Translate

ဓားနက် (၁)

ညောင်ရမ်းခေတ်၊ စနေမင်းလက်ထက်။

လှေသင်းမှူးကြီး နေမျိုးရန္တမိတ် အိမ်သို့ မုတ်ဆိတ်ကျင်စွယ်နှင့် သူရူးပမာ ရှိသော လူကြီးတစ်ဦးသည် အဝတ်ထုပ်တစ်ခုအား ပိုက်လျက် ရောက်ရှိလာခဲ့၏ ။ လှေသင်းမှူးမှာ ညီလာခံမှ ပြန်ရောက်၍ ကိုယ်လက်သန့်စင်ပြီးစ စိတ်ရွှင်လန်းစွာဖြင့် ခြံဝန်းထဲရှိ သဲမွမွပေါ် စင်္ကြံလျှောက်နေချိန် ဖြစ်သည်။
ပေရေ စုတ်ပြတ်နေသော အဖိုးအိုသည် လှေသင်းမှူးကို မြင်သော် တည့်တည့်ဝင်လာပြီး
"သည်မှာ မင့်အတွက် အထူးပစ္စည်းတစ်ခု ပါလာတယ်"
ဟု ဆို၏ ။ နေမျိုးရန္တမိတ်က နောက်သို့ အနည်းငယ် တွန့်သွားပြီး
"အဖိုးကြီး အနားသိပ်မကပ်ပါနဲ့။ အဲဒီကနေပဲ ရှိခိုးဦးတင်ပြီး ပြောပါ"
အစောင့်များ ခပ်သုတ်သုတ် ရောက်လာကြသော်လည်း လှေသင်းမှူးက လက်ကာပြထားလိုက်၏ ။ အဖိုးအိုကမူ ရယ်လျက်
"မင့်ကို ငါက ရှိခိုးရဦးမယ်တဲ့လား။ ဒါဆိုလည်း နေပါစေလေ။ ထိုက်တန်တဲ့သူဆီပဲ သွားတော့မယ်"
ချက်ချင်း လှည့်ထွက်သွားရန် ပြင်နေသဖြင့် နေမျိုးရန္တမိတ် စိတ်ဝင်စားမိကာ
"အဖိုးကြီး.. အဲ၊ ဦးကြီး.. နေပါဦး။ ခင်ဗျားက ဘယ်သူများလဲ"
"ဟားဟား၊ မင်းက ငါ့ကို မသိဘူးပေါ့။ အိမ်း.. ငါက ဝိဇ္ဇာလမ်းကို လိုက်နေတဲ့ ဆရာကြီး ဦးသော်က ပဲ။ ငါ နှစ်ပေါင်းများစွာ ရှာဖွေ စုဆောင်းလာတဲ့ ပစ္စည်းလေးကို ထိုက်တန်သူ တစ်ယောက်ယောက်ဆီမှာ ထားခဲ့ချင်လို့ မင်းကို ဦးဆုံးလာပြတာကွဲ့"
ဦးသော်က အမည်ကို မကြားဖူးသော်လည်း သိချင်လာ၍ အိမ်အောက်သို့ ကြွပါဟု ဖိတ်ရာ အဖိုးအိုက ငြင်းသည်။
"ငါ ဘယ်သူ့ အိမ်အောက်မှ မဝင်ဘူး။ မင်း ယူမယ်ဆို ငါက ပစ္စည်းပြမယ်"
"ကောင်းပါပြီ။ ပြပါ၊ ဘာပစ္စည်းများပါလိမ့်"
သူက မကပ်နှင့် ဆိုသော်လည်း အဖိုးအိုက အနားသို့ ရဲဝံ့စွာ တိုးကပ်လာပြီးနောက် နှစ်ကိုယ်ကြားလေသံဖြင့် ဆို၏ ။
"ငါ နှစ်ပေါင်း ၃၀ လောက် ရှာပြီး ဖမ်းခဲ့တဲ့ သံရှင်တွေကို အခု ဖိုထိုးဖို့ ရွှေစအတော်လိုနေတာနဲ့ ထုတ်ရောင်းတော့မယ် ဆုံးဖြတ်တဲ့အခါ တော်ရုံလူကိုတော့ မအပ်ဘူး၊ သမာဓိ သိက္ခာ အကျင့်သီလ ရှိသူကိုပဲ ရောင်းမယ်ဆိုပြီး စုံစမ်းတော့ အဝမှာ မင်းအပါအဝင် ၃ ဦးပဲ တွေ့သဟေ့"
"ဒါဆို ဦးကြီးရောင်းမှာ သံရှင်တွေပေါ့"
"အိမ်း.. ဟုတ်တယ်။ ငါ ထွက်ရပ်ပေါက်တဲ့အခါ ဒါတွေကို စေလိုရာစေ တောင်ဝှေးလုပ်မယ်လို့ ရည်မှန်းပြီး ရှာဖွေ စုဆောင်းထားတာ။ ဒါမှမဟုတ် မင်းဖြစ်ရင်လည်း သန်လျက်သွန်းမယ်ပေါ့။ ခုတော့ ဝိဇ္ဇာဖြစ်အောင် အရင်လုပ်ပြီးမှ ပြန်ရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ"
"ပြပါဦး.. ခင်ဗျာ့ သံရှင်ဆိုတာ"
အဖိုးအိုက အဝတ်နှင့် ဖုံးအုပ်ထားသော သတ္ထုအိုးတစ်လုံးကို ပြ၏ ။ အိုးမှာ ငါးပိအိုးသဏ္ဍာန် ကြေးညှိရောင် ရှိပြီး အထဲတွင် လှုပ်လှုပ် လှုပ်လှုပ်နှင့် အရည်အချို့ကို မြင်ရလေသည်။
"ဒါမျိုး ကျုပ် မြင်ဖူးပါတယ်"
"ဟကောင်၊ မြင်ဖူးတယ် လုပ်မနေနဲ့။ အပေါ်က ​ဖြူဖြူပြောင်ပြောင်တွေက ပြဒါးတွေကွ။ အဲဒီအောက်က လှုပ်နေတဲ့ ခိုပြာရောင် မည်းမည်းတုံးတွေကမှ သံရှင်တွေ။ သံရှင်မှန်း သိအောင် ဒီအတိုင်း ယူလာပြတာ။ မင်းယူမယ်ဆိုမှ ငြိမ်သွားအောင် လုပ်ပေးခဲ့မှာ"
"ဒါတွေ ခင်ဗျား ဘယ်လို ရလာလဲ"
"အမျိုးမျိုးပေါ့ကွာ။ ငါက သံရှင်ဖမ်းတဲ့အတတ်မှာ ပြိုင်ဘက်မရှိပဲ။ ဒါတောင် ဒီလောက်ပဲ ရတယ်"
"ဟုတ်လား၊ ဘယ်လိုဖမ်းလဲ။ ဘယ်ကရလဲ"
"ပြောရရင် အများကြီးပေါ့။ အပင်ထိပ်တွေ တက်ပြီးပြဒါးနဲ့ အရင် မျှားရတယ်။ နောက်ပိုင်း သံရှင်ရှာတဲ့ ငါ့နည်းကတော့ ကျောက်ဂူတွေ တွင်းတွေထဲမှာ သံ သံချင်း ဆွဲဆောင်တာပဲ"
အဖိုးကြီးက နေမျိုးရန္တမိတ်၏ နားနား တိုးကာ လေသံဖြင့်
"အုတ်ဂူတွေ မြေပုံတွေထဲလည်း ဆင်းရတတ်တယ်"
လှေသင်းမှူး အနည်းငယ် လန့်သွား၏ ။
"ဒါဆို ခင်ဗျားပစ္စည်းက ဘယ်သန့်မလဲ"
"အသန့်ချည်းတော့ မရဘူး ဟေ့.. မင်း ယူမှာလား မယူဘူးလား"
သူ အနည်းငယ် စဥ်းစားနေသည်။
"အဖိုးအခကရော"
"သူ့အလေးချိန်အတိုင်း ရွှေနဲ့ ပေးရမယ်"
"ဗျာ.. ဗျာ"
တန်ဖိုးကြီးမားလှပါကလားဟု တွေးလိုက်မိသော်လည်း ရှားပါးပစ္စည်း ဖြစ်သည့်အပြင် စေလိုရာစေ တောင်ဝှေးပင် လုပ်မည့် အရာမျိုးမို့
"ကျုပ်ကိုတော့ လာလိမ်လို့ မရဘူးနော်"
"ဟားဟား၊ မင့်ရွှေလေး တစ်ပိဿာမရှိတာလောက်ကို ငါက လိမ်ရဦးမလား။ မင်းကို ငါ့နေရပ် ပြောမယ်။ လိုက်ပြီး စုံစမ်းကြည့်စမ်း၊ ငါ ဖိုထိုးပစ်ခဲ့တဲ့ ရွှေတွေပဲ ဘယ်နှပိဿာလောက် ရှိနေပြီလဲ ဆိုတာ"
"ဟုတ်ပြီ၊ ဒီပစ္စည်းက ကျုပ်အတွက် ဘယ်လို အသုံးဝင်မလဲ ဆိုတာ ခင်ဗျား ရှင်းပြရမယ်။ ဘာတွေ လုပ်လို့ရမလဲ၊ ပြီးရင် လုပ်နည်းလည်း ပြောပြပေးရမယ်။ ကြိုက်ရင် ခင်ဗျားတောင်းတဲ့အတိုင်း ပေးမယ်"
"သံတုံးကို မင်း ဘယ်လို အသုံးချမလဲ ဆိုတာ မင့်ဉာဏ်ရှိသလောက် ကိုယ့်ဟာကိုယ် စဥ်းစားလေ။ ပြီးရင် လုပ်ချင်တာကို ပြော၊ ငါ ဘယ်မှ ထွက်မပြေးဘူး။ မယုံရင် မင့်လူတွေကို အချိန်ပြည့် စောင့်ကြည့်ခိုင်းထား၊ ငါကတော့ လက်တိုလက်တောင်း ခိုင်းစရာ ရတယ်ပဲ မှတ်တယ်"
လှေသင်းမှူးက အထဲမှ သံရှင်များကို သွန်၍ တစ်ခုခုအတွင်း ထည့်ကာ ချိန်ကြည့်မည် ဆိုရာ အဖိုးအိုက လက်မခံ၊ အိုးပါ ချိန်စက်၍ ပေးရမည်ဟု ပြောနေသည်။ သံရှင်ကို သွန်မရ၊ အခြားအိုးဖြင့်လည်း ထည့်မရဘဲ သူ့သတ္ထုအိုးဖြင့်ထည့်မှသာ ရသည်ဟု ဆို၏ ။
နောက်ဆုံးတွင် အဖိုးအိုပြောသည့်အတိုင်း ချိန်လိုက်ရသည်။ ပြဒါးမှာ အလေးချိန် မရှိလှသော်လည်း သံရှင်နှင့် အိုးမှာ ၅၀ ကျပ်သားကျော် ရှိနေ၏ ။ ရွှေ ၅၀ သားခန့်ကို နှမြောသော်လည်း ထူးခြားနေသည်မို့ ဝယ်ရန် သူ ဆုံးဖြတ်လိုက်သည်။
"ကျုပ် ဒါကို ဆောင်ဓားကြီးတစ်လက် လုပ်မယ်ဗျာ။ အဲဒါ ခင်ဗျား ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြရမယ်"
ရွှေ ၅၀ သား ပေးအပြီး ပြောလိုက်သည့် သူ့စကားကြောင့် အဖိုးအို တွေဝေသွား၏ ။
"ငါက ဆေးတောင်ဝှေး လုပ်မယ်ဆိုတာ တခြား ပစ္စည်းတွေနဲ့ ပေါင်းရဦးမှာ၊ သန်လျက် လုပ်ရင်လည်း ဒီသံလောက်နဲ့ဆို အံကိုက်ပါပဲ။ အဲ.. သို့ပေမဲ့ ဆောင်ဓားကြီးတစ်လက် လုပ်ဖို့တော့ သံက နည်းနည်းလိုနေမယ် ထင်တယ်"
"ဟာ.. လိုနေလို့ ဘယ်ဖြစ်မလဲ။ ကျုပ်က မင်းမဟုတ်တော့ သန်လျက်လည်း လုပ်ကိုင်ခွင့် မရှိဘူး။ မင်းတရားက ပေးသနားမှသာ သူရဲတော်တွေအနေနဲ့ သန်လျက် ကိုင်ရတာ။ ဓားလုပ်ဖို့ အခြားသတ္တုများနဲ့ ရောရင်ကော မရဘူးလား"
"မဖြစ်နိုင်ဘူးကွဲ့၊ ဒါပေမယ့် ငါ ဖြစ်အောင် လုပ်ပေးပါ့မယ်။ ငါ့ မိတ်ဆွေ ပန်းဘဲဆရာကြီးတစ်ဦး ရှိရဲ့။ သူက ဒါမျိုး အစီအရင်တွေ လုပ်တတ်တယ်။ ယုံကြည်စိတ်ချနိုင်တယ်။ သူ ကြံစည် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဖြစ်ရမှာပေါ့.. အင်း"
သို့နှင့် လှေသင်းမှူးမှာ အဖိုးအို၏ မိတ်ဆွေ ပန်းဘဲဆရာကြီးထံ သံရှင်များ ပိုက်လျက် ရောက်သွားရတော့၏ ။ ပန်းဘဲဆရာကြီးက စိတ်ဝင်စားပါသည်၊ သို့သော် သူတောင်းသည့် အဖိုးအခမှာ ရွှေငွေမဟုတ်။
"ကျုပ်ကို သိဒ္ဓိဝင်ကျွန်းနက်အစစ် ရှာပေးရမယ်။ ဘယ်နယ်မှာ ရတတ်သလဲ ဆိုတာ ကျုပ်ပြောပြမကွဲ့။ အဲဒါကို မောင်က လူသူအင်အားနဲ့ ရှာဖွေ တွေ့ခဲ့ရင်တော့ မောင့်ဓားကိုလည်း ဖြစ်အောင် လုပ်ပေးမယ်၊ အဲဒီဓားမှာလည်း ကျွန်းနက်သား သုံးပေးပါ့မယ်"
"ကျွန်းနက်က ဘယ်လိုမျိုးပါလိမ့်ခင်ဗျာ"
ခေါင်းပေါင်းအဖြူ၊ အဝတ်ဖြူများနှင့် ဆံပင်မုတ်ဆိတ်မှအစ ဆွတ်ဆွတ်ဖြူနေသော ပန်းဘဲဆရာကြီးက ရှင်းပြသည်။
"မြေလွှာအောက်မှာ ရေနံတို့ ကျောက်မီးသွေးတို့ ရှိတဲ့ တောကြီးတွေထဲ ပေါက်တတ်တယ်။ တကယ်တော့ ကျွန်းဖိုပင်ပါပဲ၊ သို့သော် မြေခံကြောင့် အသားများက အနက်အဖြစ် ပြောင်းလဲသွားပြီး အလွန်ရှားပါး သိဒ္ဓိဝင်လာတဲ့အတွက် အစောင့်များလည်း ရှိတတ်တယ်။ သာမန်ကျွန်းနက်ထက် သိဒ္ဓိအစွမ်းရှိတဲ့ကျွန်းနက်ပင်ဟာ တွေ့တော့မယ်ဆိုရင် ထူးခြားတဲ့ နိမိတ်ပြမှုတွေ ကြုံရတတ်တယ်။ ကျုပ် ငယ်ငယ်က ကချင်နယ်ထဲမှာ တစ်ခါ ကြုံဖူး မြင်ဖူးခဲ့တယ်။ မိုးကောင်းဘက်မှာပဲ"
"အဲဒီတုန်းက ယူခဲ့သေးလား အဘိုး"
"အဲဒီတုန်းက အသုံးမသိ၊ လိုလည်း မလိုအပ်တော့ မယူခဲ့မိဘူး။ ကျုပ်တို့အဘက ပြရုံ ပြတာ။ သူလည်း မယူဘူး"
သိဒ္ဓိဝင် အစွမ်းထက်မှန်း၊ တန်ဖိုးကြီးမှန်း သိသော်လည်း မလိုလျင် မယူတတ်သည့် စိတ်ထားများကို သူ အံ့သြ လေးစားမိလေသည်။
"အခုတော့ ကျုပ်မသေခင် လုပ်သွားချင်တဲ့ ဆန္ဒလေးတစ်ခု ရှိလို့၊ ပြောရရင် အလွန် အစွမ်း ထက်တဲ့ ကိုးသင်္ချိုင်းသံဓားမျိုး စီရင်မယ် စိတ်ကူးထားလို့ ကျွန်းနက်ကို လိုအပ်နေတာ၊ သို့သော်လည်း စိတ်ပဲရှိတယ် အင်အားမရှိပါဘူးကွယ်"
"ကောင်းပြီ၊ ကျွန်ုပ်ရဲ့ သံကို လက်ခံ ချင်တွယ်ယူထားပြီး သွန်းလုပ်ရမယ့် ဓားပုံစံကို ကြံစည်ထားစေချင်ပါတယ်။ ကျွန်းနက်ကို အမြန်ဆုံး ရှာတွေ့ဖို့ ကြိုးစားပေးပါ့မယ်"
သိဒ္ဓိဝင် ဓားကောင်းတစ်လက် ပိုင်ဆိုင်ချင်လှသော လှေသင်းမှူးကြီး နေမျိုးရန္တမိတ်က ပန်းဘဲဆရာကြီးအား အာမခံလိုက်လေ၏ ။
(ဆက်ရန်...)ဓားနက် (၂)

No comments:

Post a Comment

ဟံသာဝတီသို့ (ဇာတ်သိမ်း)

       သစ်ပင်အောက်တွင် ရသေ့ရူးကြီး တစ်ဦးသည် မြေပေါ် လေးထောင့်ကွက်များ၊ မျဥ်းကြောင်းများ ရေးခြစ်ရင်း နှုတ်မှလည်း အဆက်မပြတ် ရေရွတ်နေ၏ ။   ...