒီအရောင် ဖြစ်သွားရော ဆိုပါတော့"
"အဲဒါ.. ဘာရောင် ဖြစ်သွားတာလဲ"
"အရောင်တွေကတော့ တစ်ခါကြည့် တစ်မျိုးပဲ။ နေရောင်မှာ ပြာလဲ့လဲ့ နေတယ်။ အရိပ်မှာ မှိုင်းပြီး အမှောင်ဆို နီရောင်သန်းပြန်ရော။ ညဆို ကြေးနီရောင် တောက်တတ်ရဲ့။ ကျုပ်လည်း မပြောတတ်တော့ဘူး။ ဦးသော်က ကတော့ ဒါ သူ့မူလရောင် မဟုတ်သေးဘူးတဲ့။ တကယ့်ဓား ဖြစ်တော့မှ အရောင်ငြိမ်မတဲ့ကွဲ့။ မောင်က ကြိုက်မှာ မဟုတ်ပေမယ့် စောင့်ပါ လို့ မှာသွားတယ်"
"ကျွတ်"
သူစိတ်ပျက်လက်ပျက် စုတ်သပ်လိုက်သည်ကို အဖိုးအိုက သူ့မျက်လုံးထဲ စိုက်ကြည့်နေရင်း ခေါင်းတညိတ်ညိတ်။
"မောင်ရင် ဘယ်လို ဖြစ်ချင်သလဲ၊ ဘာတွေ လုပ်ပေးရဦးမလဲ"
"ရပါပြီဗျာ၊ သည်အတိုင်းပဲ ကျွန်ုပ်အိမ်ကို ပို့ပေးလိုက်ပါတော့ အဘိုး"
ဓားကိုပင် မယူတော့ဘဲ ချက်ချင်း လှည့်ပြန်သွားသော နေမျိုးရန္တမိတ်ကို နားလည်စွာ ကြည့်နေသည့် ပန်းဘဲ ဆရာကြီးက စိတ်တွင်းမှ တီးတိုး ရေရွတ်နေခဲ့သည်။
"ယခု မောင်ရင် မကြိုက်ပေမယ့် နောင်အခါ အစွမ်းကို သိရရင် တဖြည်းဖြည်း သဘောကျလာမှာပါလေ"
အိပ်ရာပေါ် လှဲနေရသော်လည်း
နေမျိုးရန္တမိတ်မှာ အိပ်မပျော်ဘဲ ဓားသွားကို မျက်လုံးထဲ မြင်ယောင်နေ၏ ။အသွားမှာ ပိန်လှီပြီး အထင်ကြီးစရာ မရှိ၊ သူတို့လို အားကောင်းမောင်းသန် သူရဲကြီးများ ကိုင်ရမည့် အရာမဟုတ်ဘဲ သွေးသစ်လောင်းစ အိုးစားဖက်အသစ်လေးများ ကိုင်စွဲရမည့် အသွားလေးမျိုး ဖြစ်နေသည်။
ထိုသို့ ပိန်လှီရသည့်အထဲ အသွားက ပါးပါး၊ သင်ဓုန်းဝင်းက ကြီးကြီး၊ သည်ကြားထဲ ကျောက်ကုန်းမြွေရိုးကို တစောင်း လုပ်ထားလိုက်သေး၏ ။ ပုံသဏ္ဍာန် ထူးခြားနေသော်လည်း သူမျှော်မှန်းထားခဲ့သည့် ဇဝါ ကသွယ်များ မပါသည်မို့လည်း ပို၍ စိတ်တိုင်းမကျ ဖြစ်နေရသည်။
ထို့ပြင် သူ မဝံ့မရဲနှင့် မျှော်လင့်မိခဲ့သော ကြေးမြှုပ်များကို မတွေ့ရသည့်အတွက် ဓား၏ အစွမ်းကို သံသယဝင် အားလျော့မိရပြန်၏ ။ ပြီးစီး ပေါက်မြောက်သူများကို စီရင်နိုင်သည့် ဓားမျိုး မဖြစ်နိုင်ဟု ယူဆရသည်။ ကိုးနဝင်းဆိုလျင်လည်း သာမန် ကိုးနဝင်းဓားတစ်လက်သာ ဖြစ်လိမ့်မည်။
နောက်ပိတ် သံပရာခွံနေရာတွင် နတ်ရုပ်ဦးခေါင်းကို ပီပြင်စွာ ထွင်းထု ထည့်သွင်းထားသည်သာ ပြောစရာ ရှိ၏ ။ ထိုနတ်ရုပ်၏ အဆောင်ပေါက်ထဲတွင် မည်သည့် အဆောင်လက်ဖွဲ့ ပစ္စည်းများ ပါမှာပါလိမ့်ဟု တွေးတောမိပြန်ရာ မပါလျင်လည်း မိမိဘာသာ စိတ်ကြိုက် ထည့်တော့မည်ဟု အတွေးရပြီး စဥ်းစားရင်း အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် ငတော ဓားလာပို့၏ ။ သူသည်လည်း ပန်းဘဲဆရာကြီးထံမှ ကျွန်းနက်သားလက်ကိုင်နှင့် ဓားမြှောင်တစ်လက် ရလာသောကြောင့် ပျော်ရွှင်နေလေသည်။ ထိုအခါ လှပသော ကြေးကနုတ်ပတ် ကျွန်းနက်သား ဓားကို ကြည့်ကာ ငတောကဲ့သို့ ကျွန်းနက်ကို ဓားလက်ကိုင်အဖြစ် ရသည်ကိုပင် ဤမျှ ဝမ်းမြောက်နေလျင် မိမိက အစွမ်းထက် သိဒ္ဓိဝင် ကျွန်းနက်သား သံရှင်ဓားတစ်လက် ရထားသည်မှာ စိတ်ကျေနပ်သင့်သည်ဟု သတိရလာသည်။
ဓား၏ ပုံသဏ္ဍာန်နှင့် အရွယ်အစား၊ အလှအပများထက် ဓား၏ ကောင်းခြင်းကို လက်ခံသင့်သည် မဟုတ်လောဟု စိတ်ဖြေနိုင်လာ၏ ။ ထိုအခါ စိတ်မသက်မသာ ဖြစ်နေခြင်းတို့ လျော့ပါးလာပြီးလျင် ဓားကို စေ့စေ့ ကြည့်မိလေသည်။ သြော်.. ဒါလည်း ဆောင်ဓားတစ်လက်ပါပဲလေ ဟု မြင်လာမိရသည်။
"အဖိုးက သေချာ မှာနေသေးတာဗျ၊ ပိုင်ရှင်မဟုတ်ဘဲ ဓားကို မထိစေနဲ့ တဲ့။ ပေါင်ပေါ်မတင်၊ ခါးမှာမချိတ်၊ လူထက် နိမ့်တဲ့နေရာလည်း မထားနဲ့တဲ့။ ကျောမှာပဲ လွယ်သွားတဲ့။ ကျွန်တော်မျိုးမှာ သူ အဝတ်ပတ်ထားတဲ့အတိုင်း ဂရုတစိုက်နဲ့ ကျောပေါ်တင်လာရပါသဗျား"
ငတော စကားကို နားထောင်ရင်း ဓားတွင် ကြေးဝါအချို့ ပါလိမ့်နိုးဖြင့် နေရာအနှံ့ လိုက်ကြည့်နေမိသည်။ အိမ်မှတစ်ပါး အခြားနေရာ ကြေးဝါပါသည်ဟူ၍ လက်ဝါးကာတစ်ခုသာ ရှိချေသည်။
"နောက်ရော ဘာတွေ မှာလိုက်သေးသလဲ ငတော"
"အဲ.. မှာတာပေါ့။ စကားသုံးခွန်း ပါးလိုက်တယ်။
ဗြဟ္မာဦးခေါင်းထဲက အဆောင်ပေါက်မှာ ဇော်ဂျီပေးတဲ့ ဓာတ်လုံးတစ်လုံး ထည့်ထားသတဲ့။ ဒါ့ကြောင့် အဆောင်ပေါက်ကို လုံးဝ မဖွင့်မိပါစေနဲ့ တဲ့။
နောက်တစ်ချက်က အရေးအကြောင်း ကြုံတဲ့အခါ ဓားကို ဆောင်ဖြစ်အောင် ဆောင်သွားဖို့ မှာကြားလိုပါသတဲ့။ သည်ဓားက အရေးကိစ္စများကို ပြီးပြေစေတဲ့ အစွမ်း ရှိတယ် ဆိုပဲ။
နောက်ပြီးတော့ ဘာပါလိမ့်..၊ အဲ.. အဲ၊ ဓားကို စိတ်ချ ယုံကြည်ပြီး သုံးမှ တကယ့် အစွမ်းထက် ဓားတစ်လက် ဖြစ်လာလိမ့်မယ်လို့ ဇော်ဂျီဆရာက မှာသွားပါသတဲ့။ မသုံးသမျှတော့ အလှပြသက်သက်ပဲမို့ အလကား ဖြစ်နေမတဲ့။ သူရဲကောင်း ပီသပါ လို့ အမှာတော် ထားခဲ့ပါတယ် တဲ့ ခင်ဗျား"
နေမျိုးရန္တမိတ် ဓားကို စိုက်ကြည့်ရင်း တွေဝေ စဥ်းစားနေမိသည်။ အမှန်တော့ သူ နားမလည်လှပါချေ။ သို့သော် ထိုစကားများကို မမေ့လျော့အောင် မှတ်သားထားလိုက်၏ ။ ထို့နောက် ဓားကို အထင်မသေးဝံ့ဘဲ အိမ်ဦးခန်း ဘုရားစင်ဘေး နံရံဝယ် ချိတ်ဆွဲထားလိုက်တော့သည်။
တစ်နှစ်ကျော်ခန့်အကြာ၊ ကိုးနဝင်းဓားမှာ ဖုန်အချို့ပင် တက်နေချိန်တွင် အရေးကိစ္စတစ်ခု ပေါ်ပေါက်လာ၏ ။ ချင်းတွင်းနယ်ရှိ ဓားပြတစ်ဦးသည် အင်အားကြီးမားကာ ရွာအချို့ကို လက်အောက်ခံပြုလျက် စည်းရုံးသိမ်းသွင်း ထူထောင်နေသည် ဆိုခြင်းကြောင့် ဗိုလ်မှူး ဥဒိန်ပျံချီနှင့် လှေသင်းမှူး နေမျိုး ရန္တမိတ်တို့ ချီသွားကြရ၏ ။
ထိုအခါ နေမျိုး ရန္တမိတ်က သူ၏ ကိုးနဝင်းသံရှင်ဓားကို တစ်ပါတည်း ဆောင်သွားသည်။ သို့သော် အသွားအရောင်ကို ရှက်နိုးသည်ကြောင့် မည်သည့်အခါမျှ အိမ်က မချွတ်၊ မည်သူ့ကိုမှလည်း မပြမိချေ။
ပုန်ကန်သည့် ဓားပြ ငပြားကြီးကို တိုက်ခိုက် ဖမ်းဆီးမိ၍ ဥဒိန်ပျံချီက ကွပ်မည်ပြင်သည်။ သူသတ်၏ ဓားသည် ငပြားကြီးလည်ကို မပြတ်ရှဘဲ ခုန်ထွက်သွားသဖြင့် ဗိုလ်မှူးနှင့်တကွ အားလုံး အံ့သြကြရ၏ ။ ပြီးစီးသူတစ်ဦး ဖြစ်နိုင်သည်ဟု ဥဒိန်ပျံချီကိုယ်တိုင် သူ့ဓားနှင့် ခုတ်ကြည့်ရာ အားပါသော်လည်း ရှရာမျှသာ ထင်ပြီး ငပြားကြီးက လှောင်ပြုံး ပြုံးလေသည်။
ထိုအခါ နေမျိုးရန္တမိတ်က သူ၏ ဓားကို သတိရသဖြင့် အခြားနည်းဖြင့် မစီရင်ခင် စမ်းပါရစေဦးဟု ဆိုသည်။ ဗိုလ်မှူး ခွင့်ပြုသဖြင့် သူ့ဓားကို ယူလာပြီး ငပြားကြီးအနီးရောက်မှ ဆွဲထုတ်လိုက်၏ ။ ဓားသွားအရောင်ကြောင့် အများ စိတ်ဝင်စားခြင်းကို ခံရပြီး ငပြားကြီးမှာမူ မျက်လုံးပြူးလျက် ကြည့်နေသည်။ သူ၏ ရင်တွင်း၌ အလိုလို အားငယ်ခြင်းများ ဝင်ရောက်လာသည်ကို လူမရိပ်မိအောင် အားတင်း ဟန်ဆောင်နေရလေသည်။
နေမျိုးရန္တမိတ်က ဓားကို လက်နှစ်ဘက် စုံကိုင်မြှောက်လျက် စင်းထားသော ငပြားကြီးလည်ကို အားဖြင့် ခုတ်ချလိုက်သည်။ ဒုတ်ခနဲ အသံပင် မမြည်၊ ဦးခေါင်းမှာ မြေပေါ် ပြုတ်ကျသွားသည်။ ဓားကောင်းလျင် သွေးမတင်၊ လွင့်စင်သွားမြဲ ဖြစ်သော်လည်း ယခုဓားမှာ ထိုသို့ မဟုတ်ဘဲ သွေးကြောင်းများသည် အသွားပေါ်၌ ပျစ်ချွဲချွဲ တွဲခိုကျန်ရစ်၏ ။
ဤသည်ကို မည်သူကမျှ သတိမထားမိ၊ ဓားကိုသာ ချီးကျူး ကြည့်ရှုနေကြပြီး သွေးမျှင်များမှာ ကျသွားမည်၊ ခြောက်သွေ့ကျန်ရစ်သည်ဟု ထင်နေကြသည်။ ဗိုလ်မှူးကိုယ်တိုင်က တောင်းကြည့်နေသဖြင့် နေမျိုးရန္တမိတ်လည်း သွေးကို မသုတ်မိဘဲ ပေးလိုက်သည်။ ထို့နောက် အခြားသူများက လက်ဆင့်ကမ်း ကြည့်ရှုနေကြပြန်သည်။
ယခုတော့ သူမျှော်လင့်သည့် ဂုဏ်ပြုမှုများကို ရရှိလာခဲ့ပြီဖြစ်သောကြောင့် လှေသင်းမှူးမှာ ကျေနပ်နှစ်သိမ့်နေလေပြီ။ ဓားမှ သွေးစီးကြောင်းများကိုတော့ သုတ်သင်ပစ်လိုက်ရန် မေ့လျော့သွားခဲ့ပြီး အမှတ်မဲ့ ဓားကို သိမ်းဆည်းလိုက်မိသည်။ ညမှ ဓားကို တစ်ဖန် ချွတ်ကြည့်မိရာ အံ့သြသွားသည်။ လည်ကို ခုတ်မိသော အသွားနေရာတွင် အမည်းစင်း သုံးစင်းမျှ သိသိသာသာ ထင်နေသည် မဟုတ်လော။
(ဆက်ရန်...) တိုက်မောင်း (၄)
No comments:
Post a Comment