ယခုမှ နေမျိုးရန္တမိတ်တစ်ယောက် ဓားသွားကို အဝတ်ဖြင့် အပန်းတကြီး ပွတ်တိုက်နေသည်အား ကြည့်လျက် တစ်ဖက်ညောင်စောင်းမှ ဗိုလ်မှူး ဥဒိန်ပျံချီ ထလာသည်။
"ဟာ.. ဗိုလ်မှူး မအိပ်သေးဘူးလား၊ နေ့လယ်က ဓားကို သွေးမသုတ်လိုက်မိတာ ယခု အသွားမှာ မည်းသွားလို့ခင်ဗျ"
"ဟေ.. မင့်ဓားက အဆန်းပါလား၊ မှန်းစမ်း"
သူ ကမ်းပေးသော ဓားကို ယူလျက် ဥဒိန်ပျံချီ မီးရောင်ဝယ် အနီးကပ် ကြည့်ရှုနေသည်။
"သွေးတွေ ကပ်ပြီး ခြောက်နေတာ မဟုတ်ပါဘူး။ သံသားကိုက အဲဒီနေရာ အမည်းကြောင်းတွေ ပါနေတာပါကွဲ့"
"မဟုတ်ဘူး၊ ကျွန်ုပ် သိတယ်။ ယခင်က မရှိစဖူး၊ အသွားအရောင်ဟာ တညီတည်း တဖြောင့်တည်း မှိုင်းနေတာ ဘာအစင်းမှ မရှိခဲ့ဖူးဘူး။ ဘယ်အရာကို ခုတ်ခုတ် ဘာနဲ့ပွတ်ပွတ်လည်း အရောင်မပြောင်းခဲ့တာ ခုမှ သွေးမသုတ်မိရုံနဲ့ အဲဒီနေရာ မည်းသွားတယ် ဆိုတော့.."
ပြောရင်း နေမျိုးရန္တမိတ် ထိတ်လန့်သွား၏ ။ ဓား၏ မူလအရောင်၊ သုံးမှ တကယ့်ဓား ဖြစ်လာမည် ဆိုသည်.. ဤဓားသည် အမည်းရောင် ဓားတစ်လက် ဖြစ်လာလေမည်လားဟု အလန့်တကြား စဥ်းစားမိသည်။ နိမိတ်မကောင်းသည့်ဓား၊ မဆောင်အပ်သည့် ဓားမျိုများ ဖြစ်မလား။ သို့တည်းမဟုတ် မိစ္ဆာအစွမ်းမျိုး ဖြစ်နေမလား၊ ခိုက်တတ်လာလေမလား စိုးရိမ်လာတော့သည်။
"အဲဒီဓား လုပ်တုန်းက အားလုံးကို ကိုးနဝင်းကိုက်အောင် သေသေချာချာ စီရင်ထားခဲ့တာ။ ဓားရဲ့ အလျားက ၃၆ သစ်၊ အသွား ၂၆ ခွဲ၊ အရိုး ၉ သစ်ခွဲ ရှိတယ်။ အလေးချိန်လည်း ၃၆ ကျပ်သားပဲ။ လက်ကိုင်က ကျွန်းနက်သား ဆိုတာလည်း ၂ + ၇ ပဲ။ မြန်မာသက္ကရာဇ် ၁၀၇၁၊ အင်္ဂလိပ်လို ၁၇၁၀ ခုနှစ် ပြာသို တပို့တွဲ တပေါင်းမှာ လုပ်တယ် ။လုပ်ချိန် ၈၁ ရက် ကြာတယ်။ မီးကိုးခါ ဆေးတယ်။ ပြီးတော့.. ပြီးတော့ သွေးကိုးကြိမ် စိမ်ရသတဲ့"
ဥဒိန်ပျံချီက ဓားကို သေချာသုံးသပ်ပြီး သူ့ကို ပြန်ပေးရင်း
"ဒါဆို အစီအရင်ပြည့် ဓားကောင်းတစ်လက်ဖြစ်ကြောင်း ခိုင်မာတာပေါ့ကွာ။ ဒါ့ကြောင့် ငပြားကြီး မခံနိုင် ဖြစ်သွားတာပဲ"
"ဒါပေမယ့် သွေးစုပ်ပြီး မကောင်းတဲ့ လက္ခဏာ စရိုက်တွေ စိမ့်ဝင်သွားမှာ စိုးရွံ့မိတယ်ဗျာ"
အမှန်ပင် ထိုညတွင် နေမျိုးရန္တမိတ် အိပ်မက်ဆိုးများ မက်လေသည်။ ငပြားကြီးသည် သူ့အား မြှုပ်နှံထားရာမှ ထလာ၍ ချိတ်ဆွဲထားသော ဦးခေါင်းအား ယူငင်ပြီးလျင် သူ၏ ဓားအိမ်ထဲသို့ ဝင်ရောက်ပုန်းခိုနေသည်ဟု မြင်မက်သဖြင့် နံနက် နိုးနိုးချင်း သူကြည့်မိသည်မှာ ထိုဓားကို ဖြစ်လေသည်။
သူတို့သည် ချင်းတွင်းနယ်မှ ပြန်လာခဲ့ကြသော်လည်း သူတို့နှင့်အတူ ငပြားကြီး လိုက်ပါလာသည်ဟု နေမျိုးရန္တမိတ် ထင်နေမိ၏ ။ မည်သည့် ခြောက်လှန့်မှုမျိုးမှ မကြုံရသော်လည်း ယင်းဓားအား ပစ္စည်းတင်သည့် မြင်းတွင်သာ ချိတ်ဆွဲထားခဲ့သည်။ ထိုအချိန်မှစ၍ အပြီးအစီးကောင်းသူ၊ ကိုယ်လုံသူတို့အား စီရင်မည် ဆိုလျင် လှေသင်းမှူး၏ ဓားကို လာရောက် ငှားရမ်းကြရလေသည်။
သူ၏ ကိုးနဝင်းဓားမှာ ရွှေနန်းရှင်ထံသို့ပင် ပေါက်ရောက်၍ မင်းတြားကြီး ကိုယ်တော်တိုင် တောင်းယူကြည့်ရှုခဲ့သော်ငြား သူကတော့ မပျော်နိုင်။ သွေးကြောင်းများကြောင့် တစ်နေ့တခြား မည်းနက်လာသော ဓားသွားကို မကြည့်ဝံ့ဝံ့ ရှိနေရသည်။ သူသည် ထိုဓားကို လာငှားလျင် ပေးလိုက်ပြီး ပြန်ရောက်လျင် ထုတ်ပင်မကြည့်ဘဲ ချိတ်ဆွဲထားလိုက်တော့သည်။
သို့သော် ထိုဓား၏ မာဂုဏ်နှင့် စွမ်းရည်သတ္တိတို့ကို သိပြီးဖြစ်သည့်အလျောက် တိုက်ပွဲများတွင် အသုံးပြုခဲ့၏ ။ ဓားမှာ ဓားပေါ့ဓားလျင်ဖြစ်သည့် အားလျော်စွာ မည်မျှ လွှဲယမ်းခုတ်ပိုင်းသည်ဖြစ်စေ လေတိုးသံပင် မကြားရဘဲ ထိသမျှ ပြတ်ကျသည် များ၏ ။ မြင်းလည်ကို အလွယ်တကူ ပိုင်းနိုင်၏ ။ တိုက်ပွဲတွင်းမှ သိလာရသည်မှာ ထိုဓား၏ အဓိကသတ္တိသည် လက်ဆ ကောင်းခြင်းပေတည်း။
သူ၏ ငွေရိုးတပ် ဆောင်ဓားကြီးဖြင့် တိုက်ခိုက်လျင် ကြာသော် လက်ပမ်းကျလာတတ်သလောက် ကိုးနဝင်းဓားမှာ မည်မျှ ခုတ်ပိုင်းနေရသည်ဖြစ်စေ လက်အံမသေဘဲ လက်လွှဲသဖြင့် ညောင်းညာသမျှကို ဓား၏ အချိန်အဆက ပြန်လည်ဖြေလျှော့ပေးနေသကဲ့သို့ ရှိသည်။ ဘယ်လောက်ကြာကြာ မည်သည့်ဝေဒနာမှ မခံစားရချေ။
ထို့ကြောင့် ယင်းဓားအား သဘောကျလာပြီး နောင်တွင် အမြဲ ကိုင်စွဲဖြစ်တော့သည်။ လက်ညောင်းရင် သည်ဓားကိုင်၊ အဲဒါ ဆေးဓား.. အညောင်းအညာပြေတယ် ဟုပင် ညွှန်းဆိုကာ ဗိုလ်မှူးများကို ကိုင်စေရ၏ ။ အချို့က ဓားသွယ်သည်ကို မြင်၍ ပြုံးကာ ငြင်းကြသည်။ တချို့ကမူ ဆကြည့်ပြီး ပေါ့သည်ဆိုကာ ပြန်ပေး၏ ။ ထိုသူများသည် မိမိလောက် အချိန်ကြာကြာ တိုက်ပွဲမဝင်နိုင်သည်ကိုတော့ လှေသင်းမှူး သိပြီးဖြစ်လေသည်။
ထိုသို့ စနေမင်းလက်ထက် လှေသင်းမှူး နေမျိုးရန္တမိတ် ကိုင်ဆောင်ခဲ့သော အသွားအနက်ရောင်နှင့် ထူးခြားသည့် ဓားသည် ဒုတိယအင်းဝခေတ် တနင်္ဂနွေမင်းလက်ထက်တွင် ငြိမ်သက် ပျောက်ကွယ်နေခဲ့ပြီး ညောင်ရမ်းနောက်ဆုံးမင်းဆက် မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း) အုပ်စိုးချိန်တွင်မှ ယင်းခဲစား မင်းရဲကျော်ခေါင် ၏ အမှုထမ်း ဗညားကျန်းတောကြီးထံသို့ ရောက်လာသည်။
ထိုနှစ်ကား သက္ကရာဇ် ၁၀၉၈ ခုတည်း။ ကသည်းအရေးပေါ်သဖြင့် မင်းရဲကျော်ခေါင်အား ခန့်ရန်စေလွှတ်ရာ အမှုထမ်း ဗညားကျန်းတောသို့လည်း အဆိုပါဓားကို အပ်၍ တိုက်စေသည်။ သို့သော် ဗိုလ်မှူးခန့်သော မင်းသား စတေမြင်းမှူး မင်းရဲသီဟ ဆုံး၍ တပ်ပျက်ခဲ့ကြရသည်။ နောင်တွင် မင်းရဲကျော်ခေါင်ကို အစဥ်အမြဲ ဗိုလ်မှူးခန့်၍ တိုက်စေသဖြင့် ဗညားကျန်းတောလည်း နောက်မှ ပါရလေတော့သည်။
ညောင်ရမ်းမင်း နောက်ဆုံးဆက်ဖြစ်သော မဟာဓမ္မရာဇာဓိပတိသည် အရည်အချင်း နုံ့နည်းသော မင်းဖြစ်သကဲ့သို့ သူ အားကိုးအားထား ပြုမိသော မင်းရဲကျော်ခေါင်မှာလည်း အလွန် ညံ့ဖျင်း၍ ပေါ့လျော့တတ်သူ ဖြစ်သည်။ ဟံသာဝတီပါမင်းသည် မချီးမြှောက်ထိုက်သူများကို ချီးမြှောက်၍ မအပ်မရာ ရာထူး ဘွဲ့မည်ကြီးများ ပေးတတ်သလို မင်းရဲကျော်ခေါင် ကွပ်ကဲမှုညံ့ဖျင်းလှ၍ တိုက်တိုင်း ရှုံးနေသဖြင့်လည်း မြန်မာနိုင်ငံ ပြိုကွဲလာခဲ့ရသည်။
ဇင်းမယ်သား ဆင်ဝန်သည် ဆင်ကျားရှင် အမည်ခံ ထောင်ထားခြားနား၍ ဟံသာဝတီကို အုပ်စိုးကာ အဝကိုပင် လုပ်ကြံလာသည်။ သို့သော် ကသည်းကိုလည်း အရေးမရ၊ ကွေ့တို့နှင့် တိုက်တိုင်းလည်း ရှုံးရသူ မင်းရဲကျော်ခေါင်မှာ ဗိုလ်မှူးချုပ် စစ်ဘုရင်အဖြစ်နှင့် ရတနာပူရ တပ်များအားလုံးကို ကွပ်ကဲနေရသည်။
မွန်တို့သည် ဟံသာဝတီကို အခြေပြု၍ လူသူလက်နက်အင်အား စုဆောင်းလျက် ပြည် တောင်ငူမြို့များကို တိုက်ခိုက်လာရာ ပြည်တွင် ခံသော မင်းရဲကျော်ခေါင် မခံနိုင်၍ အလယ်ပိုင်း ပဋ္ဌနဂိုရ်အရပ်တွင် စခန်းချ ရပ်ခံနေရ၏ ။ ဗညားကျန်းတောမှာ တစ်ဘက်ကမ်း မလွန်ရွာကို တပ်တည်လျက် စောင့်နေသည်။
မွန်တို့ကလည်း ရေကြောင်းမှ စစ်ချီလာပြီး မြစ်တစ်ဘက်တစ်ချက်ရှိ တပ်များကို တိုက်လံလာသည်။ သို့သော် သီးသန့်ခွဲ၍ တပ်တည်နေရသောအခါ ဗညားကျန်းတောသည် အစီအမံ အကွပ်အကဲ ကောင်းလှသည်ကို မြန်မာများ သိလာကြရပြီ။
မင်းကြီး ဗညားကျန်းတောမှာ စစ်မှု အစီအရင်တွင် နှစ်ဦးမရှိလောက်အောင် တော်၏ ။ သူသည် သူ့လူများကို အစဥ် ကြည့်ရှုစောင့်ရှောက်တတ်ပြီး အဝတ်အစား၊ အစားအစာမှ စ၍ ပြည့်စုံအောင် မ စ လေ့ ရှိသည်။ သေနတ်၊ ဓား၊ လှံ၊ လေး မြားတို့မှ အစ အသေးစိတ် စစ်ဆေးတတ်၍ မကောင်းသည်တွေ့လျင် စစ်သည်၏ သားမယားပါမကျန် လုပ်ဆောင်စေရ၏ ။
သေနတ်ကိုင်စစ်သည် ဆိုလျင် လူတိုင်း ခဲယမ်းမီးပါ ထိုးတံပါမကျန် စေ့စုံစေပြီး မလောက်ငှလျင် သူက ငွေထုတ်ပေးပြီး လုပ်စေသည်။ မြင်းမှာ ကုန်းနှီး ကြိုးက ကတောင်မှ စ၍ မြဲရသည်။ စစ်သည်တော်တို့လည်း ဝတ်လုံ၊ ချပ်ဝတ်၊ မောက်ရူ မောက်တို ခမောက်၊ ဓားကောင်း လှံကောင်း ရှိကြရ၏ ။
အကြောင်းကိစ္စ ရှိလျင် စည်သုံးချက်တီးပြီး သုံးချက်စေ့သော်မှ မရောက်လျင် ဒဏ်ထားခံကြရသည်။ ရောက်သူတို့လည်း ခါးစည်းပုဝါ မြဲမြံကြရသည်။ မေး၌ မောက်တို ခမောက် ကြိုးချည်ပြီး ဖြစ်ရ၏ ။ ဓားသွားလှံသွား ထက်မြနေရ၏ ။ ထိုသို့ သူကိုယ်တိုင် လုံ့လအထူးစိုက်ထုတ် စီရင်သည်ဖြစ်ရာ တပ်စည်းတပ်နင်း လုံလှလေသည်။
မွန်တို့သည် သူ၏တပ် မလွန်ဘက်ကမ်းသို့ အကြိမ်ကြိမ် ကြိုးစားလုပ်ကြံကြသော်လည်း ဗညားကျန်းတောမှာ အခြားဗိုလ်များကဲ့သို့ နောက်မှ လိုက်သည်မဟုတ်ဘဲ ရှေ့ဆုံးမှ ကွပ်ကဲ တိုက်ခိုက်လေ့ရှိသဖြင့် တိုက်ပွဲအခြေအနေကို ကောင်းစွာသိပြီး စီမံနိုင်၏ ။ သူနှင့် တိုက်ရသမျှ ရာနှုန်းပြည့် အရှုံးနှင့်သာ ကြုံရသောအခါ နောင်တွင် မွန်တို့သည် အနောက်ဘက်ကမ်းသို့ လုံးဝ မလာဝံ့တော့ဘဲ မြစ်အရှေ့ဘက် ပဋ္ဌနဂိုရ်တပ်ကိုသာ တိုက်ကြတော့သည်။
ထိုသို့ ဗညားကျန်းတောကြီး ပွဲတိုင်းနိုင်၍ အရေးရနေသည်ကို မြင်သော် မင်းရဲကျော်ခေါင်၏ တပ်မှ မင်းကြီးရဲတင်၊ မင်းကြီးလွမ်းတင်၊ အာကာဗိုလ်မှူးနှင့် ဗိုလ်မှူး စစ်ကဲများသည် မနာလို ရှိလာကြလျက် ဗညားကျန်းတော ရှိလျင် မိမိတို့ မတိုက်ပြီ၊ ဗညားကျန်းတောကို သတ်မှ ကျေနပ်ကြပါမည်ဟု မင်းရဲကျော်ခေါင်ကို လျှောက်ကြလေတော့သည်။
မင်းရဲကျော်ခေါင်က ရွပ်ရွပ်ချွံချွံ တံ့တံ့စားစားဖြင့် ရပ်ခံနေနိုင်သည့် မင်းကြီး ဗညားကျန်းတောကို အပြစ်မရှိဘဲ မကွပ်နိုင်ဟု ဆိုသည်။ ထိုအခါ မင်းကြီးရဲတင်တို့က အညာမှ မှာယူထားသည့် မျိုးစပါး ရိက္ခာများကို ဖျောက်ဖျက်လိုက်ကြပြီး
ဗညားကျန်းတော တပ်သားများ လုယူကြပါသည်ဟု လီဆယ်လျှောက်တင်ကြပြန်၏ ။
တပ်သားများ လုယက်သမျှ ဗညားကျန်းတော ပေးစေဟု ဆိုသဖြင့် ဗညားကျန်းတောမှာ စိုက်လျော်ရပြန်သည်။ ထို့နောက် အရှေ့ဘက်ကမ်း ဗိုလ်မှူးများ လုယက်တိုက်ခိုက်ပြီး ဗညားကျန်းတော ဓားပြတိုက်သည်ဟု စွပ်စွဲ၍ လူကို အပ်စေပြန်သည်။ မင်းရဲကျော်ခေါင်က အခွင့်မပေး။
သို့ဖြင့် မင်းကြီးရဲတင်တို့ လူစု လျှို့ဝှက်တိုင်ပင် ဆွေးနွေးကြပြီး မင်းရဲကျော်ခေါင်က အခေါ်လွှတ်သည်၊ ဗညားကျန်းတော ပဋ္ဌနဂိုရ်တပ်သို့ ချက်ချင်း လာရောက်ရမည် ဟု အမိန့်တော်အတု ပို့လွှတ်လိုက်သည်။ မင်းရဲကျော်ခေါင်က ခေါ်သည်ဆို၍ ဗညားကျန်းတော ရောက်လာရ၏ ။
(ဆက်ရန်...) ဓားနက် (ဇာတ်သိမ်း)
No comments:
Post a Comment