ရဲကျော်သူရ (နောင် - ဗလမင်းထင်) က သူ့ရှေ့၌ ရပ်နေသော လူငယ် ၅ ဦးကို သေသေချာချာ ကြည့်သည်။ ထို့နောက် ညည်းညူနေသော သူ့တပ်သား ငချစ်ခိုင်ကို တစ်ဖန် ပြန်ကြည့်ပြီး
"မင်းနာမည် ဘယ်သူ"
ရှေ့ဆုံးမှ ဦဆောင်လာသူ လူငယ်က ဖြေသည်။
"သူရိန်ပါ ဗိုလ်မင်း"
"အေး.. ငသူရိန်၊ မင်း ငါ့ဆီ အမှုထမ်းမလား။ ချက်ချင်း အိုးစားကြီး ပေးမယ်"
လူငယ်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏ ။
"မှန်ပါ၊ ကျွန်တော်မျိုးတို့ အခြားတပ်များတွင် တပ်မှူး ဗိုလ်မှူး မလုပ်ချင်ပါ။ ဘီလူးတပ်တွင်သာ ထမင်းချက် ဖြစ်လိုက ဖြစ်စေ၊ အမှုထမ်းချင်ပါသည် ဘုရား"
"အင်း... ခက်တာပဲ။ အေးလေ၊ မင်းတို့ ဆန္ဒရှိနေတော့လည်း အဲဒီကိုပဲ သွားကြပါ။ ဟေ့.. သူတို့ကို လိုက်ပို့လိုက်ပါကွာ"
လူငယ် ၅ ဦးသည် ကုန်းဘောင်ရွှေတပ်တော်များစွာကို ဖြတ်၍ ရှေ့မှ ခေါ်သွားသော စစ်သည်နောက် လိုက်ခဲ့ကြ၏ ။ အံ့ချီးဘနန်း များပြားလှသော ရဲမက်များ၊ လေ့ကျင့်နေသူ၊ သတ်ပုတ်နေသူများ၊ သွားလာလှုပ်ရှားနေသူ၊ မလှုပ်မယှက် စောင့်ကြပ်နေသူများစွာကြားမှ ဖြတ်သွားရ၏ ။ တပ်စဉ်အတိုင်း တောင်စူးစူးသို့ လိုက်ခဲ့ရာ အဆုံးတွင်မှ တပ်သီးသန့် တည်နေသော လူတစ်စုကို လှမ်းမြင်ရသည်။
သူရိန်ဟူသည့် လူငယ်က ရှေ့မှ လျှောက်နေသော စစ်သည်ကို လှမ်းမေးလိုက်သည်။
"ကိုရင်.. ကျုပ်နဲ့ နပန်းသတ်ခဲ့တဲ့ ဟို ငချစ်ခိုင်က ကျုပ်တို့ကို အခဲကြေပါ့မလားဗျ"
"ဟာ.. ရပါတယ်ကွာ၊ ဘာမှ မဖြစ်ပါဘူး။ တစ်နေ့ သူ့ကို နိုင်မယ့်သူ ပေါ်လာမယ် ဆိုတာ ငါတို့ တွက်ပြီးသားပါ။ သူက ကျယ်ရုံ ကျယ်တာ အငြိုးအတေး မထားတတ်ပါဘူးဟ"
"တော်သေးတာပေါ့ဗျာ၊ ကျုပ်က ငြိုးနေမှာ စိုးတာ"
တပ်နား နီးလာသဖြင့် စစ်သည်က ပြန်မပြောတော့။ တစ်စုံတစ်ခုကို ရှာဖွေနေသည်။ သူတို့ကလည်း တပ်ပြင်နေသည်ကို ငေးကြည့်နေကြသည်။
သွေးသောက်ကြီး ဖြစ်ဟန်တူသူ တစ်ဦးသည် တပ်သားများကို စီတန်းရပ်စေလျက် ခါးဝတ်ရင်စည်း မြဲ မမြဲ လိုက်စစ်နေသည်။ ဓားများ ဆွဲချွတ်ကြည့်သည်။ ကျည်တောက်ထဲမှ မြားတံတချို့ ဆွဲထုတ်၍ ဖြောင့် မဖြောင့် ချွန် မချွန် စစ်နေတာလည်း တွေ့ရသည်။ တပ်သားများကမူ အချင်းချင်း တီးတိုး စကားပြောနေကြ၏ ။
သူတို့ တွေ့ခဲ့သည့် ဗိုလ်မင်း ရဲကျော်သူရတပ် အပါအဝင် တပ်တော်တိုင်း၌ ထိုသို့ တန်းစီနေစဉ် အချင်းချင်း စကားပြောနေသည်ကို မမြင်ခဲ့ရသဖြင့် သည်တပ်ကျမှ အထူးအဆန်းလို ဖြစ်နေသည်။ တပ်သား ၁၀ ယောက် ရှေ့တိုင်းတွင် အကြပ်တစ်ဦးက တပ်သားများကို မျက်နှာမူလျက် ရပ်နေကြ၏ ။ သည်တပ် အနေအထားက လျော့တိလျော့ရဲလည်း မဟုတ်၊ တင်းတင်းကြပ်ကြပ်လည်း မဟုတ်။ သူတို့ မည်သို့ သတ်မှတ်ရမည် မသိ။
ထိုစဉ် ခင်တန်းထဲမှ မြင်းတစ်စီး ထွက်လာသည်။ သျှောင်တစောင်းနှင့် ကြည့်ကောင်းသော လူရွယ်တစ်ဦး၊ အရာရှိအဆင့် ဖြစ်ပုံရသည်။ မြင်းတွင် ဆင်ထားသော ကကြိုးများမှာ သာမန်မဟုတ်ချေ။ မြင်းကြီးကလည်း အလွန်လှသော မြင်းနီကြီး၊ လေးဘက်အသားကျ စီးလာသည်မို့ သူတို့ ငေးကြည့်နေမိသည်။
ထိုသူက လိုက်စစ်နေသော သွေးသောက်ဖြစ်ဟန်တူသူကို
"ဟေ့ ငကံ၊ ရေဘူး ရေစစ် ဆန်ထုပ် ထမင်းအိုးတွေ စုံ မစုံရော စစ်ပြီးပြီလား"
"မစစ်ရသေးဘူး တပ်မှူး၊ အခု စစ်လိုက်ပါ့မယ်"
သူတို့ကို လိုက်ပို့သော စစ်သည်က ထိုတပ်မှူးထံ သွား၍ တစ်စုံတစ်ရာ ပြောလိုက်ရာ တပ်မှူးက သူတို့ဆီ မြင်းကို လှည့်လာ၏ ။
"ငါ့လူတို့က ဘီလူးတပ်မှာမှ အမှုထမ်းချင်သပ ဆို"
ရင်းရင်နှီးနှီးနှင့် သူ့လူဟု ချက်ချင်း သတ်မှတ်လိုက်သဖြင့် သူရိန်တို့တစ်သိုက် စိုးရိမ်မှုများ ပျောက်ပြီး ဝမ်းသာသွားကြသည်။
"ဟုတ်ပါတယ်ခင်ဗျ"
"မင်းတို့က လူစွာ ငချစ်ခိုင်ကိုတောင် အနိုင်သတ်လာတယ် ဟုတ်စ"
ထိုအခါ သူရိန်က ရှေ့ထွက်၍..
"ကျွန်တော်မျိုးတို့ ဗန်တို ဗန်ရှည် တုတ်သိုင်း ဓားသိုင်း နပန်းအသတ်အပုတ်များကို ကောင်းကောင်း တတ်မြောက်ပါသည်။ အရှင့်တပ်မှာ အမှုထမ်းလို၍ ငချစ်ခိုင်ကို သတ်ပြခဲ့ခြင်း ဖြစ်ပါသည်ဘုရား"
တပ်မှူးက အလိုမကျသည့် အသွင် ပေါ်လာပြီး
"အရှင်တွေ ဘုရားတွေ ထူးမနေစမ်းပါနဲ့။ ငါတို့ဆီမှာ တပ်သားဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး။ သူများထက် အပင်ပန်း အဆင်းရဲ ခံနိုင်ရတယ်။ ငါ့သဘောနဲ့ တစ်ထပ်တည်း ကျနိုင်မှ ငါ့တပ်သား ဖြစ်မယ်"
"ကျွန်တော်မျိုးတို့ အထူးကြိုးစားပါ့မယ်.. ဗိုလ်မင်း"
တပ်မှူးက ခေါင်းခါလိုက်သည်။
"မင်းရို့တွေ လက်ရုံးရည်မှာ ငါ့ထက် သာချင်သာမယ်။ ဒါပေမယ့် မွန်သူရဲကောင်း လဂွန်းအိမ်တောင် ငါ့ဆီမှာ တပ်သား မဖြစ်နိုင်ဘူးကွဲ့"
သူတို့ နားမလည်၊ တပ်မှူးကလည်း သဘောပေါက်သည်။
"ဟေ့ ငကံ၊ တပ်တွေ ပြင်ပြီးပလား၊ အသင့်ဖြစ်ရင် ထွက်မယ်"
နောက်သို့ လှည့်ပြောနေသဖြင့် သူတို့ စိုးရိမ်သွား၏ ။ သူတို့အား လက်မခံဘဲ ထားသွားခဲ့ပါက ခဲလေသမျှ သဲရေကျရတော့မည်။ မျှော်လင့်ခဲ့ရသမျှ ရေစုန်မျောတော့မည်။ ရွာနီးပတ်လည်မှာ အတော်ဆုံး အကျော်ဆုံး အညီဆုံး ဟူသော သူတို့အား နာမည်ကျော် ဘီလူးတပ် ဆိုသည့် ဤတပ်မှ ငြင်းလွှတ်လိုက်သည် ဟု မည်သို့ ပြန်ပြောရပါမည်နည်း။
ထို့ကြောင့် သူရိန်က အရဲစွန့်ကာ မြင်းဇက်ကြိုးကို ဆွဲမည်ပြင်သည်။ တပ်မှူးက တစ်ဖက်လှည့်နေသဖြင့် မသိလိုက်သော်လည်း မြင်းကြီးက အဆွဲမခံ။ ပတပ်ရပ်၍ ပေါက်မည် ပြင်သည်။ တပ်မှူး ရုတ်တရက် လန့်သွားသည်။
"ကျွတ်.. ကျွတ်.. ကျွတ်.. သားကြီး တိမ်ပျံ၊၊ ဘာဖြစ်တာလဲ... သြော်"
မြင်းလန့်သည်ထင်၍ ချော့မည်ပြုပြီးမှ သူရိန်ကို သတိပြုမိပြီး အဖြစ်မှန်ကို ရိပ်စားမိသွားသည်။
"မလောနဲ့ ညီနောင်တို့၊ မင်းရို့ကို မထားခဲ့ပါဘူး။ ဒါပေမယ့် တပ်သားအဖြစ် လက်ခံမှာတော့ မဟုတ်သေးဘူး။ အရည်အချင်း မပြည့်မချင်း နောက်လိုက်အဖြစ် အစမ်းသပ်ခံ ဖြည့်တင်းကြရလိမ့်မယ်။ ဘယ်လိုလဲ"
သူတို့ ၅ ယောက်စလုံး ကျေနပ် ဝမ်းမြောက်သွားကြ၏ ။
"ခွင့်လွှတ်တော်မူပါ ဘုရား.. အဲ တပ်မင်း။ ကျွန်တော်မျိုးတို့ အသက်ကို စွန့်၍ အမှုတော် ကုန်အောင် ထမ်းပါမည်"
"ဘာလို့ ငါ့တပ်မှာ အမှုထမ်းချင်တာလဲ"
"သူရဲကောင်း ဖြစ်ချင်လို့ပါ"
သူရိန်က ဖြေသည်။ သူ့နောက်မှ ငရွေးကလည်း
"အကောင်းဆုံးတပ်မှာ အမှုထမ်းချင်လို့ပါ"
ကျန် ၃ ဦးက ဖြေမည်ပြုစဉ် တပ်မှူးက လက်ကာ၍
"ကျော်ရှိန်၊ ဟေ့.. ကျော်ရှိန်"
တပ်သားများနောက်မှ လူတစ်ဦး ခပ်ရို့ရို့ ထွက်လာ၏ ။
"ရှိပါတယ် တပ်မှူး"
"အေး.. မင်းတို့ သူ ဘာလဲ သိကြလား"
သူရိန်တို့ဘက် ပြန်လှည့်မေးသည်။ မသိကြ။ သူ့တပ်သားများဘက် မေးငေါ့ပြသည်။ တပ်သားများက
"ခဝါသည်ပါ.. တပ်မှူး"
သံပြိုင် အော်လိုက်ကြပြီး ရယ်ကြသည်။ သူရိန်တို့ ဘာကို နားလည်ရမှန်း မသိ။ ခဝါသည် ကျော်ရှိန်သည် လူပုံနွဲ့နွဲ့ ပိန်ပါးပါး၊ ပဏ္ဍုပ် ဖြစ်ပုံရ၏ ။
"ငါ့ ခဝါသည်ကို နိုင်ရင် မင်းတို့ တပ်ထဲ ဝင်ခွင့်ရမယ်"
တပ်သားများ ရယ်ကြပြန်သည်။ သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ အချို့က ပြုံး၏ ။ သူရိန်ကတော့ မပြုံးမိ၊ ကျော်ရှိန်ကို ကြည့်လိုက်ပြန်သည်။ သူ့စိတ်ထဲ မယုံနိုင်သလို ဖြစ်နေ၏ ။
"နိုင်ရင် ဆိုလို့ လက်ပန်းသတ်ရမယ် မထင်နဲ့။ မင်းတို့မှာ ဓားတွေ ပါတယ်မဟုတ်လား"
"ပါပါတယ်.."
"ဟုတ်ပြီ၊ ကျော်ရှိန်နဲ့ ထားခဲ့မယ်။ ငါ့နောက် အရင်ဆုံး ရောက်လာတဲ့သူက ငါ့တပ်သားပဲ။ ကဲ.. ထွက်ကြမယ်ဟေ့"
တပ်မှူးနှင့် သူ့တပ်များ ထွက်သွားသည်နှင့် ပဏ္ဍုပ် ကျော်ရှိန်က တောအုပ်ထဲ လှစ်ခနဲ ဝင်သွားသည်။ သူ့လက်ထဲမှာလည်း အဝတ်ရိုက်သည့် တုတ်ပုတ် တစ်ချောင်းသာ ပါသွား၏ ။ သူရိန်တို့ ခေတ္တ ဆိုင်းတွေနေပြီးမှ ကျော်ရှိန် ဝင်သွားရာ ကဇာခင်တန်းဆီ လိုက်ဝင်ခဲ့ကြ၏ ။
ရှေ့ပြေး ကင်းထောက်တပ် ဖြစ်သော ဘီလူးတပ်က မည်သူ့အမိန့်မျှ စောင့်စရာ မလိုဘဲ ကင်းထောက် ထွက်လာခြင်း ဖြစ်သည်။ ခရီးအတန် ဝေးသောအခါ စခန်းချ ချက်ပြုတ်နေစဉ် သူတို့စခန်းသို့ လူတစ်ဦး ရောက်လာသည်။ သူသည် ရောက်ရောက်ချင်း ချောင်းကို အရင်ရှာနေသဖြင့် တပ်မှူးက ခေါ်မေးရသည်။
"ဟေ့ ကျော်ရှိန်၊ ကောင်လေးတွေကို ဘယ်လို ထားခဲ့လဲ"
တပ်သားများက ရယ်ကြ၏ ။ ကျော်ရှိန်က
"နာရုံ ကျင်ရုံ ရိုက်ပုတ်ပြီး စောင့်ခေါ်ခဲ့ပါတယ်။ မကြာခင် ရောက်လာကြမှာပါ"
"တစ်ယောက်တစ်ကွဲစီမှ လာကြရဲ့လား"
"ဟုတ်တယ် ဟုတ်တယ်၊ တစ်ယောက်ချင်း လာတာ"
သူပြောသည့်အတိုင်း သိပ်မကြာမီ တောထဲမှ တစ်ဦးပြီး တစ်ဦး ဒဏ်ရာများနှင့် ထွက်လာကြသည်။ သူရိန်ကိုမူ အခြားတစ်ဦးက တွဲလျက်။ သူရိန်၏ ဒူးခေါင်းကြီး ညိုမည်းနေသည်ကို ကြည့်ပြီး တပ်သားများက ရယ်ပွဲဖွဲ့ကြပြန်သည်။ သို့သော် သူတို့ရယ်သည်မှာ လှောင်သည် မဟုတ်ဘဲ ပျော်စရာဟုသာ သဘောထားကြပုံ ရသဖြင့် လူငယ် ၅ ဦးအဖို့ စိတ်ဆိုးစရာမဖြစ်။
"ငကျော်ရှိန် ဒီတစ်ခါတော့ ပုဆိုးကို မရိုက်မိဘဲ ဒူးခေါင်း မှားရိုက်မိတယ် ထင်ပ"
"ဟဲ့.. မှားရိုက်တာမဟုတ်ဘူး။ တမင်ရိုက်တာ.. သိပြီလား"
"ဝါးဟားဟားဟား"
တပ်မှူးက ထိုင်နေရာမှ သူတို့ကို ဆေးဝါး ထုတ်ပေးရင်း
"သူရဲကောင်း ဖြစ်ချင်လို့ စစ်ထဲဝင်ရင် လောဘကြောင့် အရေးမှားတတ်သကွဲ့"
"ဟုတ်ကဲ့ တပ်မင်း"
"တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်တပ်ကိုယ် ချနင်းသလိုလည်း ဖြစ်တတ်တယ်"
ကျန် ၄ ဦးက သူရိန်ကို ကြည့်လိုက်တာ တွေ့ရ၏ ။
"ဒါပေမယ့် လူတိုင်းကတော့ သူရဲကောင်း ဖြစ်ချင်စိတ်နဲ့ ဝင်ကြတာ ချည်းပါပဲ။ ဘယ်သူမှ ဒီအတိုင်း သေမသွားချင်ကြဘူးပေါ့လေ"
သူတို့သည် အသက်အရွယ်ချင်း မကွာသော်လည်း တည်ငြိမ်ရင့်ကျက်၍ နားလည်မှုရှိသော တပ်မှူးကို ကြည့်နေကြသည်။
"ငါဆိုလည်း ဒေါသကြောင့် အရေးမှားမလိုဖြစ်တာ မကြာမကြာပဲ။ ငါ့မှာ သူရို့ပေးတဲ့ အသက်ပဲ ရှိတော့တယ်"
သူ့တပ်သားများဘက်သို့ ဓားအိမ်ဖြင့် ညွှန်ပြသည်။ နားနေသော တပ်သားများက ပြုံးနေကြ၏ ။
"ပြီးတော့ ဘာတဲ့.. အကောင်းဆုံးတပ် တဲ့"
တပ်သားများက ရယ်လိုက်ကြသဖြင့် သူရိန်တို့ ငေးကြောင်နေစဉ် တပ်မှူးက
"ငလွန်း.. ဒါ ဘာတပ်လဲဟေ့"
"အပြစ်ပေး အခံရဆုံး ငါးခြောက်တပ်ပါ"
သူ့စကားကို သဘောကျစွာ တပ်မှူးပါ ရယ်နေသည်။
"အေး၊ ငါ့တပ်ထဲ ဝင်ရင်တော့ နားမပူဘူး၊ ကျောပူမယ် အသားမည်းမယ်၊ လှချင်ရင် မဝင်နဲ့။ ကျော်ရှိန်ပဲ လွတ်တယ်"
ရဲမက်များ ရယ်ကြပြန်သည်။ တဝါးဝါး တဟားဟားနှင့် စစ်ချီနေသော ဤ တပ်မှာ သူတို့ ကြားဖူးသော တိုက်တိုင်းအောင် ဘီလူးတပ်ဟု ယုံနိုင်စရာ မရှိ။ လိုက်ပို့သော စစ်သည်က အတည်ပေါက်နှင့် ဟာသတပ်သို့ အပ်ခဲ့ဟန် တူသည်။
ထို ယုံမှားသံသယကို လူငယ် ၅ ဦးထဲမှ သက်နှင်း က ထ မေးသည်။
"ကျုပ်တို့ ကြားဖူးတာတော့ စစ်ဦး ဘီလူးပါရင် နိုင်ပြီ လို့ ပြောစမှတ် ပြုရတယ် ဆိုပဲ။ ဘဝရှင် မင်းတရားကိုယ်တိုင် သည်တပ်ကို လွှတ်ရင် လှည့်ကြည့်စရာ မလို လို့ မိန့်တော်မူဖူးတယ်ဆို"
"အေးလကွာ၊ ခုပဲ ငချစ်ခိုင်ကို နိုင်လာတဲ့ မင်းတို့ ငကျော်ရှိန်ကို နိုင်ခဲ့လို့လား"
တပ်မှူးက ပြုံးရင်း မေးရာ သူတို့ အဖြေခက်သွားသည်။
"သူက ယောက်ျားလို တိုက်တာမှ မဟုတ်ဘဲ။ မိန်းမလို မိန်းမရ (ပြောပြီးမှ အားနာသွားဟန်ဖြင့် ကျော်ရှိန်ကို ကြည့်လိုက်သည်) ချောင်းတိုက်တာပဲ"
"ငါကလည်း ကျော်ရှိန် ယောက်ျားလို တိုက်လိမ့်မယ်လို့ မပြောခဲ့ပါဘူး"
ဝါးခနဲအသံ ကြားလိုက်ရပြန်သည်။ သူတို့မှာ ဤတပ်ရောက်မှ ရယ်စရာလုံးလုံး ဖြစ်နေရသဖြင့် ရှက်ပင် ရှက်လာသည်။ ရောလည်း ရယ်မိကြသည်။ ဘာပြောပြော ထိုတပ်မှာ ခင်စရာ ကောင်းလှလေသည်။ ဘီလူးတပ် မဟုတ်စေကာမူ ထိုတပ်သားများနှင့် အတူနေထိုင် တိုက်ခိုက်လိုစိတ်မျိုး ဖြစ်ပေါ်လာရ၏ ။
"ကျော်ရှိန်က မင်းတို့ကို ယုတ်ယုတ်မာမာ လုပ်သလား"
သူတို့ ခေါင်းခါကြသည်။ ရှက်လည်း ရှက်သွားသည်။
"ကလိန် ကကျစ် တိုက်ခိုက်ခဲ့သေးလား"
ခေါင်းခါကြပြန်သည်။ ဘာမှ ပြန်မပြောနိုင်ကြ။
"တိုက်တယ် ပြောလည်း ငါမယုံပါဘူး။ ငါ့လူငါ ယုံတယ်။ ဒါပေမယ့် စစ် ပဲ၊ ဘယ်လိုတိုက်တိုက်ပေါ့။ နိုင်အောင် တိုက်တတ်ဖို့ အဓိက"
သူ့စကားက ထူးဆန်းနေသည်။ ကြားနေကျ အဆုံးအမမျိုး မဟုတ်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ ရှေ့မှ တိုက်ရမည် ဟူသော ယောက်ျားပီသစေရန် သွန်သင်မှုမျိုး မဟုတ်။
"သူ့ကို ငါက စစ်ရေးတွေ တိုက်ခိုက်နည်းတွေ သင်ထားမယ် ထင်လား"
သူရိန်တို့ မဖြေနိုင်။
"မသင်ဘူး၊ သူ့ဘာသာ သူ့ဥာဏ်နဲ့ သူတတ်သလို မင်းတို့ကို ရင်ဆိုင်ခဲ့တာပဲ။ ငါက ဘယ်လိုတိုက် လို့ ပြောခဲ့တာ မရှိဘူး"
သူရိန်တို့ မျက်နှာ မဖော်နိုင်တော့။ တပ်သားများလည်း မရယ်ကြတော့။ ကျော်ရှိန်တစ်ယောက်သာ သူ့ကို ပြောနေသဖြင့် ရှက်သလိုလို မနေတတ် ဖြစ်နေသည်။
"စစ်မှာ အဓိက က လက်ရုံးရည် မဟုတ်ဘူး။ တိုက်ရည်ခိုက်ရည်ပဲ။ မင်းတို့ နားမရှင်းဘူး ထင်တယ်။ နောက်တော့ သဘောပေါက်လာပါလိမ့်မယ်။ မင်းတို့ လက်ရေး အလောင်းမင်းတရားကြီးထက် သာချင် သာမယ်။ အလောင်းမင်းတရားကြီးလို အမြော်အမြင်နဲ့ ကြံရည်ဖန်ရည်၊ အုပ်ချုပ် ဦးဆောင်နိုင်စွမ်း မရှိရင်တော့ သူ့နောက်လိုက် သူ့လက်အောက်ငယ်သား ဖြစ်ရမှာပဲ။ နားလည်ရဲ့လား"
သူတို့ ခေါင်းညိတ်လိုက်ကြသည်။
"အေး... အဲဒါကို ဘုန်း လို့ ခေါ်တယ်"
သူရိန်.. တပ်မှူးမျက်နှာကို မော့ကြည့်သည်။ တပ်မှူးကပင်
"လက်ရုံးက မီးတောက်တယ် ဆိုတာ ကြားဖူးရဲ့ မဟုတ်လား"
"ကြားဖူးပါတယ် တပ်မင်း"
"အဲဒါ ဟိုးတုန်းက၊ အခုလို ဘုန်း လက်ရုံးနဲ့ ပြည့်စုံနေတာကတော့ လက်ရုံးက မီးတောက်ခဲ့လို့ မဟုတ်ဘူး။ နှလုံးက မီးတောက်နေလို့၊ လက်ရုံး မီးတောက်ရုံနဲ့ အလိုလို မင်းဖြစ်လာတာ မဟုတ်ဘူး။ အရည်အချင်း ရှိလို့ ဒီအထိ ထူထောင်လာနိုင်တာပဲ"
သူ့စကားတွေကို သဘောပေါက်လာကြသည်။ အရွယ်ငယ်သော်လည်း တပ်မှူးတစ်ယောက် ပီသလှသူ။ သူတို့ အသိဥာဏ်နှင့်သော် ဘာမှ မဆိုင်။ လက်ရုံးချင်း ယှဉ်လျင်တော့ ဘယ်လိုနေမည် မသိ။ နှလုံးချင်းကား မယှဉ်သာအောင် ကွာခြားလှသည်။ သူ့လက်အောက်တွင် အမှုထမ်းရလျင် အလွန်ကျေနပ်ရပေလိမ့်မည်။
"ကဲ.. ထမင်းကျက်ရင် စားကြမယ်၊ သူတို့အတွက်ပါ ခွဲကျွေးလိုက်။ မင်းတို့ ဖက် ငါးချပ် ခူးချေ"
တပ်သားများ အသီးသီး ထ သွားကြသည်။ ထမင်းစားပြီးကြသော် ဆက်လက် ထွက်ချီကြရာ တပ်မှူးက သူတို့ ၅ ယောက်အား အမျိုးမျိုး စမ်းသပ်သွားသည်။ သို့သော် သူတို့ ပြလိုက်ချင်သည်က လက်ရုံးရည်၊ တပ်မှူး လိုချင်သည်က ပူးပေါင်း ဆောင်ရွက်မှုတွေ၊ နည်းဗျူဟာတွေ၊ ကျွမ်းကျင်မှုတွေ၊ ဖြတ်ထိုးဥာဏ်တွေ၊ သည်လို ဖြစ်နေသည်။ အစွမ်းပြခွင့် သိပ်မရသဖြင့် အားမရ ဖြစ်ရသည်။ သူတို့တပ်ကိုလည်း ယခုထိ နားမလည်နိုင်သေး။
သို့နှင့် သူရိန်တို့ တောင်းဆိုမှုကြောင့် လက်ရုံးချင်း ယှဉ်ရန် တပ်မှူးက ခွင့်ပြုလိုက်သည်။ ကွင်းပြင်၌ တစ်ယောက်ချင်း ရင်ဆိုင်ရလျင် သူရိန်တို့ ၅ ဦးသည် ဘီလူးတပ်သားများကို ကောင်းကောင်း ရင်ဆိုင်နိုင်ကြ၏ ။ လက်ရည်တူ သို့မဟုတ် သူတို့ကပင် သာချင်သေးသည်။ သို့သော် အဖွဲ့လိုက် ၅ယောက်ချင်း ဖြစ်စေ ၁၀ ယောက်ချင်း ဖြစ်စေ ရင်ဆိုင်ခိုင်းလျင်မူ သူတို့ ၅ဦး ပါသော ဘက်သည် မည်သူနှင့် လှည့်တွဲတွဲ အမြဲရှုံးနေ၏ ။ အခြားတစ်ဖက်ကို ထိခိုက်အောင်မျှပင် မလုပ်နိုင်။
ကျော်ရှိန်ကတော့ 'ဘီလူးတပ် ဆိုတာ အဲဒါပဲ' ဟု ဆို၏ ။ သူတို့ တပ်သားများ အချင်းချင်း ပေါင်းစည်းမိလျင် သူတို့အစုအဖွဲ့ကို ထိခိုက်အောင် လုပ်နိုင်ဖို့ အလွန် ခက်ပေလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် လုံအောင် ထားရသလို တစ်ဦးကို တစ်ဦးလည်း ကာကြသည်။ တတ်နိုင်သမျှ လူမထိခိုက်စေရန် ခံစစ်ကို ဦးစားပေးလွန်းနေသဖြင့် တိုက်စစ် အားနည်းသွားမည်ဟု သူတို့ ၅ ဦး ထင်မြင်နေမှုကို ရှေ့ပြေးတိုက်ပွဲငယ်လေး တစ်ခု၌ တပ်မှူးက ဖြေရှင်းပြလိုက်သည်။
တပ်မှူးသည် သူကိုယ်တိုင်က တိုက်စစ်မြားဦး၊ သူကပဲ တိုက်စစ်လမ်းကြောင်း၊ သူပင် စစ်ဦးဘီလူး ဖြစ်သည်။ သူ့တပ်သားများကြား၌ အလွန်သိမ်မွေ့နူးညံ့ပုံရသော တပ်မှူးသည် ရန်သူကြားတွင်မူ အမျက်ခြောင်းခြောင်းထနေသော နတ်ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူဦးဆောင်ရာနောက်သို့ သူ့တပ်များက မကွဲမပြား အစည်းမပျက် တညီတည်း ကြွေးကြော်၍ လိုက်ကြသည်မှာ ပျော်စရာကြီး ဖြစ်သလို အားရစရာကြီးလည်း ဖြစ်နေသည်။
ရန်သူတပ်များသည် အဘယ်အငြိုးကြောင့် ဤမျှ တရကြမ်း ဝင်တိုက်ထိုးခုတ်နေမှန်း မသိရဘဲ ဒီရေလှိုင်းများလို အဟုန်ပြင်းစွာ ရောက်ရှိလာပြီး အရှိန်နှင့် ထိုးဖောက်မွှေနှောက်သွားသော လူတစ်စုကို အံ့အားသင့်စွာ ခုခံရသဖြင့် အဆင်သင့်မဖြစ်၊ စည်းကြပ်၍ မရ၊ မထိန်းချုပ် မသိမ်းအုပ်နိုင်ဘဲ ပျက်ကြရသည် များ၏ ။ သူရိန်တို့ပင်လျင် ဘီလူးတပ်များသည် ယခုရန်သူတို့နှင့် အငြိုးကြီးစွာ ရှိခဲ့သလား၊ ဤရန်သူများကို တိုက်ခိုက်ရန်ပင် တမင် ချီလာခဲ့လေသလား ထင်မိ၏ ။
သို့သော် မဟုတ်။ သူတို့သည် ရန်သူကို မြင်သည်နှင့် တစ်တပ်လုံး ဘီလူးစီးသွားသူများ ဖြစ်သည်။ မြင်မြင်ချင်း တိုင်ပင်ထားသလို သူ့ထက်ငါ အလုအယက် ပြေးတက်ကြသည်။ တိုက်ခိုက်ကြပုံများမှာ ကလဲ့စားချေနေကြသည်ဟုပင် ထင်ရသည်။ သွေးသောက်တော့မည်ကဲ့သို့ ပြုတတ်ကြသည်။ ရန်သူ့တပ်ကို ငှက်ပျောတော ရှင်းသလိုသာ သဘောထားကြ၏ ။ ထိပ်ဆုံးမှ တပ်မှူးမှာကား လူမဟုတ်တော့ ဟုပင် ထင်ရလောက်အောင် ကြမ်းကြုတ်နေလေပြီ။
အချို့ရန်သူတပ်များကိုမူကား တပ်သားများက တိုက်ချင်လျက်နှင့် တပ်မှူးက မတိုက်သောကြောင့် ငြိမ်သက်စွာ ရှောင်သွားတတ်ကြပြန်သည်။ ဘီလူးတပ်သား ဖြစ်ရန် မဆိုထားနှင့်၊ သူတို့သဘောကို နားလည်ရန်ပင် ခက်ခဲလှပါဘိတောင်း။ 'ငါ့သဘောနှင့် တစ်ထပ်တည်း ကျမှ ငါ့တပ်သား ဖြစ်မည်' ဆိုသည်မှာ အမှန်ဖြစ်သလို 'စစ်ဦး ဘီလူးပါလျင် နိုင်ပြီ' ဟူသော ဆိုရိုးကိုလည်း လက်တွေ့ မြင်နေကြရပြီ။
"သူ့သဘောကို ဘယ်လို သိသလဲ" ဟု ဘီလူးတပ်သား တစ်ဦးကို မေးကြည့်သည်။ သူတို့သည် ဘီလူးအဖွဲ့ဝင်ဖြစ်ရန် ထိုအချက်ကို အလျင်အမြန် သိလိုလှပေပြီ။ မေးခံရသည့် တပ်သားက ဓားသွေးနေရာမှ ခပ်အေးအေးပင် ပြန်ဖြေသည်။
"မသိပါဘူး။ သူ့ဘာသာ လုပ်ချင်ရာ လုပ်တာပဲ။ ငါတို့ကလည်း သူဘာလုပ်လုပ် သဘောတူပြီးသားပဲ"
သူရိန်တို့ နားလည်သွားကြသည်။ မကြာမီ တပ်သားသစ်များနှင့် လူဟောင်းများ စကားစမြည် ပြောနေခိုက် တပ်မှူးရောက်လာပြီး..
"အားနေရင် ငရဲ သွားလည်ကြမလားဟေ့"
ဟု မေးလိုက်ရာ ဘီလူးတပ်သားများက ဟေးခနဲ အော်ဟစ် ထရပ်လိုက်ကြ၏ ။
No comments:
Post a Comment