ပန်းဘဲဆရာကြီး ငယ်စဥ်က တွေ့ခဲ့ရဖူးသည် ဆိုသော မိုးကောင်းနယ် အနီးတစ်ဝိုက်ကို အတတ်နိုင်ဆုံး ခန့်မှန်းပြီး တောနင်း ရှာကြရသူများမှာ ပြင်စည်မြင်းမှူး ငတောတို့အဖွဲ့ ဖြစ်သည်။ မြင်းတပ်ဗိုလ် ငတောသည် တောကျွမ်းပြီး မုဆိုးအတတ်များလည်း တတ်၏ ။ ဒူးလေးပစ်၊ လှံပစ်၊ လေးမြားပစ်တို့တွင် လက်ဖြောင့်၏ ။ နေမျိုးရန္တမိတ်၏ လက်စွဲလည်း ဖြစ်သည်။
ငတောနှင့် လူနှစ်ကျိပ်တို့သည် တောကို ဖြန့်၍ လှည့်လည်ခဲ့ကြသည်။ တောကောင်ငယ်အချို့ တွေ့သော်လည်း မပစ်ကြရ၊ ဆဲဆိုနောက်ပြောင်ခြင်း မပြုရ၊ တောတွင်းတွင် မဟုတ်မမှန်သော စကားများ မပြောရ၊ အမှုမှတ်မဲ့ ကျင်ကြီးကျင်ငယ် မစွန့်ရ၊ လူကွဲလျင် ဗျိုး ၇ ကြိမ် ဟစ်ရမည် စသည့် စည်းကမ်းများဖြင့် တောဝင်ခဲ့ကြခြင်း ဖြစ်သည်။
ရက်သတ္တ တစ်ပတ်ကျော်သောအခါ တောမှာ နက်လာပြီး လူသူအရောက်အပေါက် နည်းမှန်း သိသာလာ၏ ။ လမ်းဟူ၍ မရှိတော့၊ ချုံနွယ်များကို ထွင်၍ သွားကြရသည်။ ရေညှိတက်နေသော အပင်များ၊ နွယ်များ ဖုံးနေသည့် ပင်စည်များကို ရှင်းလင်း ထွင်းဖောက်ကြည့်ကြရသည်။ သင်္ကန်းနက်ပင် အချို့ကို တွေ့သော်လည်း ကျွန်းနက်ပင်ကိုမူ မတွေ့ကြ။
တစ်နေ့၌ မိုးရွာနေစဥ် သူတို့ လူကွဲသွားကြသည်။ ထိုအခါ တိုင်ပင်ထားသည့်အတိုင်း စုပေါင်း၍ တစ်ပြိုင်တည်း ဗျိုးဟစ်ကာ မူလဆုံရပ်ဆီသို့ ပြန်လှည့်ခဲ့ကြ၏ ။ သို့သော် ၅ ယောက်တစ်ဖွဲ့ ၃ ယောက်တစ်ဖွဲ့ ဖြစ်နေပြီး ကျန်လူများ၏ အသံကို မကြားကြရချေ။
ထိုအခါ စုရပ်တွင် ဆုံမိကြသော လူ ၈ ဦးတို့သည် ဗျိုးကို တစ်သံတည်း ဟစ်ကြရင်း အခြားလူ ၁၃ ဦးတို့ သွားမည် ထင်သည့်ဘက်သို့ လိုက်ခဲ့ကြသည်။ အနည်းငယ် ကြာသောအခါ တောအုပ်တစ်ဘက်မှ ပြန်၍ ဟစ်လိုက်ကြသံတို့ကို ကြားလာရသည်။ သို့သော်
"ဟေ့.. ဟေ့၊ နေကြဦး။ ရပ်ကြဦးဟ။ သူတို့ ဗျိုး က ၇ ခါ မကတော့ဘူး။ ဟော.. နောက်တစ်ခါ ဟစ်ပြန်ပြီ"
"ဗျိုး"
အဝေးဆီမှ ကိုးကြိမ်မြောက် ဗျိုးသံကို ကြားလိုက်ရသောအခါ အားလုံး ခြေလှမ်း တုံ့သွားကြလေပြီ။ လူတို့၏ ဗျိုး ဟူသော အသံကို သားရိုင်းတို့ တုပ၍ အော်မြည်နိုင်သည်မဟုတ်။ တောသံသည်လည်း ထိုသို့မထွက်ပါဘဲလျက် ယခု ဗျိုးသံမှာ ပီပီသသနှင့် ကိုးကြိမ်ခန့် ရှိသွားပြီ။
သူတို့ ရှေ့မဆက်တော့ဘဲ ရပ်တန့် နားစွင့်နေကြသော်လည်း အသံမှာ ဆက်ထွက်လာခြင်း မရှိတော့ချေ။ ထို့ကြောင့် ဆက်သွားရကောင်းနိုး၊ လှည့်ပြန်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေကြစဥ် အနောက်ဆီမှ ဗျိုးဟစ်သံသဲ့သဲ့ ကြားမိကြပြန်သည်။
"ဟော"
သူတို့ အာရုံစူးစိုက် နားထောင်ကြရာ တောသံမဟုတ်ဘဲ အမှန်ပင် ဗျိုးဟစ်သံ ဖြစ်နေပြီး ယခုအကြိမ်တွင်တော့ အနောက်မှ အသံက ၇ ကြိမ်တိတိ။ ထို့ကြောင့် အနောက်သို့ ပြန်လှည့်ကြရန် အလိုအလျောက် ဆုံးဖြတ်လိုက်ကြလေသည်။
"တွေ့ပြီ၊ တွေ့ပြီ။ သူတို့ ဟိုမှာ"
မြင်းမှူး ငတောဦးဆောင်သည့် လူများစွာ အပင်စိမ်းစိမ်းများကြားမှ တိုးလာကြသည်ကို တွေ့ရ၏ ။ ဗျိုးဟစ်သံ ၉ ကြိမ် ကြားကြရကြောင်း မြင်းမှူးအား လျှောက်ကြရာ ငတောက ဝမ်းသားအားရနှင့်
"ဟာ.. အဲဒါ ထူးခြားမှုပေါ့ကွ။ လာ.. လာ၊ အဲဒီဘက် သွားရအောင်။ မင်းတို့ လမ်းပြစမ်း"
တောအုပ်၏ တစ်ဘက်တွင် သစ်ရွက်အမှိုက်များ ဖုံးလွှမ်းနေသည့် ရေကန်တစ်ကန် ရှိပြီး ကန်စောင်း၌ အပင်ကြီးတစ်ပင် ထီးထီးမားမား ပေါက်နေ၏ ။ နေရောင်သည် ထိုအပင်ကြီးကို ထိုးမိနေရာ မိုးရေစက်များက ရေညှိစိမ်းစိမ်းများပေါ်ဝယ် တလက်လက်။
"ကျွန်း.. ကျွန်းရွက်တွေဟေ့"
သူတို့အားလုံး ရေကန်ကို ပတ်ပြေးသွားကြပြီး အညှိတက်သော အခေါက်များကို ခွာကြည့်ကြရာ
"အမည်းရောင်ကွ၊ အမည်းရောင်"
"ဟေး"
ငတောသည် ပြုံးပြုံးကြီး ကြည့်နေရာမှ
"ဟေ့ကောင်တွေ၊ အရမ်းမဲ့ မလုပ်ကြနဲ့ဦးဟ"
.............................................................
ငတော ပြောပြသည်ကို နားထောင်ပြီးနောက် လှေသင်းမှူးကြီးက
"အေးလေ၊ ဘယ်လိုပဲ ရရ။ ရလာတယ်ဆို ပြီးတာပါပဲ။ အပင်က စစ်တယ်၊ ထူးခြားမှု ရှိခဲ့တယ် ဆိုတော့လည်း ဝမ်းသာရပါတယ်ကွာ။ ကိုင်း၊ မင်းတို့အတွက် ရော့"
ငတောနှင့် နောက်လိုက်များအတွက် ငွေသားခွက်များ၊ ဒင်္ဂါးများ ထည့်ထားသည့် အိုးများကို ချီးမြှင့်လိုက်ရာ ငတောတို့ မျက်လုံးများ အရောင်လက်သွားကြသည်။ သူတို့က ကျွန်းနက်သား အနည်းငယ်စီ ပေးပါရန် တောင်းသော်လည်း လှေသင်းမှူးက ခွင့်မပြု၊ မင်းတို့ လိုသော် ပန်းဘဲဆရာထံ တောင်းယူလေ ဟု ဆိုလေသည်။
သို့သော် ကျွန်းနက်တုံးကြီး ပန်းဘဲအိမ်သို့ ရောက်သွားသောအချိန်တွင် ဆရာကြီးမှာ ၉ ရက် အဓိဋ္ဌာန် ဝင်နေသဖြင့် တောင်းခွင့်မရလိုက်ကြပေ။ ဆရာကြီး အသုံးပြုပြီးမှ ပိုသည်တို့ကို တောင်းယူကြပြီး အချို့က ဆင်းတုထုလုပ် ပူဇော်မည်၊ အချို့ကလည်း ဓား သန်လျက် အဆောင်ရုပ် စသည်တို့ ထွင်းထု ပြုလုပ်ကြမည်ဟု ရည်မှန်းထားကြ၏ ။
လှေသင်းမှူး နေမျိုး ရန္တမိတ်ပင် သူ့သံရှင်များကို ကြည့်ချင်လျက်နှင့် ကြည့်ခွင့်မရသေး။ သူ့ကို သံရှင်ရောင်းခဲ့သည့် ကသည်းအဖိုးအိုသည် ဖိုထိုးနေရာမှ ပန်းဘဲဖိုသို့ လာပြီး သံရှင်များကို သတ်ပေးသွားသည်ဟု ကြားရ၏ ။ ပန်းဘဲဆရာကြီး အဓိဋ္ဌာန် ထွက်လာ၍ ကြည့်ခွင့်ရသော အခါမှ သူ့သံများကို အံ့သြစရာ တွေ့လိုက်ရသည်။
ကြိုးကြာသွေးများဖြင့် စိမ်ထားသည့် ဇလုံတစ်ခုထဲတွင် သံတုံးမှာ ရွှံ့အရည်များ ခဲနေသလို ပုံစံမျိုး အဖုဖု အထစ်ထစ် ဖြစ်လျက် အရောင်လဲ့နေ၏ ။ ငှက်ခါးရောင်၊ ကြေးနီရောင်၊ ရွှေရောင်၊ ငွေရောင်၊ တစ်ခါတစ်ရံ သွေးတုံး သွေးခဲကဲ့သို့ မောင်းသောအရောင် နီညိုညို သမ်းသွားတတ်သေးသည်။ သို့သော် သံမှာ အလွန်နည်းနေလျက် ဓားတစ်လက် လုပ်ရန် မလောက်ငှဟု ထင်ရသည်။
"လုံထဲထည့်ပြီး မီးပြင်းပြင်းတိုက်ရင် ထပ်လျော့ဦးမှာ ရှိသေးတယ်။ အခု ၃၆ ကျပ်သား ရှိတယ်။ အရည်ကြိုပြီးရင်.. အင်း၊ ၃၃ ကျပ်သား ပျော့ပျော့ပဲ ရှိတော့မယ်"
"၃၃ ကျပ်သားတည်းနဲ့ ဓားတစ်လက် ဘယ်ရပါ့မလဲ"
"ဟုတ်တယ် မောင်ရင်လေး။ မရနိုင်ဘူး၊ သို့သော် ကျုပ်စဥ်းစားထားတာက သံသိပ်ကောင်းတဲ့အတွက် အသွားထူထူ မလိုဘူး၊ ဗျက်ကြီးဖို့လည်း မလိုဘူး။ ခပ်သွယ်သွယ်နဲ့ လျှော့လို့ရတဲ့ နေရာတွေ လျှော့နိုင်ရင် ဆောင်ဓားကြီး မဟုတ်ပေမယ့် လက်စွဲဓားကောင်းတစ်လက်တော့ ရနိုင်တယ်"
နေမျိုးရန္တမိတ် အလွန်စိတ်ပျက်သွားသည်။ သူမျှော်လင့်ခဲ့သည်က ပန်းဖွား ကနုတ်များဖြင့် လှပတင့်တယ်နေသည့် ဆောင်ဓားကြီး ဖြစ်သည်။ လူတိုင်းက သူ့ဓားကို မြင်လျင် မေးမြန်း ချီးမွမ်းကြရမည်။ ဓားအကြောင်း ကြားရသောအခါ အံ့သြ အားကျကြရမည်ဟု စိတ်ကူးယဥ်နေခဲ့သည်။
ပန်းဘဲဆရာကြီး၏ အကြံကို အလိုမကျသဖြင့် ကသည်းအဖိုးကြီး ဦးသော်ကထံ သွားသေးသည်။ အဖိုးအိုက
"မင့် ငါပြောပါပကော၊ ၃၃ သစ်ရှိတဲ့ သန်လျက် လုပ်မယ်ဆို ကွက်တိ ဖြစ်နေအောင် ရှာစုပြီးတဲ့နောက် မလိုတော့ဘဲ ငါက ဘာလို့ အပင်ပန်းခံပြီး နောက်ထပ် သံရှင်တွေ လိုက်ဖမ်းနေတော့မလဲကွာ။ ဒါက သာမန် ဂူနံရံတွေမှာ ကပ်နေတဲ့တဲ့ ခပ်မည်းမည်း သံရှင်မျိုးမှ မဟုတ်ဘဲ။ ခိုပြာရောင် သံကောင်းသီးသန့် စုထားတာပဲ"
"ကျုပ် ဆိုလိုတာကဗျာ၊ ပြဒါးတို့၊ ကြေးဝါတို့ သတ္တုတစ်မျိုးမျိုးနဲ့ ရောပြီး ပိုများလာအောင် လုပ်လို့ မရဘူးလား"
အဖိုးအိုက ခေါင်းကို ယမ်းခါလျက်
"အရည်အစွမ်းမှ မတူတာဟ၊ ပျက်သွားမှာပေါ့"
"ဒုက္ခပါပဲ"
"မင်း မပူစမ်းပါနဲ့။ ကြွားဝါဖို့တွေ လျှော့ပြီး တကယ်အကျိုးရှိမယ့် အစွမ်းသတ္တိကိုပဲ အာရုံစိုက်စမ်းပါ လူလေး။ မင့်ကို ငါ ပြောမယ်၊ သည်ဓား အစွမ်း ထက်သည်ထက် ထက်အောင် ငါ ကြံစည်ပေးမယ်။ ငါလည်း ဓာတ်လုံး အောင်ခါနီးနေပြီ။ ကျွန်းနက်က ရွှေပြာ ရလိုက်တာ ပိုအကျိုးရှိသွားတယ်။ ဒီတော့ မင်းတို့ နှစ်ဦးလုံးကို ငါ ကူညီပေးမယ်။ အချိန်နည်းနည်းပဲစောင့်ပါ။ အိမ်ပြန်ပြီး လွှတ်တက်နေ၊ ကိုယ့်ဝန်ကိုယ် မမေ့မလျော့ထမ်းနေချေ"
သူ စိတ်ဓာတ်ကျသွားသည်။ ရွှေငွေမြောက်မြားစွာ ကုန်ပြီး သူမျှော်လင့်ထားသလို ဖြစ်မလာသည့်အတွက် ထိုဓားအပေါ် စိတ်ကုန်သကဲ့သို့ပင် ဖြစ်သွား၏ ။ အင်းဝ စစ်ကိုင်းမှ နာမည်ကျော် ပန်းဘဲဖိုများတွင် အထူးပြုလုပ်သော အပ်ထည် ဓားကောင်းများစွာ ရနိုင်သည့် ငွေကြေးများကို တဒင်္ဂ ရူးသွပ်မိသော သိဒ္ဓိ မဟိဒ္ဓိ ဆိုသည့် အရာများအပေါ် ဖြုန်းတီးပစ်မိပြီဟု ထင်လိုက်သည်။
ထို့ကြောင့် သူ ပန်းဘဲဆရာကြီးရှိရာ သန်လျက်စွန်းအရပ်သို့ ခြေဦးမလှည့်မိတော့။ ဦးသော်ကသတင်းလည်း နားမစွင့်တော့။ ဖြစ်လိုရာ ဖြစ်စေဟု မေ့ထားလိုက်လေသည်။ ဓားပြီးလျင် လာအပ်လိမ့်မည်၊ သို့မဟုတ် အကြောင်းကြားလာသည့်အခါ လူလွှတ် ယူခိုင်းပြီး အိမ်ဧည့်ခန်းဝယ် အဆောင်အနေနှင့် ချိတ်ထားလိုက်မည် ဟုသာ တွေးနေတော့ပြီ။
ယင်းအတောအတွင်း ပန်းဘဲဆရာကြီးထံမှ ၃ လမတိုင်မီ အပြီးလုပ်ပေးပါမည် ဟု ကတိစကား ရောက်လာသကဲ့သို့ ငတောတို့ထံမှလည်း ပန်းဘဲဆရာကြီးသည် ၈၁ ရက် အဓိဋ္ဌာန် ဝင်သွားပြန်ကြောင်း၊ ဥပုသ်သီတင်း စောင့်သုံးလျက် မည်သူ့ကိုမှ လက်မခံတော့ဘဲ ဓားကိုသာ စီရင်နေကြောင်း၊ ရံဖန်ရံခါ ဦးသော်က လာလျင် ဝင်ခွင့်ပြုကြောင်း၊ လှေသင်းမှူးမှလွဲလျင် အခြား မည်သူမျှ လာခွင့်ပြုမည်မဟုတ်ကြောင်း စသည်တို့ကို ပြန်ကြားရ၏ ။
သို့သော် သူ မသွား၊ မင်းပဲ စောင့်ကြည့်ထားလိုက် ဟု ငတောကို တာဝန်ပေးထားလိုက်သည်။ ငတောကလည်း တစ်စုံတစ်ခု လိုအပ်နေသဖြင့် အားလျင် ထိုအရပ်သို့သာ သွားနေတတ်သည်။ ထို့ကြောင့် ငတောမှတစ်ဆင့် ပန်းဘဲဆရာကြီးသည် ကိုးနဝင်းဓားတစ်လက် စီရင်နေခြင်းဖြစ်ကြောင်း သူလည်း သိနေရ၏ ။
(ဆက်ရန်...) တိုက်မောင်း (၃)
No comments:
Post a Comment